ရက်ကွက်ထဲမှာတော့ဗျာ - ၁၁


Thunder Over Louisville ၊ Derby ပွဲတွေနဲ့အတူ ကန်တက်ဂီပြည်နယ် လူးဝစ်ဗီလ်မြို့ကလည်း နာမည်ကြီးပါတယ်။ ဧပြီ ၂၁ စနေနေ့မှာတော့ နာမည်ကြီး Thunder ကို ချီတက်ကြပါတယ်။ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ခေါ်ခွင့်ရှိတာကြောင့် အိမ်ရှင်မိသားစုလည်း လိုက်ပါကြပါတယ်။ ဘယ်လောက်များ အားပေးကြသလဲဆိုရင် ၁၃ယောက်ဖိတ်တဲ့လူတောင် ရှိသဗျား။ ယဉ်ကြောပိတ်ဆို့မူ၊ ကားပါကင်နေရာ အခက်အခဲတွေ အဆင်ပြေအောင် ကုမ္ပဏီရုံးဟောင်းကနေ ပွဲကျင်းပရာ မြို့လယ် အိုဟိုင်းရိုးမြစ်ကမ်းဘေးနားအထိ Shuttle တွေ ပြေးဆွဲပေးပါတယ်။ ရာသီဥတုကလည်း တိမ်တွေဖုံးကာ နေရောင်မမြင်။ ဒါနွေဦးလားလို့ မေးယူရအာင် ချမ်းစိမ့်နေပါတယ်။


ရာသီဥတု အေးအေးမှာ ကွေးနေကြလို့ လူစည်ပါ့မလားလို့ ထင်နေတာ မြို့ထဲရောက်တာနဲ့ တက်တက်စင်အောင် လွဲပါတော့တယ်။ တမြို့လုံးကလူတွေ ဒီပွဲကို ရောက်နေကြတယ်နဲ့ တူပါရဲ့။ ကုမ္ပဏီကွင်းထဲ ဝင်တာနဲ့ လက်ပတ်လေးတွေ ဝတ်ရပါပြီ။ တဲထိုးပြီး ကျွေးမွေးနေတာ သွားတန်းစီတော့ အမေရိကန်တွေ အသည်းစွဲ ဟော့ဒေါ့၊ ဟမ်ဘာဂါ။ ဂေါ်ဖီကို ခေါက်ဆွဲခြောက်ထုပ် ခြေထည့်ကာ Marionese နဲ့ သုတ်ထားတဲ့ Salad ကိုတော့ အကြိုက်တွေ့ခဲ့တယ်။ ဝိုင်၊ ဘီယာ၊ အအေးက ကြိုက်သလောက်သောက်။ ကလေးတွေအတွက်ကလည်း ခုန်ပေါက်ဆော့တဲ့ လေအိတ်အိမ်ကြီးတွေ ရှိတော့ ကြွက်ကြွက်ညံနေကြတာပေါ့။



လူကြီးတွေက စားလိုက်၊ သောက်လိုက်၊ စကားတွေပြောလိုက် လေယာဉ်ပျံတွေ လာရင် ကောင်းကင်ကြီးကို မော့လိုက်နဲ့။ ကလေးတွေအတွက်ကလည်း ပူဖောင်းတွေမှုတ်တဲ့ ဆပ်ပြာရည်ဗူးတွေ၊ အရောင်တောက်တောက် ဆွဲကြိုးလေးတွေ ပေးတော့ ပျော်သဗျား။ ဗိုက်တင်းနေတာလေးကို လျှော့သွားအောင် မြစ်ကမ်းဖက်ကို ခြေဆန့်ပါတယ်။ တချို့ကလည်း လမ်းသလားလို့၊ တချို့ကလည်း ခုံကလေးတွေမှာ ငြိမ်ငြိမ်လေးထိုင်ရင်း ကောင်းကင်ကြီးကို မော့လို့၊ တချို့ကလည်း အခင်းပေါ်မှာ လဲလျောင်းရင်း ရှုစားလို့၊ တချို့ကလည်း အိပ်လို့ လေယာဉ်ပျံတွေလာရင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ကြနဲ့ ကမ်းလုံးညွတ် စည်ကားပါတယ်။


ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တွေကို တိုက်ခဲ့တဲ့ လေယာဉ်တွေကနေ ခေတ်မှီ လွန်းပျံယာဉ်ကြီးတွေအထိ ကျွမ်းထိုးပြလိုက်၊ ဝိုက်ပြလိုက်၊ နိမ့်နိမ့်လေးပျံပြလိုက်၊ အမြင့်ကြီးပျံပြလိုက်နဲ့ ပုံသဏ္ဌန်မျိုးစုံ ပျံပါတယ်။


မုန့်ဆိုင်တွေ၊ အရုပ်ဆိုင်တွေနဲ့ မြန်မာပြည်က ပွဲဈေးလိုပါပဲ။ သကြင်္န်စတိုင် ဆေးရောင်စုံ ဆံပင်တုတွေ စွပ်ထားတာ တွေ့ပါတယ်။ ညရောက်ရင် အဲဒီအမောက်လေးက မီးရောင်စုံပြေးလို့ ကလေးတွေ အကြိုက်ပေါ့။


ရှေးခေတ်စတိုင် ဦးထုပ်လှလှကြီးတွေ ဆောင်းထားတဲ့ အန်တီကြီးတွေကို တွေ့တော့ အဲဒါ သူတို့တွေ Derby ပွဲ သွားခဲ့တယ်ဆိုတာ အဲဒီဦးထုပ်တွေ မြင်တာနဲ့ သိတယ်လို့ ဆိုပါတယ်။ မြင်းပွဲကို သွားဖို့က ကမ္ဘာ့ဖလားပွဲလို ဈေးကြီးပါတယ်တဲ့။


UK(University of Kentucky) ဘတ်စကတ်ဘောအသင်းက အတော်နာမည်ကြီးတာ တွေ့လိုက်ရတယ်။ ဗိုလ်စွဲတဲ့အသင်းမို့လို့ ဂုဏ်ယူစွာနဲ့ တော်တော်များများ အသင်းအင်္ကျီဝတ်ထားကြတယ်။ လူငယ်တွေက ရုံးကအန်ကယ်ကြီး UK အသင်းဂျာစီ ဝတ်ထားတာမြင်လို့စီ..အေ..တီ..အက်စ်..ကတ်စ်..ကတ်စ်..လို့ လက်ညှိုးလေးထောင်ကာ အကျယ်ကြီးအော်ကာ နှုတ်ဆက်ရင် ဝင်းထဲက ကလေး၊လူကြီး UK ပရိသတ်တွေလည်း ပြန်နှုတ်ဆက်ကြပါတယ်။ အပြာရောင် WILDCATS ကို  အတိုကောက် CATS လို့ ခေါ်ပြီး  အနီရောင် CARDINALS ကိုတော့ CARDS လို့ ခေါ်ဆိုကြပါတယ်။ CARDS တွေရဲ့ အမှတ်အသားဖြစ်တဲ့ အနီရောင်သိမ်းငှက်ရုပ်ကို ကားနောက်ဖက် နံပါတ်ပြားမှာ အလှဆင်ထားတာတွေ့သလို၊ ကားမှန်၊ အိမ်ရှေ့တွေမှာလည်း အလံတွေ၊ ဘုတ်တွေနဲ့ ဆင်ထားတတ်ပါသေးတယ်။


အာရှသားက နည်းရတဲ့အထဲ အလုပ်ဝင်တာလည်း မကြာသေးတော့ ကိုယ်သိတဲ့လူကလည်း နည်းနည်းလေး။ ငုတ်တုတ်မေ့လိုက်၊ လေယာဉ်ပျံတွေလာရင် မော့လိုက်၊ Katie အတွက် ပူဖောင်းမှုတ်ပေးလိုက်၊ Lucas အတွက် ဘောလုံးသိမ်းပေးလိုက်။ ကလေးတွေကို ဝေတဲ့ အလင်းဖြာနေတဲ့ ကွင်းကို  ခေါင်းမှာ စွပ်၊ ဖန်နယ်ကိတ်၊ ပြောင်းဖူးပေါက်ပေါက်တွေ ကျွေးရင်စားလိုက် အချိန်ဖြုန်းနေရာကနေ ည ၉နာရီခွဲခါနီးတော့ ရဟတ်ယာဉ်က အမေရိကန်အလံလေး သယ်လာတာကို အောက်ကနေ ဆလိုက်နဲ့ထိုးပါတယ်။ အားကစားပွဲတွေမှာ အလံတင် နိုင်ငံတော်သီချင်းဆိုပြီး ဖွင့်လှစ်သလို ခုလည်း နိုင်ငံတော်အလံကို ရဟတ်ယာဉ်က သယ်ဆောင်ပြီး Fireworks ကို ဖွင့်လှစ်ပါတယ်။


ပြီးတော့ လေယာဉ်ပျံတစီးက ပျံဝဲပြီး မီးရှုးမီးပန်းတွေ ဖောက်ပါတယ်။ ၉ နာရီခွဲက ၁၀အထိ မရပ်မနား ရင်သပ်ရှုမောလှပတဲ့  ခမ်းနားကြီးကျယ်တဲ့ မီးရှုးမီးပန်းတွေ တွေ့ခဲ့ရပါတယ်။ စင်္ကာပူအမျိုးသားနေ့၊ နှစ်သစ်ကူးနေ့တွေမှာ ဖောက်တဲ့ မီးရှုးမီးပန်းတွေထက် အပုံကြီး သာပါတယ်။ ကန်တက်ကီမှတော့ ဇူလှိုင်၄ရက် လွတ်လပ်ရေးနေ့၊ နှစ်သစ်ကူးညတွေမှာဖောက်တဲ့ မီးရှုးမီးပန်းထက် ဒီမီးရှုးမီးပန်းက အလှဆုံးပါတဲ့။ ကန်တက်ကီပြည်နယ်နဲ့ အင်ဒီယားနားပြည်နယ်ကို ခြားနားပေးထားတဲ့ အိုင်ဟိုင်းရိုးမြစ်ကမ်းဘေးက မီးရှုးမီးပန်းကို အနီးအနားတဝိုက်မြို့တွေကပါ လာအားပေးတာမို့ ရာသီဥတုအေးတဲ့ကြားက တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။


စန်းထွန်းတယောက် ဘယ်လောက်များမော့ခဲ့သလဲဆိုရင်  နောက်နေ့ ဇက်ကို ဆေးလိမ်းယူရတဲ့အဖြစ်။ ကြုံကြိုက်လို့ ဧပြီလမှာများ ကန်တက်ကီပြည်နယ်ကိုရောက်ခဲ့ရင် Thunder နဲ့ Derby ပွဲကို ဝင်မော့ အဲလေ ဝင်နွှဲကြပါလို့ လက်တို့လိုက်ပါရစေ။

ဈေးဝယ်ခြင်း အနုပညာ
Good Friday မှာ မိုင်းတို့ဆီ သွားလည်တော့ လျှော့ပင်းကြပါတယ်။ Brand တဲ့  မကြီးရဲ့ ညီမပီပီ သိတဲ့ Brand ကို ဝင်လျှော့ပင်းကြတာ ဆူနမ်က ညည်းတို့နှစ်ကောင် လျှော့ပင်းလို့ ပြီးကို မပြီးနိုင်တော့ဘူး။ နောက်နေ့ လျှော့ပင်းရင် မလိုက်တော့ပါဘူးတဲ့။ BANANA REPUBLIC မှာ လျှော့ဈေးရှိလို့ ဝင်မွှေကြတာ ရှပ်အင်္ကျီလေးတွေ ကြိုက်တာတွေ့လို ဝယ်တော့ ၂၀% Discount Card လုပ်ရင် ခုဝယ်တဲ့ အင်္ကျီအတွက် ၂၀% Discount ရမယ်ဆိုတော့ ဝမ်းသာအားရ ဒစ်စကောက်ကြပါတယ်။ လိပ်စာ၊ ဖုန်းနံပါတ်၊ SSN( Social Security Number) ၊ တနှစ်ဝင်ငွေ ဖြည့်ရပါတယ်။ မိုင်းကျတော့ Approve ဖြစ်ပြီး စန်းထွန်းကျတော့ Reject ။ မကျေပွဲ ၂ခါနွှဲတော့လည်း Reject ။ မိုင်းရဲ့ ကဒ်နဲ့ ဒီကောင့်လိုက်ရပါတယ်။ ဘာလို့ Reject လဲဆိုတော့ Credit Score မရှိလို့ပါတဲ့။


ဒီနိုင်ငံရဲ့ စနစ်က စလုံးနဲ့ မတူရေးချ မတူ။ ခရက်ဒစ်ကဒ်နဲ့ သုံးပြီး ပြန်ဆပ်မှ Credit Scores တက်ပါတယ်။ အိမ်၊ ကားဝယ်ရင် ကိုယ့်လက်ထဲမှာရှိတဲ့ငွေထက် ပိုဝယ်ချင်ရင် ပုံမှန်အလုပ်အကိုင်ရှိရင် လစဉ်ပေးနဲ့ ဝယ်လို့ရပါတယ်။ Financing လုပ်တယ်လို့ ခေါ်ပါတယ်။ Credit Scores မရှိရင် မယုံကြည်လို့ဝယ်ဈေးရဲ့ ၂၆% ပိုဆောင်းပေးရပါတယ်။ ကျောင်းမှာတုန်းက တရုတ်တွေ အိုင်ဖုန်းကြတာ Credit Scores မရှိလို့ ဆိုင်ကို ၃၀၀ Deposit ပေးပြီး ဝယ်ရပါတယ်။ ကမ္ဘောဒီယားလေး Chantrea ကတော့ Capital One က ခရက်ဒစ်ကဒ်လျှောက်ပြီး အိုင်ဖုန်းဝယ်တယ်။ ဝယ်ပြီးတာနဲ့ ခရက်ဒစ်ကဒ်ကို Cancel တယ်။ အမြတ်ကတော့ ၃၀၀ Deposit တင်စရာမလိုဘဲ အိုင်ဖုန်းရပြီး အဆိုးကတော့ ပြန်ရငွေ ၆၀ ကို Capital One Bank ကနေ ၃လကြာမှ ရတယ်ဆိုပဲ။ Capital One Bank က အဲလို ဝန်ဆောင်မှုကောင်းတယ်။ စင်္ကာပူမှာတော့ လူငယ်တွေ အကြွေးကဒ်နဲ့ ဝယ်ချင်ရာဝယ်ပြီး ပြန်မဆပ်နိုင်လို့ ခရက်ဒစ်ကဒ်တွေကို PR မှ၊ လစာ သုံးထောင်ကျာ်ရမှ ထုတ်ပေးရမယ်လို့ တင်းကျပ်နေချိန် စတိတ်မှာတော့ Credit Scores ကောင်းအောင် ကြိုးစားနေရသဗျား။


နောက်နေ့မှာ ဆူနမ်က မလိုက်တော့ပါဘူး။ NORDSTORMS မှာ ဝယ်ရင် Sales Tax ပေးစရာမလိုဘူးလို့ ဆူနမ်က သတင်းပေးလို့ ချီတက်ကြပြန်တယ်။ ကိုယ်တို့အကြိုက်ဆုံးနေရာဖြစ်တဲ့ အနီရောင်လေးတွေ တဒ်ထားတဲ့ SALES ဆိုတဲ့နေရာလေးကိုပဲ အရင်သွားပါတယ်။ ဈေးနှုန်းကြည့်လိုက်တော့ ထောင်ကျော်။ မျက်စိရှမ်းတာနေမှာပါလေဆိုပြီး နောက်တကြိမ် ထပ်ကြည့်တယ်။ ဟုတ်ပါပြီ သေချာသွားပြီ။ မိုင်းကို ကြည့်လိုက်တော့လည်း သူလည်း ဇဝေဇဝါနဲ့သေချာရဲ့လား မျက်နှာပေးနဲ့။ ဖိနပ်တရန် ကောက်ကိုင်လိုက်တယ်။ ငါးရာကျာ်။ ဈေးက အနည်းဆုံး သုံးရာအထက်တွေချည်းပဲ။ အသာလေး ခပ်ယို့ယို့လေး လျှိုကာ ပြန်လစ်လာကြတယ်။ ဆူနမ်တကောင် NORDSTORMS ကနေ ဘာများ ဝယ်တာပါလိမ့်လို့ သိချင်သွားကြတယ်။ မေးကြည့်တော့ သူလည်း သိဘူးတဲ့ Asmita ၊ Rama တို့က လှတယ်လို့ ပြောလို့တဲ့။ Sales Tax ဘယ်ပေးရလိမ့်မတုန်း။ ဒီလောက် ဈေးကြီးတဲ့ဟာ။ နောက်ဆို ဒီလို ပေါပေါပဲပဲဆိုင်တွေ လာမပြောနဲ့။ တို့နဲ့ တန်ဘူးလို့ မိုင်းနဲ့ စန်းထွန်း နှစ်ကောင်သား တလေသံတည်းထွက်တယ်။


စလုံးမတွေ ကြိတ်ကြိတ်တိုးနေရင် ဝင်သာတိုးလို့ မကြီး မှာကြားထားတဲ့အတိုင်း ဘိုမတွေ ကြိတ်ကြိတ်တိုးနေလို့ ဝင်တိုးကြပါတယ်။ The Limited 40% ကပ်တင်းကောင်းမွန်တဲ့အပြင် အသားလည်း ကောင်းတာမို့ဇီးရိုးဆိုဒ်ရှာကာ ဘောင်းဘီငါးထည်ဆွဲပြီး Fitting Room ထဲ မိုင်းဝင်သွားတယ်။ ပြန်ထွက်လာတော့ ခေါင်းလေးတခါခါနဲ့။ ဇီးရိုးဆိုဒ်ကို မတော်တဲ့အပြင် ရှည်နေလို့တဲ့။ ဘောင်းဘီဖြတ်ပေးတဲ့ ဆိုင်တွေလည်း မရှိ၊ ဇီးရိုးဆိုဒ်ထက် သေးတဲ့ဆိုဒ်လည်း မရှိလို့ စတိတ်ကို လာလည်တဲ့အခါ ဘောင်းဘီတွေ လျှော့ပင်းလိုက်မယ်လို့ မကြံစည်လိုက်ပါနဲ့နော်။

လဲလှယ်ခြင်းအနုပညာ
ဘောက်ချာသိမ်းထားရင်၊ တံဆိပ်မဖြုတ်ရသေးရင် ပြန်လဲလို့ရတဲ့ စတိတ်မှာ ပစ္စည်းလဲပေးတဲ့ဌာနကလည်း အလုပ်အတော်များလှပါတယ်။ ထမင်းဘူးထည့်ဖို့ ဖန်ဘူးလေးတွေ Wall-mart က ဝယ်တယ်။ မကြိုက်တော့ ဘောက်ချာသိမ်းထားတယ်၊ တံဆိပ်မဖြုတ်ဘူး၊ နောက်တကြိမ် Wall-mart သွားတော့ ပြန်လဲတယ်။ နေရာကျယ်တဲ့ စတိတ်မှာ နေရာတိုင်းလည်း ဆိုင်တွေမရှိတော့ အွန်လိုင်းက ဝယ်တယ်။ ဓာတ်ပုံမှာတွေ့တာက လှတပတ တကယ့်အပြင်မှာက မလှမပဆိုတော့ ပစ္စည်းကို တပါတည်းပါလာတဲ့ Return Package ထဲထည့်  Return Form ကပ်ပြီး ပြန်ပို့တယ်။ တချို့များဆိုရင် ပွဲတွေ သွားစရာရှိလို့၊ သုံးစရာရှိလို့ ဝယ်တယ်။ ပြီးရင် ပြန်လဲတယ်။ ဝယ်တယ်၊ လဲတယ်၊ ဝယ်တယ်နဲ့ အလုပ်ကို ရှုပ်နေတော့တာပဲ။

ကားဝယ်ခြင်းအနုပညာ
နာမည်ကြီး Dealer ဆီသွားတော့ အနည်းဆုံး ရှစ်ထောင်ကျာ်တာပဲ ရှိတယ်ဆိုတော့ အသာလေး ပြန်လစ်လာတယ်။ ရှစ်ရာတန်ကားဆိုတာ Only at school ထင်ပါရဲ့။ အဲဒီကားလေးကလည်း ဖွတ်ချက် ဖွတ်ချက်သာဆိုတယ် ဆူနမ်တို့လက်ထဲမှာရော၊ စန်းထွန်းလက်ထဲမှာရော ဘာပြသနာမှ မပေးခဲ့။ မရောင်းဘဲ သယ်လာခဲ့ရင် အကောင်းသားလို့တောင် တွေးမိတယ်။ ဒါပေမယ့်လည်း ပြည်နယ်ကျော်လောက်အောင် သက်ဆိုးရှည်ပါ့မလားမသိ။ မိုင်းကတော့ Toyota 2012 ထုတ်တဲ့  နောက်ဆုံးပေါ်ကား နှစ်သောင်းတန်ကား ဝယ်ထားပါတယ်။ သုံးထောင် လက်ငင်းပေးရပြီး Financing လုပ်ပါတယ်။  မိုင်းလို စတိတ်မှာ အခြေချမယ့်သူတွေကတော့ ကိုက်ပါတယ်။ ကိုယ်တွေလို ဘာမှန်းမသိတဲ့ လူတွေကတော့ သုံးထောင်ကနေ ငါးထောင်ကြားပဲ ဘက်ဂျက် ထားကြပါတယ်။
မိုင်းရဲ  ့ Toyota

Yanzi ဝယ်ထားတဲ့ PT Cruiser တွေ့လို့ မေးကြည့်တော့ ကိုးထောင်တဲ့ ။ လား..လား။  နောက် Dealer ဆီသွားတော့  သုံးထောင်အောက်ကားလေးတွေ တွေ့ပါတယ်။ ဈေးသက်သာပေမယ့် အင်ဂျင်ကောင်းမကောင်းကတော့ ကံနဲ့ဆိုင်သဗျား။ ပျက်လို့ ပြင်ရင် ပြင်ခက ပိုဈေးကြီးပြန်တယ်။ သြဇီက ဘလော့ဂါတွေ စွဲတဲ့ မီနီကူးပါးလေးကိုတွေ့ကို တွေ့လို့ WOW မီနီကူးပါးလို့ အော်တော့ အိမ်ရှင် အမေရိကန်မက စန်းစန်း နင် ခရေစီတဲ့။  ဟိုမှာ RAM ကားကို ကြည့်စမ်း ကိုယ်ကပဲ ဝင်အောင်းအောင်း၊ သူကပဲ ဝင်အောင်းအောင်း ကိုယ်နာမှာတော့ အသေအချာပဲ။

Yanzi ရဲ့ PT Cruier


RAM

MINI COOPER
အဖေနဲ့ ဖုန်းပြောတော့ ဖေ့ကို ကားတစီးလောက် ဝယ်ပေးချင်လိုက်တာ။ အဲ မြန်မာပြည်မှာတော့ ဟုတ်ဘူး စတိတ်မှာဆိုလို့ ရယ်လိုက်တာ။ စတိတ်မှာ လေးထောင်ဆို ကားလတ်လတ်တစီး  ရတယ်။ မြန်မာပြည်မှာက တသောင်းတောင် ကားဖွတ်ချက် ဖွတ်ချက်ပဲ ရမယ်။

ကျောင်းမှာတုန်းက စီနီယာ ပါကစ္စတန်လေး ရှားလ်ဆိုရင် အရပ်ကလည်း ခြောက်ပေကျော်၊ ရုပ်ကလည်း ချော၊ အစ်ကိုဖြစ်သူက ခပ်မိုက်မိုက်ကားလေး တစီးလာပို့ထားတော့ ကားဖွတ်ချက် ဖွတ်ချက်လေးကိုမှ စုပေါင်းစပ်ပေါင်း ပိုင်ဆိုင်ကြတဲ့ ကျောင်းသားကျောင်းသူတွေကြား ပေါ်ပြူလာဖြစ်ပေသကိုး။ ခုလည်း မကြီး စတိတ်မှာ ကျောင်းလာတက်ရင် ကားတစီး ဝယ်ပေးမယ်။ အဲ ခပ်မိုက်မိုက်လေးတော့ မဟုတ်ဘူး ခင်ည။ ဖွတ်ချက်ဖွတ်ချက်လေးတော့ ဖြစ်လိမ့်မယ် ထင်တယ်။

ကားတစီးလေးတောင်မှ လက်ဝယ်မပိုင်ဆိုင်သေးတဲ့ စန်းထွန်းတယောက် ပိုက်ဆံမကုန် လေသံလေးနဲ့ ကားတစီးစီ ဝယ်ပေးနေပါတယ်။ မြန်မာပြည်မှာတော့ ခြေတလှမ်း ကုဋေတသန်းတန်အောင် လျှောက်ရတယ်။ စင်္ကာပူမှာတော့ ခြေတလှမ်း ကုဋေတသန်း မတန်နိုင်တော့ဘူး ။ လမ်းလျှောက်ပြိုင်ပွဲ ဝင်နေဘိသလား ထင်ရအောင်၊ တမိနစ်ဆိုတဲ့ ရထားကို မှီအောင် လှစ်ခနဲနေအောင် လျှောက်တယ်။ စတိတ်မှာတော့ ပိုမြန်အောင် ခြေထောက်ကို ဘီးတပ်ပေးတယ်။

ရက်ကွက်ထဲက အတင်း အဲ သတင်းတွေလည်း စုံသွားပါပြီ။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

စန်းထွန်း
ဧပြီ ၂၉၊ ၂၀၁၂။

The Window ...


လေဝင်လေထွက်ကောင်းဖို့၊ အလင်းရောင်ရဖို့ အိမ်တိုင်းတွင် ပြတင်းပေါက်ရှိသည်မှာ မထူးဆန်းလှ။ မထူးဆန်းသော ပြတင်းပေါက်လေးတခုကို သူမ နှစ်သက်သဘောကျသည်ကတော့ ထူးဆန်းလှသည်။ ထိုပြတင်းပေါက်လေးကို နှစ်သက်သဘောကျမှန်း သူမကိုယ်တိုင် မသိရှိခဲ့။  ခွဲခွာပြီး အတော်ကြာမှ ထိုပြတင်းပေါက်လေးကို သူမ လွမ်းနေခဲ့သည်။

သူမမွေးရပ်မြေမှ မိုင်ပေါင်းများစွာ ဝေးကွာသော ကျောင်းရှိရာ မြို့လေးတမြို့သို့  ရောက်ရှိသောအခါ သူမ နေရသောအခန်းတွင် ပြတင်းပေါက်တခုရှိသည်။ ပြတင်းပေါက်မှတဆင့် အဆောက်အဦးကြီးကြီးတခု မြင်ရသည်။ ကျနေစူးစူးကြောင့် ညနေစောင်းချိန်တွင် ယင်းလိပ်ချထားရလေ့ရှိသည်။ တခြားမြို့ဆီ သူမ ခဏ္ဏသွားနေစဉ် သူမ နေသော အခန်းတွင် ပြတင်းပေါက်တခု ရှိသည်။ ပြတင်းပေါက်လေးနား စာရေးစားပွဲခုံတွင် စာကြည့်ရင်း သစ်ပင်စိမ်းစိမ်းများ၊ ကစားကွင်းတွင် ဆော့ကစားနေသော ကလေးများကို ငေးနေတတ်သည်။

ကျောင်းဆီ သူမ ပြန်ရောက်တော့ နေရာချထားပေးသော အခန်းလေးမှ ပြတင်းပေါက်ကို သူမမြင်မြင်ချင်း နှစ်သက်သွားသည်။ သူငယ်ချင်းများ ကျောင်းက ထွက်ခွာသွားချိန် လောကတခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ပြတင်းပေါက်မှ ပြင်ပလောကကြီးကို ကြည့်ခြင်းဖြင့်  အထီးကျန်ဆန်သော နေ့ရက်များကို ကုန်လွန်စေခဲ့သည်။ ပြတင်းပေါက်မှ ကြည့်လျှင် အဝေးပြေးလမ်းမ၊ ကျောင်းဆောင်၊ သစ်ပင်များကို မြင်ရသည်။ ထိုပြတင်းပေါက်မှတဆင့် သစ်ပင်များ အရွက်မရှိ ရိုးတံမည်းမည်း သစ်ပင်များ ရွက်နုသစ် ထွက်ကာ စိမ်းလန်းဝေဆာခြင်း၊ အစိမ်းရောင်မှ အဝါရောင်၊ အနီရောင် ပြောင်းလာခြင်းတို့ကို တွေ့မြင်ခဲ့ရသည်။ ရှဉ့်ကလေးများ ဆော့ကစားခြင်း၊ နေရောင်ခြည် ဖြာကျခြင်း၊ မိုးရေစက်များ ဖျန်းပက်ခြင်း၊ မိုးသီးကျခြင်း၊ မြူပုဝါ ခြုံသိုင်းခြင်း၊ နှင်းဖွေးဖွေး ကျဆင်းခြင်းကို တွေ့မြင်ခဲ့ရသည်။

ပြတင်းပေါက်၏ အပြင်ဖက်တွင် ခြင်လုံဇကာရှိသည်။ ပူအိုက်သော နွေညများတွင် အော်မြည်နေသာ အဲယားကွန်းပိတ်ကာ ပြတင်းပေါက်ကို ဖွင့်ရင်း  တိုးဝှေ့တိုက်ခတ်နေသော လေနုအေးကို ခံစားရသည်။ ဆောင်းဦးရာသီတွင် တသွဲ့သွဲ့ တိုက်ခတ်နေသော ဆောင်းလေညှင်း၏ ပွေ့ဖက်ခြင်းကို ခံရသောအခါ သူမ မွေးဖွားကြီးပြင်းရာနိုင်ငံမှ မီးလှုံကြသော ဆောင်းညများကို သတိရသည်။ ချမ်းအေးသော ဆောင်းတွင်တော့ တခါတရံ ပြတင်းပေါက်ဖွင့်ရင်း တဖွဲဖွဲ ကျနေသော နှင်းပွင့်ဖြူဖြူဖွေးဖွေးကို ငေးရင်း အေးစက်မှုကို ကြံ့ကြံ့ခံနေတတ်သည်။ သို့သော် ခဏတာပဲ ဖြစ်သည်။ ပြတင်းပေါက်ပိတ်ရင်း အေးစက်မှုကို လက်မြှောက်အရှုံးပေးလိုက်ရသည်ချည်း ဖြစ်သည်။

နေ့တာတို၍ ညတာရှည်သော ဆောင်းနေ့ရက်များတွင် မနက်၇နာရီ နေထွက်ချိန် တိမ်တောင်တိမ်လိပ်များ အနီရောင်၊ ပုဇွန်ဆီရောင်၊ အဝါရောင်ပြောင်းကာ သြကာသလောကတခုလုံး အလင်းဓာတ်ရရှိသွားပုံများကို ထိုပြတင်းပေါက်လေးမှတဆင့် သူမ စောင့်ကြည့်နေတတ်သည်။ လမ်းလျှောက်သွားသော လူပေါင်းစုံကို တွေ့မြင်ရသည်။ တချို့က ခပ်သုတ်သုတ်၊ တချို့က အေးအေးဆေးဆေး သွားလာကြသည်။ လမ်းလျှောက်ပုံ၊ ဝတ်စားဆင်ယင်ပုံကို ကြည့်ကာ သူတို့ အခြေအနေကို ခန့်မှန်းရသည်မှာ စိတ်ဝင်စားစရာကောင်းသည်။

အတန်းတက်ချိန်အမှီ တက်သုတ်နှင်နေသော ကျောင်းသားကျောင်းသူများ၊ လမ်းလျှောက်ရင်း ဆော့ကစားနေသော ကလေးများကို ထိန်းကျောင်းနေသော မိဘများ၊ အေးအေးလူလူ လျှောက်နေသော ချစ်သူစုံတွဲများ၊ အော်ဟစ်နောက်ပြောင်နေသော လူငယ်များ၊ နှုတ်ဆက်ရင်း အလ္လာဘသလ္လာဘ ပြောနေသော လူကြီးများ၊ စက်ဘီးစီးသူများ၊ စကိတ်ဘုတ်စီးသူများကို တွေ့ရသည်။ ထိုလူများကြားက သူငယ်ချင်းမိတ်ဆွေများဆိုလျှင်တော့ ထင်ထင်ရှားရှား မှတ်မိနေတတ်သည်။ ထိုပြတင်းပေါက်လေးမှတဆင့် တစ်ယောက်သောသူကို ဂွတ်ဘိုင်ဟု  တိုးတိတ်စွာသူမ နှုတ်ဆက်ခဲ့ဖူးသည်။

 သူမအတွက် ဒုတိယအိမ်တွင်တော့ တိုက်ခန်းမျက်နှာကြက်နားကပ်လျှက် ပြတင်းပေါက် ရှည်ရှည်မျှောမျှော ရှိသည်။ မနက်အိပ်ယာနိုးတိုင်း ကြည်လင်နေသော ကောင်းကင်ပြာကို မြင်ရသည်။ တိမ်ညို၊ တိမ်ပြာ၊ တိမ်စူကာ၊ တိမ်တောင်၊ တိမ်လိပ်တို့ကို ပုံသဏ္ဌန် အမျိုးမျိုးဖြင့် တွေ့မြင်ရတတ်သည်။ တခါတရံ တိမ်ကင်းစင်ပြီး  ကောင်းကင်ကြီး တခုလုံး ပြာလဲ့နေတတ်သည်။



သူမ အလုပ်ရှိရာမြို့သို့ ပြောင်းရွှေ့ရသောအခါ မြေအောက်ထပ်ကလေးကို ငှားရမ်းနေထိုင်ခဲ့သည်။ မြေအောက်ထပ် ဆိုသော်ငြား မှောင်မည်းမနေ၊ အလင်းရောင်ကောင်းကောင်းရပြီး လေဝင်လေထွက် ကောင်းမွန်သည်။ သို့သော် ပြတင်းပေါက်ကလေးမှ သစ်ပင်များကို မမြင်ရဘဲ ကလေးများ တက် တက်ခုန်ကြသော အရာတခုသာ မြင်ရသည်။ နောက်ဆုတ်ကြည့်လျှင်တော့ ကောင်းကင်ကြီးကို မြင်တွေ့ရသည်။

မြေအောက်ထပ်သည် တော်နေဒိုးလာလျှင် ခိုလှုံဖို့ အသင့်တော်ဆုံးနေရာဖြစ်၍ နွေရာသီတွင် အေးကာ ဆောင်းရာသီတွင် နွေးသည်။ ကွန်နက်ရှင်းမကောင်း၊ ဈေးသက်သာသော ဖုန်းလိုင်းဖြစ်သည့်အပြင် မြေအောက်ရောက်သွားသောကြောင့် ပြောနေရင်း ဖုန်းလိုင်း ကျသွားတတ်သည်။ သူမသည် မြေတွင်းအောင်းနေသော ကြွက်တကောင်သာ ဖြစ်သည်။

တအိမ်လုံးတွင် အိမ်ရှင်အမျိုးသားနှင့် သူမ တယောက်တည်း ရှိသည့်ညတွင်တော့ မကြောက်တတ်သော သူမ လုံခြုံစိတ်ချခြင်း မရှိစွာ အိပ်မပျော်ခဲ့။ သူငယ်ချင်းတယောက်ပြောပြဖူးသော အဖြစ်ကို သွားသတိရသည်။ တအိမ်လုံးတွင် အိမ်ရှင် ဂေးနှင့် သူမ ရှိသည့်အခါတုန်းက ကြောက်သည်မှာ ဆိုဖွယ်ရာမရှိ။ တံခါးကို လော့ချ Luggage ကို တံခါးကန့်လန့်ဖြတ်ချထားရင်း ဓားဆောင်ရင်း အိပ်သည်ဟု ဆိုသည်။ ဆောင်စရာ ဓားမရှိသောအခါ Starbucks သံဓာတ်ဘူးနှင့် နှက်လျှင်တော့ ခေါင်းကွဲနိုင်သည်ဟု တွေးကာ ဓာတ်ဘူးဆောင်သည်။ လုံခြုံမှု မရှိသောအရပ်တွင် မိန်းကလေးတယောက်တည်း တိုက်ခန်းငှားနေခြင်းသည်လည်း စွန့်စားရာရောက်သည်။


ကျောင်းတုန်းက ထိုသူငယ်ချင်းသည် အခန်းတံခါးကို ဘယ်တော့မှ လော့ချထားလေ့ မရှိ။ သူမကတော့ နေ့လည်ဖက် အိပ်ပျော်နေတုန်း သူငယ်ချင်းများ အာလူးကြော်၊ သကြား၊ ကြက်သွန်၊ ဆီ၊ ကော်ဖီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် လာယူနိုင်ရန် အခန်းတံခါးကို လော့ချမထား ။

လော့ချမထားလည်း လုံခြုံစိတ်ချနွေးထွေးသော အခန်းလေးမှ သဘာဝလောကအလှကြီးကို ခံစားနိုင်သော၊ သူမနှင့် အပြင်လောကကြီးကို ဆက်သွယ်ပေးသော ထိုပြတင်းပေါက်လေးကို သူမ တကယ် လွမ်းနေခဲ့သည်။

စန်းထွန်း
ဧပြီ ၂၃၊ ၂၀၁၂။

ရက်ကွက်ထဲမှာတော့ဗျာ - ၁၀

စန်းထွန်းတယောက် အရင်လို ဖလမ်းဖလမ်းမထနိုင်၊ ဘလော့လည်း မဂင်းနိုင်။ ပျောက်ချက်သား ကောင်းနေလိုက်တာ ဘာတွေများ အလုပ်များနေပါလိမ့်။

သတင်းကောင်းဗျို့ စန်းထွန်းတယောက် အလုပ်ရသွားပါပြီ။ မနက် ၉ နာရီလောက်ကနေ ညနေ ၆နာရီအထိ လာသမျှ အင်တာဗျူး ဖုန်းတွေဖြေ၊ အင်တာဗျူးဖြေဖို့ စာတွေဖတ်၊ ဗီဒီယိုနဲ့ ဗျူးမယ်ဆိုရင် ကုတ်အင်္ကျီလေး ပြေးဝတ်။  အပေါ်ကတော့ ကုတ်အင်္ကျီ၊ အောက်က အိမ်နေရင်း ဘောင်းဘီနဲ့ Formal Dress ယောင် ဆောင်ပါတယ် ခင်ည။ ဒီကြားထဲ Face to Face Interview တချို ့က လေယာဉ်၊ ဟိုတယ်စရိတ် အကုန်ခံပေးတဲ့ ကုမ္ပဏီတွေလည်း ရှိရဲ့၊ ခရီးစရိတ်မပေးဘဲ ကိုယ့်စရိတ်နဲ့ ကိုယ်လာဆိုတဲ့ ကုမ္ပဏီမျိုးလည်း ရှိရဲ့။

Louisville, Kentucky
အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာ စာမေးပွဲသွားဖြေ၊ အဖြေလွှာကို ကန်တက်ကီပြည်နယ် လူးဝစ်ဗီမြို့က ရုံးဆီ ဖက်စ်နဲ့ပို့၊ နာရီဝက်လောက် ဖုန်းနဲ့ဗျူးပြီး ၂ရက်အကြာမှာ  Face to Face Interview ခေါ်ပါတယ်။ စင်စင်နာတီကနေ ၂ နာရီ ဝေးတဲ့ လူးဝစ်ဗီကို ဘတ်စ်ကားနဲ့ သွား။ ၃နာရီလောက် ကုမ္ပဏီက လူကြီးမင်း ၄ယောက်နဲ့ ဗျူးပြီး တပတ်အကြာမှာ Offer ရပါတယ်။ ပထမဆုံး  Face to Face Interview ပါ။ တပတ်အတွင်း အိမ်အပူတပြင်း လိုက်ရှာ။ ကျောင်းကနေ မိုင်းဆီကို လာပြီး အလုပ်ရှာတဲ့ ဖေဖေါ်ဝါရီ ၁၀ကနေ တလတင်းတင်းပြည့်တဲ့ မတ်လ ၁၀မှာတော့ ကန်တက်ကီပြည်နယ် လူးဝစ်ဗီမြို့ဆီ ပြောင်းရွှေ့ရပြန်တယ်။

စန်းထွန်း အလုပ်ရှာနေမှန်း ဘလော့ဖတ်ရင်း သိရလို့ Resume တင်ပေးတဲ့ နယူးယောက်က ကိုထွန်းထွန်းဝင်း၊ မမီမီအောင်၊ MUM မှ စီနီယာများဖြစ်တဲ့ တီချယ်သူဇာ၊ သဲသဲအေး၊ Nga ၊ Lorenza ၊ Eden ၊ ဘော်ဒါတွေဖြစ်တဲ့ Samneng Sheng ၊ Ahbishek Hada ၊ Andrew Gurung ၊ Ganga Bohara၊ အနီးကပ် ကူညီပေးတဲ့ ဆူနမ်၊ မိုင်း၊ ရာမား၊ အလုပ်ကောင်းကောင်းရအောင် ဆုတောင်းပေးခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်းများ၊ ဘလော့ဂါ မောင်နှမတွေ၊ တိုးတိုးတိတ်တိတ် ဆုတောင်းပေးသွားသူတွေ ကျေးဇူးတင်ပါတယ်။

အင်တာဗျူးကအပြန် ဘတ်စ်ကားစီးမယ့်အချိန် စောနေသေးလို့ မြို့ထဲ လမ်းသလားရင်း ဟိုရိုက်ဒီရိုက်ထားတဲ့ ပုံလေးတွေပါ။ ကန်တက်ဂီပြည်နယ်ရဲ့ မြို့တော်က Frankfort ဖြစ်ပေမယ့် လူးဝစ်ဗီမြို့က အကြီးဆုံး။ လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ မြို့ဖြစ်ပြီး မြင်းပွဲ Derby တွေရှိတယ်။ ရာသီဥတုအပြောင်းအလဲမြန်ပြီး လေထန်တယ်။ တော်နေဒိုး များတယ်။ နွေရောက်ပြီမို့ ၁နာရီ အချိန်တိုးလိုက်တာ EST (Eastern Standard Time) စံတော်ချိန်အရ စင်္ကာပူနဲ့ တူသွားပါပြီ။ မနက်နဲ့ ညပဲ ကွာတယ်။ အိုင်အိုဝါပြည်နယ်ကတော့ CST(Central Standard Time) Zone မှာ ရှိတာမို့ EST ထက် ၁နာရီ နောက်ကျတယ်။


တလအတွင်း တော်နေဒိုး ၂ခါ ကြုံပြီးပြီ။ တခါက စင်စင်နာတီမှာ။ မိုးမှောင်နေပြီး လျှပ်စီးတွေလက်လို့ ရာသီဥတုခန့်မှန်းချက် ကြည့်တော့ လား..လား တော်နေဒိုးက စင်စင်နာတီရှေ့မှာ ရောက်နေပြီ။ Siren မြည်လာလို့ နွေးနွေးထွေးထွေးဝတ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ကျောပိုးအိတ်ထဲထည့်ပြီး အသင့်ပြင်ထားရတယ်။ ဆူနမ်နဲ့မိုင်းက ရုံးမှာ။ အိမ်မှာ ကိုယ်တယောက်တည်း ကြောက်လိုက်တာ လက်တောင်တုန်တယ်။ မိုင်းက ဖုန်းဆက်လာတယ်။ လေထန်လာရင် အလုံပိတ် ပြတင်းပေါက်မရှိတဲ့ ရေချိုးခန်းထဲ ဝင်နေဖို့။ အင်ဒီယားနားပြည်နယ်မှာတော့ လူ၂ယောက် သေတယ်ကြားတယ်။ နောက်တခါကတော့ ရုံးမှာ။ တော်နေဒိုးသတိပေးချက်ရှိလို့ အောက်ထပ်ဆင်းပါလို့ ကြေငြာတော့ အောက်ထပ်ဆင်းပြီး
 မြေအောက်ထပ်တံခါးနားမှာ  နေရတယ်။

ကုမ္ပဏီက လျှပ်စစ်ဓာတ်အားထုတ်တဲ့ Power Plant တွေအတွက် နည်းပညာ၊ စက်ပစ္စည်းရောင်းတဲ့ကုမ္ပဏီဆိုတော့ စန်းထွန်းတယောက် Boiler ၊ Thermal ၊ Pipe ၊  Evaporator ၊ Economizer ၊ Super Heater ၊ Cooler ဆိုတဲ့ အသုံးအနှုန်းတွေကြား မျက်လုံးလေး ကလည်ကလည်။ ပင်ပန်းလို့ ဘလော့ကိုတောင် ဖုန်မခါနိုင်တာ ကြည့်တော့။ စန်းစန်း နင့်ရှေ့မှာ ၂ ယောက်ဖြုတ်ထားတယ်၊ သတိထား ကြိုးစားပြီးလုပ်လို့ တူရကီလေး Mustafa က သတိပေးလာတဲ့နေ့ကဆို စိတ်ဖိစီးပြီး နေမကောင်းချင်တောင် ဖြစ်တယ်။

ရုံးက လူတွေက ညနေ၅နာရီကျော်ရင် မြို့ထဲမသွားနဲ့။ Not Safe လို့ဆိုလာတော့ အင်တာဗျူးလာဖြေတုန်းက ညနေ ၆နာရီလောက် မြို့ထဲဖလမ်းဖလမ်းထခဲ့တာကို တွေးမိပြီး  ကြောက်လိုက်တာ။ အဲဒီတုန်းက ကြောက်ဘူး။ မသိလို့ကိုး။ ရုံးရှိတဲ့ အရှေ့ဖက်ခြမ်းရယ်၊ အိမ်ရှိတဲ့ တောင်ဖက်ခြမ်းရယ်က လုံခြုံတယ်လို့ ဆိုပါတယ်။

Sweet fragrance, soft breeze & sunshine. What's a lovely Spring !

နွေဦးရောက်ပြီမို့ အရာရာစိမ်းလန်းဝေဆာပြီး ပန်းပွင့်တွေနဲ့ လှနေပါတယ်။ အိုင်အိုဝါပြည်နယ်မှာ မတွေ့ခဲ့ရတဲ့ ပန်းဖြူဖြူတွေ နေရာတိုင်း တွေ့ရတယ်။ အဲဒီပန်းဝတ်မှုန်တွေ အလာဂျီဖြစ်တယ်။ အိမ်ရှင်လာကြိုတာကို စောင့်ရင်း ရုံးနားတဝိုက်က အပင်တွေကို စန်းထွန်းတယောက် လက်စွမ်းပြထားပါတယ်။

 
 
  
 

ကားတွေမှာ အလံလေးတွေ ထောင်ထားတော့ ဘာပါလိမ့်လို့ စပ်စုကြည့်တော့ ကောလိပ်ကျောင်းပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ မြို့ခံပြိုင်ဖက်အသင်း၂သင်းဖြစ်တဲ့ UK (University of Kentucky) နဲ့ Louisville Cardinals အသင်းတွေ့ကြပြီး အနိုင်ရတဲ့ အသင်းက ဖိုင်နယ်တက်မှာမို့ အကြိတ်အနယ်ရှိလှပါတယ်။ UK ပရိသတ်တွေက အပြာရောင်၊ Cardinals ပရိသတ်တွေက အနီရောင် အလံလေးတွေ ကားမှာထောင်ပြီး သူတို့ဟာ ဘယ်အသင်းရဲ့ ပရိသတ်ပါလို့ ပြပါတယ်။ UK က ဗိုလ်လုပွဲ တက်သွားပါတယ်။


မန်နေဂျာ David Schnell က မြောက်ပိုင်းကျပြီး အေးတဲ့ မစ်နီဆိုးတားပြည်နယ်က။ သူတို့ပြည်နယ်မှာတော့ ရေခဲပြင်ဟော်ကီက ပေါ်ပြူလာ။ အိုင်အိုဝါပြည်နယ်က William Green ကတော့ Football ပရိသတ်။ လေလုံးခြောက်ဖက် လူထွားထွားကြီးတွေ တယောက်နဲ့တယောက် တိုက်ပြီးလုကြတဲ့ အမေရိကန်ဘောလုံး ကစားနည်းကိုတော့ ခုထိ နားမလည်းသေးပါဘူး။ သူတို့ကလည်း တွေးမှာပဲ လူအယောက်၂၀ကျော်က ဘောလုံးလေးတလုံးကို ဝိုင်းလုနေတဲ့ Soccer လို့ ခေါ်တဲ့ အင်္ဂလိပ်ဘောလုံးကစားနည်းက ဘာလဲဟလို့။

Ice Hockey
American Football
ဒီမြို့သူမြို့သားများက အိုးမိုင်ဂေါ့ဒ် အစား အိုးမိုင်ဂါ့ရှ်လို့ ပြောပါတယ်။ ကန်တက်ဂီလေသံထင်နေတာ မဟုတ်ရပါဘူးတဲ့။ ကိုးကွယ်တဲ့ ဘာသာပေါ်မူတည်ပြီး အသံထွက် ကွဲသွားတာပါတဲ့။ တောင်ပိုင်းရောက်လေလေ အိုးမိုင်ဂေါ့ဒ် အစား အိုးမိုင်ဂါ့ရှ် ဆိုတာပဲ ကြားရပါလိမ့်မယ်တဲ့။

ကားမရှိ၊ သူငယ်ချင်းလည်း မရှိ၊ ရုံးနဲ့ အိမ်၊ အိမ်နဲ့ရုံး၊ တပတ်တခါ Wall Mart မှာ ဈေးဝယ်၊ ချိုတဲ့ အမေရိကန်စာတွေလည်း မစားနိုင်လို့ ကိုယ်ချက်မှ ကိုယ်စားရတဲ့ဘဝ။ တလအကြာ Good Friday ရုံးပိတ်ရက်မှာတော့ မိုင်း၊ ဆူနမ်တို့ဆီ သွားလည်ဖြစ်ပါတယ်။ Shopping ထွက်၊ တယောက်တလှည့် ဒကာခံ  အတိုးချပြီး ပျော်ခဲ့တယ်။ မိုင်းက ဗီယက်နမ်ဆိုင်မှာ ကျွှေးမယ်ဆိုလို့ မြို့ထဲဆီ ချီတက်ကြပါတယ်။ လူမည်းတွေ အများကြီးထိုင်နေတာတွေ့လို့ ကြောက်ကြောက်နဲ့ ဗလတောင့်တဲ့ ဆူနမ်နား မိုင်းနဲ့ စန်းထွန်း နှစ်ကောင်သား ကပ်နေကြတယ်။


Andrew Gurung နေတဲ့ တန်နန်စီပြည်နယ်က Memphis မြို့ဆိုရင် second dangerous city in US ။ သူ့အိမ်ကနေ နာရီဝက်လောက်အဝေးအရပ်မှာ ည၉နာရီကျော်ရင် တယောက်တည်း မထွက်ပါနဲ့တဲ့။ အမည်းတွေနဲ့ မက်ဆီကန်တွေက တွေ့ရင် ချကြတာ။  အာရှသားတွေ ရုပ်က မက်ဆီကန်နဲ့တူတော့ ရောယောင်ပြီး အပစ်ခံရနိုင်လို့ပါတဲ့။ ယောကျ်ားလေးလည်း ယောကျ်ားလေးအလျောက်၊ မိန်းကလေးလည်း မိန်းကလေးအလျောက် အသက်ကို ညဏ်စောင့်ရပေသကိုး။

ဗီယက်နမ် ကော်ပြန့်စိမ်း၊ ဖော်လို့ ခေါ်တဲ့ နာမည်ကြီး စွပ်ပြ ုတ်၊ ခေါက်ဆွဲသုပ် တီးခဲ့တယ်။ ဗီယက်နမ်စာတွေက မြန်မာပါးစပ်နဲ့ ပေါ့တယ်။ စွပ်ပြုတ်ထဲကို အမွှေးနံ့သာ ၂၀မျိုး ထည့်ရတယ်၊ အရောင်ကလည်း ကြည်နေပြီး ဆီမဝေ့နေရပါဘူးလို့ မိုင်းက ရှင်းပြပါတယ်။ ဆော့စ်မထည့်ဘဲ ဒီအတိုင်းစားတဲ့ ဆူနမ်ကို ကြည့်ပြီး မိုင်းက ဗီယက်နမ်စာကို ဖျက်ဆီးတယ်လို့ ဆိုပါတယ်။ ခေါက်ဆွဲမှာ ဘာအရသာမှ မရှိဘဲ ဆော့စ်ထည့်မှ အရသာရှိမှာကို ဒီအတိုင်းစားတဲ့ ဆူနမ်ကို  ဘယ်လိုမှပြောမရလို့ မိုင်းနဲ့စန်းထွန်းမှာ သက်ပြင်းတွေချ။ အလုပ်ရရင် မုန့်ကျွှေးမယ်လို့ ကတိပေးထားသူတွေကို ဘလော့ကနေ ကျွှေးလိုက်ပြီ။ အားမနာနဲ့ အဝစား။



Sigon Market Shop ကို ဝင်တော့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးထုပ်တွေ့လို့ ဝမ်းသာအားရနဲ့ ဝယ်ခဲ့သေးတယ်။ ဆိုင်ရှင်ကို မေးကြည့်တော့ ဗမာနည်းနည်းရှိတယ်တဲ့။ Telephone ကျောက်ကျောမှုန့်ထုပ် ဝယ်ပြီး ကျောက်ကျောကျိုတယ်။ နည်းမသိလို့ Google မှာ ရှာတော့ အများကြီးတွေ့တယ်။ Thet Nandar Family ရဲ့ နည်းက လွယ်တော့ အဲဒီအတိုင်း လုပ်လိုက်တာ သကြားများသွားလို့ချိုတာလေးကလွဲရင် အကုန်ဆင်ပြေတယ်။ ဆူနမ်ကတော့ လုံးဝမစား။ အိမ်ရှင်အမေရိကန်မကတော့ ကြိုက်တယ်။

စန်းထွန်းတယောက် ဖက်ထုပ်လုပ်မဟဲ့ဆိုပြီး ကိုရီးယားဆိုင်က ဖက်ထုပ်ဖက်ဝယ်၊ ဝက်သားကြိတ်သားကို ကြက်သွန်ဖြူ၊ ဂျင်းတွေ နယ်ပြီး ဖက်ထုပ်လုပ်တာ  အမြင်မတော်လို့ ဖက်ထုပ်လုပ်နည်း အိမ်ရှင်က ပြသွားတယ်။ သူပြတော့လည်း လွယ်လွယ်လေးနဲ့ လှလှပပ ဟုတ်သား။ ဂျပန်မှာ ၁နှစ်ခွဲ နေခဲ့ဖူးတဲ့ အိမ်ရှင်အမေရိကန်မက ပိတ်ရက်မှာ သူ့ အိမ်ရှင် ဂျပန်မိသားစုနဲ့ ဖက်ထုပ်တွေ လုပ်စားတာ သိပ်ပျော်ဖို့ကောင်းဆိုပဲ။ ဂျပန်ဖက်ထုပ်လုပ်နည်းအကြောင်း နည်းပေးနေသေးတယ်။ အာရှသူကို အမေရိကန်သူက ဖက်ထုပ်လုပ်နည်း သင်ပေးနေတဲ့အဖြစ်။

မဝယ်ဘဲနဲ့ဗီယက်နမ်ဦးထုပ်တွေဆောင်းပြီး ဓာတ်ပုံရိုက်ခဲ့ကြတယ်။  မိုင်းအမေဆို မိုင်းတို့ငယ်ငယ်တုန်းက အပြင်သွားတိုင်း အဲဒီခမောက်လေးဆောင်းပြီး သွားတာတဲ့။ ခုတော့ မဆောင်းကြတော့ပါဘူး။ ဗီယက်နမ်ရဲ့ အမှတ်အသားလေးအဖြစ် ကျန်ရစ်ခဲ့တယ်။ စတိတ်ကိုလာတုန်းက ဟောင်ကောင်မှာ လေယာဉ်ပြောင်းတော့ တချို့ခရီးသည်တွေမှာ အဲဒီခမောက်လေးတွေ ဝယ်လာတာတွေ့တယ်။ ဗီယက်နမ်က ပြန်လာတာနေမှာ။

လက်ထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးထုပ်
စင်္ကာပူမှာ တနှစ်ခွဲလုပ်ခဲ့တာ ၆၀၀ကျော်ပဲ အခွန်ဆောင်ခဲ့ရပြီး စတိတ်မှာ တလ ထောင်ကျော်ဆောင်ရတော့ စန်းထွန်းခမျာ ဟိုက်ခနဲ ဖြစ်သွားရှာတယ်။ မိုင်းတို့လည်း ဒီလိုဆောင်ရတယ်ဆိုတော့မှ ကိုယ်တယောက်တည်း ဆောင်ရတာမှ မဟုတ်တာလေဆိုပြီး စိတ်ဖြေရတယ်။ ကျောင်းမှာတုန်းက ကားကို Dealer ဆီမှာ သွားရောင်းတော့ ၂၀၀ပဲ ပေးမယ်ဆိုတုန်းကရယ်၊ အခုတခါရယ် ထမင်းတောင် စားမဝင်ဘူး။ အဲ မုန့်တော့ အများကြီး စားတယ်။

အလုပ်ဝင်တာလည်း တလပြည့်ပြီ။ ကိုယ့်နာမည်ကိုလည်း စာရွက်လေးနဲ့ ကပ်ထားရာကနေ သေသေချာချာ ဆိုင်းဘုတ်လေးတပ်သွားပြီ။ Orientation တက်ရမယ့် ၁၂ ယောက်ထဲမှာလည်းပါတယ်ဆိုတော့ နည်းနည်းစိတ်အေးသွားပြီ။ Orientation က ၉ကြိမ် တက်ရမှာပါတဲ့။ သောက်ကျိုးနဲ  များလိုက်တဲ့ Orientation ။ ၂၀၀၇ MICT Park အဲယားကွန်းခန်းထဲမှာ ချွှေးပြိုက်ပြိုက်ကျအောင် ဖြေခဲ့ရတဲ့ NUS ဝင်ခွင့် စာမေးပွဲ၊ မနက် ၉ ၄၅ ကနေ ညနေ ၄နာရီအထိ နေ့လည်စာလွတ် ဖြေခဲ့ရတဲ့ ပရော်ဖက်ဆာ Najeeb ရဲ့ Distributed Computing ဘာသာစာမေးပွဲ၊ ၆ကြိမ်တိတိဖြေခဲ့ရတဲ့ ကားမောင်းလိုင်စင်နဲ့အတူ ဒီ Orientation ကလည်း စာရင်းဝင်သွားပြီ။

Boiler ၊ Research & Development Central Engineering ၊ Finance ၊ Project Management ၊ Engineering ၊ Quality Education၊ Sales & Marketing ၊ Supply Management ၊ CAR Training ၊ Aftermarket တခုမှ နာနဲ့ မဆိုင်ဘူး။ မတက်ရင်ရလားဆိုတော့ မရပါဘူးတဲ့။ မန်နေဂျာရဲ့ လက်မှတ်ပါမှ မတက်လို့ ရပါတယ်တဲ့။ စင်္ကာပူရုံးမှာတုန်းကတော့ IT Department တခုလုံး  နိုင်ငံခြားသားတွေ ။ ဒီရုံးမှာတော့ အာရှသားဆိုလို့ လက်ချိုးရေလို့ ရတယ်။ ကိုယ့်ကိုကိုယ် IT Department ကလို့ ထင်နေတာ Central Engineering Department ကပါတဲ့။

Distance Education လည်း စပြီ။ အပတ်တိုင်း Assignment တွေတင်ရမယ်၊ ၁လခွဲမှာ Midterm Exam ၊ ၃လဆိုရင် Final Exam ဖြေရမယ်။ ဝယ်ရင် ၁၀၀ကျော်ပေးရတယ့် Operating System စာအုပ်ကို မဝယ်ချင်လို့ နည်းလမ်းရှာဖွေနေတာ eBay ကနေ ၄လကို ၄၀ နဲ့ ငှားလို့ရမှန်း William က သတင်းပေးပါတယ်။ စာအုပ် ၁၀၀ဆိုတော့ အင်တင်တင်ရယ် Shopping များ ၁၀၀ဆိုလို့ကတော့ အင်း ကွာပါ့။ ကျောင်းမှာတုန်းကတောင် ပရော်ဖက်ဆာတွေ အတင်းတွန်းသင်တာတောင် အိပ်ငိုက်တာနဲ့၊ စာမလုပ်ချင်တာနဲ့ရယ်။ ခုလို ပရော်ဖက်ဆာတွေ အဝေးမှာ၊ အလုပ်ကတဖက်နဲ့ ဆိုတော့ စာမေးပွဲဖြေခါနီးမှ အသည်းအသန်လုပ်ကြပါရောလား။

ဒီရက်ကွက်ထဲမှာတော့ဗျာကတော့ ကျောင်းအကြောင်း မဟုတ်ဘဲ ခုနေတဲ့ရက်ကွက်ထဲက အကြောင်းတွေကို ဆက်ရေးသွားမယ် ကြံစည်ထားပါတယ်။ သြော် ဘာလိုလိုနဲ့သြင်္ကန်ရေမစိုတာတောင် ၂နှစ်ရှိပြန်ပြီ။

ဗွမ်း..ဗွမ်း..ဗွမ်း

နှစ်သစ်ကူး အတာသြင်္ကန်ပွဲတော်မှာ ဘလော့ကြွလာတဲ့ မိတ်ဆွေအားလုံးကို ဘလော့ပေါ်ကနေပဲ ရေလောင်းလိုက်ပြီ။

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ။

စန်းထွန်း
ဧပြီ ၁၄၊ ၂၀၁၂။

When is our chance ?

At 1990 Election, NLD won over 90%. At this time, I am not eligible to vote because of under 18.
At 2010 Election, crap and shameful election with advance votes, without NLD.
Now people in abroad are not eligible to vote.
.
.
When is our chance to vote like that ?
NLD = " ✔ "

***********************************************

2012 April Fool day is really auspicious, happy and exciting !

When I came back to Myanmar in December 2010 to say goodbye to my family and friends, one of my beloved friends put a present in my hands. What I saw, OMG ! .. it was  really tiny but valuable. I wish I would have a chance to put it over my heart one day .


How lovely is April Fool Day !

San Htun
April 1, 2012.

စာကြည့်တိုက်ချစ်သူ ...


The Lady ဟု တင်စားကြသော ထိုအမျိုးသမီးအကြောင်း တီဗွီဖန်သားပြင်မှာ မြင်ရတိုင်း မေဆိုသော မိန်းကလေးကို သတိရသွားကာ ကျွန်တော့် ဘယ်ဖက်ရင်အုံနေရာမှ ဆစ်ကနဲ မသိမသာ နာကျင်သွားလေ့ရှိသည်။ ကျွန်တော့်နှလုံးသား ထောင့်တနေရာမှာ သော့ခတ်သိမ်းဆည်းထားသော မေ့မျက်နှာကို ခပ်ပါးပါးလေး သတိရမိသည်။ မေ ဘာတွေများ လုပ်နေပါလိမ့်။ တိုက်ဆိုင်မှုများရှိခဲ့လျှင် ကျွန်တော့်ကိုများ သတိရနေမည်လား။ ဟင့်အင်း ကျွန်တော် မထင်ပါ။ ကျွန်တော် သိသလောက် မေ မလွမ်းတတ်ပါ။ လွှမ်းချိန်မရှိအောင်လည်း မေသည် လက်တွေ့ကျကျ ဆောင်ရွက်တတ်သူ ဖြစ်သည်။

*************************************************

စာအုပ်ကို စိတ်ဝင်တစား ဖတ်နေသော သူမကို ဖျပ်ခနဲ တွေ့လိုက်ရချိန် ကျွန်တော့် ရင်အစုံ ဖျပ်ခနဲ ခုန်သွားခဲ့သည်။ သူမ၏ မျက်ဝန်းညိုနှင့် ဆုံတွေ့ခိုက် ကျွန်တော့်ရင်ခုန်သံ  မြန်သွားသည်။ နှုတ်ခွန်းဆက်စကားဆိုပြီး ကြည်ကြည်လင်လင်လေး ပြုံးပြနေသော သူမ၏ အပြုံးကို ကျွန်တော် စွဲလမ်းသွားခဲ့သည်။ ပန်းချီစာအုပ်ကို ကျန်းမာရေးစာအုပ်စင်မှာ အယောင်ယောင်အမှားမှား စီမိတော့ နဖူးကို စာအုပ်ဖြင့် ရိုက်ကာ ကျွန်တော် ရယ်မောမိလေသည်။ အချစ်ဆိုသောအရာသည် ကျွန်တော့်ကို ယောင်တိယောင်ချာ ဖြစ်စေခဲ့သည်။

စာအုပ်ပေါက်ထွက်မတတ် စိတ်ဝင်တစားဖတ်နေသော သူမပုံသဏ္ဌန်သည် ကျွန်တော့်ကို ညှို့ငင်နိုင်လွန်းသည်။ တခါတလေ စာအုပ်ထူကို ခေါင်းအုံးကာ အိပ်ပျော်နေသော သူမကိုတွေ့တော့ ကျွန်တော် သနားမိသည်။ တခါတလေ စာအုပ်ကြည့်လျက် စာကိုမမြင်ဘဲ ငိုင်နေတတ်သော သူမကိုတွေ့တော့ ကျွန်တော် စိတ်ပူမိသည်။ တခါတလေ မျက်ရည်ကြည်ဝိုင်းနေသော သူမကိုတွေ့တော့ ကျွန်တော် သနားကြင်နာမိသည်။ တခါတလေ သူငယ်ချင်းများနှင့် ရယ်မောနေသော သူမကိုတွေ့တော့ ကျွန်တော် ပျော်ရွှင်မိသည်။ သူမ၏ ခံစားမှုကို ခန့်မှန်းရသည်မှာ ကျွန်တော့်အတွက်တော့ လျှို့ဝှက်သည်းဖို ဝထ္ထုဖတ်ရသလို စိတ်ဝင်စားစရာ ကောင်းသည်။


သူမသည် ယောကျ်ားလေးတယောက် စွဲမက်လောက်အောင် အပြင်အဆင်မရှိ။ ဆံပင်နက်နက်စင်းစင်း၊ မျက်ဝန်းညိုညို၊ နှစ်လိုဖွယ်ရာအပြုံးနှင့် ရိုးသားအေးချမ်းသော သူမသည် ကျွန်တော့်အတွက်တော့ စွဲမက်မှု အပြည့်ရှိသည်။ သူမကို တွေ့ရတိုင်း သူမအကြောင်း သိချင်စိတ် ဒီဂရီတိုးလာခဲ့သည်။ ကျွန်တော့်ဆန္ဒ ပြည့်ဝခဲ့လေသည်။ စာကြည့်တိုက်သင်တန်းသူ သူမ စာကြည့်တိုက်သို့ လုပ်အားပေးဖို့ ရောက်လာချိန်မှာကား ကျွန်တော် ဝမ်းသာသည်မှာ ဆိုဖွယ်ရာမရှိတော့။

စာကြည့်တိုက် အလုပ်လုပ်ပုံအကြောင်း မေ နားလည်သဘောပေါက်အောင် သင်ယူနေသလို မေ့အကြောင်းလည်း ကျွန်တော် ပိုသိလာရသည်။ များပြားလှသော စာအုပ်များကို ကဏ္ဍအလိုက် ခွဲထားပုံ၊ စာကြည့်တိုက်ဆော့ဝဲသုံးပုံတွေ သင်ပေးရသည်။ တချို့ကျောင်းသားများက စာအုပ်ဖတ်ပြီး  ထားရန်နေရာတွင် မထားဘဲ တခြားကျောင်းသားများ မတွေ့အောင် ဖွတ်ထားတတ်သေးသည်။ ကွန်ပျူတာစနစ်တွင် စာအုပ်အရှိပြနေပြီး တကယ့်နေရာတွင် မရှိသောအခါ ကျွန်တော်တို့နှစ်ယောက် အလုပ်များရလေသည်။

စာအုပ်စီစီရီရီကြား သစ်သားထိုင်ခုံတွင်ထိုင်ကာ စာဖတ်ရသည်ကို မေ နှစ်သက်သည်။ ဒီဗွီဒီရုပ်ရှင်၊ ကလေးများအတွက် စာအုပ်စုံ၊ လေ့လာစရာစာအုပ်များစွာနှင့် စည်ကားနေတတ်သော စာကြည့်တိုက်ကို မေ သိပ်သဘောကျသည်။ မေတို့ တိုင်းပြည်တွင် စာကြည့်တိုက် ရှားပါးသည်။ ဒီလိုမျိုး စာကြည့်တိုက်မျိုးရှိစေချင်သည်မှာ မေ့ ရည်မှန်းချက် ဖြစ်သည်။


မေသည် သစ်ပင်များကိုလည်း ချစ်သည်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း စိတ်ဝင်စားသည်။ တိုးတက်လာသော မေ့တိုင်းပြည်တွင် သစ်တော်ပြုန်းတီးမှု များလာသည်။ ထိန်းသိမ်းဖို့ တိုက်တွန်းနှိုးဆော်ရမည်၊ ဆောင်ရွက်ရမည်ဟု ဆိုသည်။ တခါတလေ မေ့တိုင်းပြည်ကို  ကျွန်တော်မနာလို ဖြစ်မိသည်။ မေ့တိုင်းပြည်လောက်တောင် ကျွန်တော် နေရာမပေးခံရသောကြောင့် ဖြစ်မည်။

အာရှတိုက်မှ အိုင်းရစ်လူမျိုးများဟု တင်စားခံရသော၊ နွေးထွေးအပြုံးများနှင့် ကြိုဆိုတတ်သော၊ ချစ်စရာကောင်းသော ဓလေ့ထုံးစံများနှင့် ဘုရားပုထိုးများရှိသော တိုင်းပြည်အကြောင်း တမ်းတမ်းတတ မေ ပြောပြတတ်သည်။ ပထမနိုင်ငံတော်တည်ထောင်ပုံ၊ ဗုဒ္ဓဘာသာအကြောင်း၊ အင်္ဂလိပ်ဆီမှ လွတ်လပ်ရေးရအောင် ကြိုးပမ်းကြသော ခေါင်းဆောင်များအကြောင်း တခမ်းတနား ပြောပြတတ်သည်။ မေမွေးဖွားကြီးပြင်းရာနိုင်ငံသို့ ကျွန်တော် ရောက်ဖူးချင်မိသည်။ Culture Day တွင်တော့ ကျွန်တော်မြင်ဖူးချင်လှသော ရိုးရာဝတ်စုံလေး မေ ဝတ်ဆင်လာခဲ့သည်။ ရိုးစင်းလှပသော ရိုးရာဝတ်စုံလေးနှင့် မေ ကျက်သရေရှိရှိ လှပနေခဲ့သည်။

မေ့ကို ကျွန်တော် အသေအချာပင် မြတ်နိုးသည်။ မေ့ကို ပိုင်ဆိုင်ချင်သည်။ မေ သင်တန်းပြီးဆုံးကာနီးလေလေ မေ့ကို ခွဲရမည့်အကြောင်းတွေးကာ ကျွန်တော့်ရင်အစုံ ပူလောင်လွန်းလှသည်။ ကျွန်တော် လက်ထပ်ခွင့်တောင်းသောအခါ မေ တချက်ငိုင်သွားခဲ့သည်။ ကျွန်တော် တကယ်မြတ်နိုးမှန်း မေ သိသည်။ မေ စိတ်ညစ်တိုင်း သွားနေကျ ရေကန်လေးဘေး သွားထိုင်ကာ စဉ်းစားနေလေသည်။ မေ့အဖြေ စောင့်ဆိုင်းနေချိန်များတွင် ကျွန်တော့်မှာ နေမထိ ထိုင်မသာ။ ကျွန်တော် ထင်သည့်အတိုင်း ကျွန်တော့်ထက် မေ့ ရည်မှန်းချက်ကို မေရွေးချယ်ခဲ့လေသည်။


လေယာဉ်ကွင်းကို လိုက်ပို့သည့်နေ့ကတော့ နောက်ဆုံးအကြိမ်အဖြစ် လွတ်ထွက်မသွားအောင်  မေ့ကိုယ်လေးကို ခပ်တင်းတင်းလေး ပွေ့ဖက်မိသည်။ မေ၏ ကြည်လဲ့ရွှန်းစို မျက်ဝန်းညိုကို ကျွန်တော့်နှလုံးသားထဲ စွဲထင်နေအောင် သိမ်းထားလိုက်သည်။ လေယာဉ်ပျံကြီး ကောင်းကင် တရွေ့ရွေ့ တက်သွားချိန် ကျွန်တော့် နှလုံးသားလည်း တစစ်စစ် ကြေကွဲနေခဲ့သည်။ ထိုနေ့ကတော့ ကျွန်တော်မျက်ဝန်းတို့ စိုစွတ်သွားသည်။

ချစ်ရသူ ထိတွေ့ခဲ့သော အရာများသည် ကျွန်တော့်ကို ပိုသတိရစေသည်။  ချောချောမောမောရောက်ကြောင်း အီးမေးလ်ရတော့ မေ ကျွန်တော့်ကို သတိတရ ရှိနေသေးကြောင်း တွေးမိကာ ဝမ်းသာသည်။ အင်တာနက်ကွန်နက်ရှင် မကောင်းသော မေတို့တိုင်းပြည်မှ မေ့စာကို  ရံဖန်ရံခါသာ ရတတ်လေသည်။ မေ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရင်း အလုပ်များနေသည်မို့ ကျွန်တော့်ဆီ စာအရောက် ကြဲသွားသည်။ တခါတလေတွင်မှ မေ့ဆီမှ အခက်အခဲများ၊ ရုန်းကန်ကြိုးစားနေပုံများ ရေးထားသော စာတိုလေး ရရှိတတ်သည်။

 အချိန်ရာသီများ ကုန်ဆုံးသွားချိန် ကျွန်တော့်ရင်ထဲမှ ဝေဒနာမှေးမှိန်ဖျော့တော့သွားခဲ့သည်။ ထိုအချိန် ကျွန်တော် ကက်သရင်းနှင့် ဆုံတွေ့ခဲ့သည်။ ဆွဲဆောင်မှုပြင်းလွန်းသော ကက်သရင်းအလှတွင် ကျွန်တော် ပျော်ဝင်သွားသည်။ ကက်သရင်းနှင့် လက်ထပ်ပြီး ချစ်စရာကောင်းသော သားလေးဂျွန်၏ ဒယ်ဒီဖြစ်လာခဲ့သည်။ သူမကို ကျွန်တော် တကယ် မေ့လျော့သွားခဲ့သည်။ တနေ့တွင်တော့ တိုင်းပြည်အတွက် အရာအားလုံးပေးဆပ်ထားသော၊ အကြောက်တရား ကင်းမဲ့သော ထိုအမျိုးသမီးအကြောင်း တီဗွီဖန်သားပြင်ထက် ကျွန်တော်တွေ့လိုက်ရချိန် ....တချိန်တုန်းက ထိုအမျိုးသမီးအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောပြဖူးသော မေဆိုသော မိန်းကလေးတယောက်ကို ကျွန်တော် ဖျပ်ခနဲ သတိရသွားသည်။


မေနှင့် ကျွန်တော် မတွေ့သည်မှာ နှစ်ပေါင်းအတော် ကြာခဲ့လေပြီ။  ကျွန်တော့်နှလုံးသားထောင့်တနေရာမှာ သိမ်းဆည်းထားခဲ့သည်မှာလည်း အတော်ကြာခဲ့လေပြီ။ လွန်လေပြီးသော ကာလတခုဆီက ကျွန်တော့်ဆန္ဒတစုံ ဖြစ်ခဲ့ဖူးသော မေမွေးဖွားရာတိုင်းပြည်ကို သွားရောက်လည်ပတ်ခွင့် ကြုံခဲ့သည်။ မေပြောပြဖူးသော ပထမနိုင်ငံတော်တည်ထောင်ရာ ဘုရားပုထိုးများစွာရှိသောနေရာ၊ ခြေထောက်ဖြင့် လှော်ခတ်သော ရေကန်၊ နောက်ဆုံး နန်းစိုက်ရာမြို့၊ ရွှေတောင်ကြီးပေါက်သလို ဘုရား၊ အင်ဂျင်နီယာနည်းဖြင့် တည်ဆောက်ရန်ခက်သော ဘုရားတို့ကို ကျွန်တော် လည်ပတ်ခဲ့သည်။ ထိုနိင်ငံသည် မေကဲ့သို့ပင် စိတ်ဝင်စားဖွယ်အပြည့်ဖြင့် နွေးထွေးပျူငှာ ချစ်စရာကောင်းလွန်းလှသည်။

ထိုတိုင်းပြည်၏ တနေရာတွင် ကျွန်တော်မြတ်နိုးရင်ခုန်ရဖူးသော မိန်းကလေး ရှိနေခဲ့သည်။ သူမချစ်သော စာအုပ်များ၊ သစ်ပင်များကြား သူမ၏ အိမ်မက်များကို ကျားကုပ်ကျားခဲ အကောင်အထည် ဖော်နေလိမ့်မည်။

ကျွန်တော် မေ့ကို ခပ်ဖွဖွလေး သတိရနေမိခဲ့သည်။

စန်းထွန်း
ဧပရယ် ၁၊ ၂၀၁၂။

ဇူလှိုင်လ Teen Magazine ရဲ့ Blog Digest အတွက် ရွေးချယ်ခံရတယ့် အက်ဆေး
ကျွန်မရဲ ့ ပထမဆုံး ပုံနှိပ်စာအုပ်မှာ ဖော်ပြခံရတယ့် အက်ဆေးလေးပါ။