Friendship Day ...



ဆူနမ်၊ ရာမား၊ မိုင်း နဲ့ စန်းထွန်းတို့တွေ Friendship Day အထိမ်းအမှတ်အဖြစ် ပါတီ ကျင်းပကြပုံက
အစားအသောက် - pizzahutက ပီဇာ၊ ကြက်ကြော်၊ ဘီယာ ၂ ပုလင်း၊ ဝိုင် ၁ပုလင်း။
နေရာ - ဒီတခေါက်အလှည့်ကျတာက စန်းထွန်းအခန်း။
အချိန် - သူတို့ ကားမောင်းကျင့်ပြီးချိန် ည ၈နာရီခွဲ။
ဆေးလိပ်၊ အရက်မသောက်ရတဲ့ နေရာမှာ ခိုးလုပ်ရတာလဲ ပျော်စရာ တမျိုးကောင်းသား။ မိုင်းက ဗီယက်နမ်၊ ဆူနမ်၊ ရာမားက နီပေါ၊ စန်းထွန်းကတော့ ရွှေမြန်မာ။ စာမေးပွဲတွေပြီးလို့ စိတ်လွတ်ကိုယ်လွတ် စားလိုက်ကြ၊ သောက်လိုက်ကြ၊ ပွားလိုက်ကြပေါ့။ ရာမားနဲ့ မိုင်းက ဘီယာ။ ဘီယာခါးတာကို မကြိ ုက်တဲ့ ဆူနမ်နဲ့ စန်းထွန်းက ဝိုင်။ တယောက်ကိုတယောက် ငှဲ့ပေး၊ ပြိုင်သောက်ကြနဲ့ အတော်ပျော်ဖို့ ကောင်းသား။ RA(Resident Officer)သိမှာလည်း ကြောက်ရသေး။ သိရင် ဒဏ်ကြေးလာမှာ။

ခဏနေတော့ ထွေလာကြပြီ။ မိုင်းက ဗီယက်နမ်သီချင်း ဆိုပါလေရော။ အားလုံးက တော်ပါတော့၊ ဆိုချင်ရင် တကြောင်းဆိုရင် တကြောင်း အင်္ဂလိပ်လို ဘာသာပြန်မှ တို့တွေ နားလည်မှာပေါ့ဆိုတော့ သူအင်္ဂလိပ်လိုပြောရင် ဘယ်သူမှ နားမလည်တဲ့ မိုင်းခမျာ ဆိုချင်ရက်နဲ့ တို့တွေ ညစ်တာနဲ့ ရပ်လိုက်ရရော။ အိုး ဟူး အို့ဟို ရေ့ရီး I love you more than I can say ဆိုပြီး သူရတဲ့ အင်္ဂလိပ်သီချင်းနှစ်ကြောင်း ဆိုတော့ တို့တွေက သံယောင်လိုက်ပေး။ တယောက်ကိုတယောက် ရစ်။

မတ်တပ်ရပ်ပြီး အကြာကြီး နေနိုင်ကြေး ပြိုင်ကြ။ ပြီးရင် ကြမ်းပြင်ကို တယောက်ပြီးတယောက် ပြုတ်ကြ အဲလေ လဲကြ။ မိုင်းနဲ့ရာမားတို့ လက်ချင်းချိတ်ပြီး အိမ်သာကို ဒယိုင်းဒယိုင်နဲ့ ချီတက်သွားချိန်မှာ အခြေအနေ မဟန်တဲ့ စန်းထွန်းကို စောင့်ကြည့်ဖို့ ဆူနမ်က ကျန်ခဲ့ပါတယ်။ တကယ်လဲ အန်တော့ ရင်ထဲမှာ နေလို့တကယ် မကောင်းတာပါ။ မေသိရင်တော့ "သောက်ချင်ဦးဟဲ့ ဝိုင်လို့"လာမှာ။ ဆူနမ်က သူ့နီပေါဆေး လာတိုက်တော့မှ နေလို့ ကောင်းသွားလေရဲ့။ ရေနွေးနွေးထဲကို ဆားထည့်တိုက်။ သံပုရာသီးကို မိုင်းအခန်းက သွားယူပြီး ရေထဲထည့်တိုက်နဲ့။ သူတို့မှာ ဇရက်မင်းစည်းစိမ် ခံစားနေတာတွေ အကုန်ပျောက်။

နည်းနည်းချင်း မသောက်ဘဲ တဘရိတ်တည်း မော့ချလို့တဲ့။ နေ့လည်ကလည်း ဘာမှ ဟုတ်တိပတ်တိ မစား။ မိုင်းက နီပေါ ပရုတ်ဆီကို ပွတ်ပေးပြီး နှိပ်ပေးတော့မှ သက်သာတာပါ။ ဆူနမ်နဲ့ ရာမားက စန်းထွန်းခုတင်ပေါ်မှာ အခန့်သား နှပ်နေပြီ။ မိုင်း နဲ့စန်းထွန်းကတော့ ကြမ်းပြင်မှာ နှပ်လို့ ကောင်းဆဲ။

တရေးနိုးလာကြမှ ကိုယ့်အခန်းကိုယ်ပြန်ကြလေရဲ့။ အိပ်လိုက်တာ။ အိမ်မက်ထဲမှာ တံခါးခေါက်နေသလို တံခါးခေါက်သံကလည်း ဝေးလာလိုက် နီးသွားလိုက်။ ခပ်ပြင်းပြင်း ခေါက်နေတဲ့ တံခါးခေါက်သံရယ် စန်းစန်းလို့ ခေါ်နေသံကြားမှပဲ အိမ်မက်မဟုတ်ပါလား အပြင်မှာ တကယ်ကြီးခေါက်နေတာပါလား။ တံခါးသွားဖွင့်ပေးတော့ ဆူနမ်။
ဆူနမ် း "စန်းစန်း အပြင်က ရာသီဥတုကို သတိထားမိလား ?"
စန်းထွန်း း "နိုး"(မျက်စိမဖွင့် အိပ်ချင်မူးတူးအသံဖြင့်)
ဆူနမ် း "တော်နေဒိုး သတိပေးချက်ရှိတယ်။"
စန်းထွန်း း "ဟမ်..." (ပိတ်နေတဲ့ မျက်လုံး အစွမ်းကုန် ပြူးကျယ်သွားပြီး ထွေနေတာတွေ၊ အိပ်ချင်နေတာတွေ ဘယ်ရောက်သွားမှန်းမသိ ကြက်ပျောက်ငှက်ပျောက်။)

"ကြည့် မီးတွေ အကုန်ဖြတ်ထားပြီး အရေးပေါ် မီးချောင်းပဲ ထွန်းထားတာ။ အပြင်မှာလည်း လျှပ်စီးတွေ လျှပ်ပြီး မိုးကြိုးတွေ အသားကုန် ချိမ်းနေတာ။ ပက်လက်မအိပ်နဲ့ ဘေးတစောင်းအိပ်၊ တံခါးကိုလည်း လော့မချထားနဲ့။ တခုခုဆိုရင် မြေအောက်ထပ်ကို ဆင်းပြေးရမှာ။ သတိနဲ့ အိပ်"တဲ့။

နာဂစ်၊ မာလာ မုန်တိုင်းတွေကို ကြုံဖူးတဲ့ စန်းထွန်း တော်နေဒိုးကိုတော့ တကယ်ကြောက်ပါတယ်။ ဘယ်ကို ဦးတည်မှန်းမသိ၊ လမ်းကြောင်းတလျှောက် အကုန်ဖျက်ဆီးသွားတဲ့ တော်နေဒိုး ဆိုတာကိုတော့ အသံကြားရုံနဲ့တင် ကြောက်တာ။ ခုတော့ ကိုယ့်အနီးရောက်နေပြီဆိုတော့ မကြောက်ဘဲ ဘယ်နေပါ့မလဲ။ ဟိုတလောကတင် တော်နေဒိုးတိုက်လို့ လူ၁၀၀ကျော်လောက် သေသွားတာ။

ဆူနမ်ထွက်သွားတော့မှ စစ်ကြည့်လိုက်တော့မှ ဟုတ်ပါရဲ့ မီးလည်း ဖြတ်ထားပြီ။ ကွန်ပျူတာကလည်း ဖွင့်လျက် တန်းလန်း။ အိပ်ချင်စိတ်တွေလည်း မရှိတော့ ကွန်ပျူတာသိမ်း၊ အရေးကြီးတဲ့ ပတ်စ်ပို့၊ I 20၊ SSN(Social Security Number) card ၊ ပိုက်ဆံအိတ်တို့ကို ကျောပိုးအိတ်ထဲထည့် တခုခုကို ဆွဲပြေးရအောင်။ ရှူးပေါက်ချင်လို့ တံခါးဖွင့်တော့ စန်းထွန်းကို စိတ်ပူနေတဲ့ ဆူနမ်လည်း တံခါးဖွင့်လာပါတယ်။ အိမ်သာသွားမယ်ဆိုတော့ အဖော်လိုက်ပေးပါတယ်။ ဖုန်းကို လက်နှိပ်ဓာတ်မီးအဖြစ် သုံးပြီး။ လျှပ်စီး တလက်လက် လျှပ်နေတာတွေ၊ တဂျိမ်းဂျိမ်း မိုးခြိမ်းသံတွေ၊ တဖြောက်ဖြောက် သည်းကြီးမည်းကြီး ရွာနေတဲ့မိုးသံကို ကြားရတော့ တယောက်တည်း ဘယ်လိုမှ မအိပ်ရဲတော့တာပါ။ အအိပ်ကောင်းလို့ တော်နေဒိုးလာလို့ ပါသွားရင်တောင် သိလိုက်မှာ မဟုတ်။ အခန်းကလည်း အဆောင်ရဲ့ အပေါ်ဆုံးထပ်မှာလေ။

ဆူနမ့်အခန်းကို ခေါင်းအုံးတွေ၊ စောင်တွေ ယူပြီးချီတက်သွားတော့ မိုင်းက ရောက်နှင့်နေပြီ။ သူနဲ့ရာမား ပိန်ပိန်နှစ်ကောင်က ဆူနမ့်ခုတင်မှာ အခန့်သား။ စန်းထွန်းက ဆူနမ်ဘေး ကြမ်းပြင်မှာ နေရာယူတာပေါ့။ မိုင်းက လျှပ်စီးလက်တာများ အတော်ကြောက်ဖို့ကောင်းတာ၊ လေတိုက်တဲ့ အသံကလည်း အတော့်ကို အသည်းယားဖို့ ကောင်းတာတဲ့။ ဒါနဲ့ သူလည်း ဆူနမ်အခန်းကို ပြေးလာတာတဲ့။ သိကြားနဲ့ အသူရာ တကယ်ဆော်နေတာကို သူတို့သုံးယောက်လုံး နိုးပါတယ်။ စန်းထွန်းတယောက်တည်း မနိုးတာ။ မိုင်းက ပြေးလာတော့ ဆူနမ်က စိတ်ပူလို့စန်းထွန်း အခန်းကို တံခါးလာခေါက်ပါတယ်။ စန်းထွန်းက အိပ်ပျော်နေတာ။ ဒုတိယအကြိမ် ခေါက်မှ နှိုးတာ။ ငါ့နဲ့နော် အအိပ်ကောင်းတာများ တော်နေဒိုးနဲ့ ပါသွားရင်တောင် သိလိုက်မှာ မဟုတ်။ ရာမားကတော့ ဆူနမ်အခန်း၊ ဆူနမ့်ခုတင်မှာ နေ့တိုင်း အိပ်တာ။ အခန်းပိုင်ရှင် ဆူနမ်ကတော့ ကြမ်းပြင်မှာ။ တက္ကသိုလ် စတက်ကတည်းက အတူတူ၊ အလုပ်ဝင်တော့လည်း အတူတူ၊ ဒီကို ကျောင်းလာတက်တော့လည်း အတူတူ။ ကြောက်တတ်တဲ့ ရာမားကို ဆူနမ်က စောင့်ရှောက်ရတယ်။

လုံခြုံရေးအစောင့်ကားက အပြင်မှာ မီးထွန်းပြီး စောင့်နေပါတယ်။ တကယ်လို့ တော်နေဒိုး ဝင်မွှေရင်လည်း alarm တွေမြည်လာမှာပါ။ ဘယ်ပြေးရမလဲမေးတော့ မြေအောက်ထပ် ပြတင်းပေါက်တွေ မရှိတဲ့ နေရာကို။ ဒါမှ တော်နေဒိုးဆွဲယူတာကို မပါမှာ။ ဘယ်နေရာလဲ သိလားလို့ ဆူနမ်ကို မေးတော့ သူလည်း မသိဘူးတဲ့။ အရေးအကြောင်းဆိုရင် သူများပြေးတဲ့နေရာ လိုက်ပြေးရမှာပါ။ အဆောင်မှုးတွေ၊ အဆောင်ကြီးကြပ်ရေးမှုးတွေက ပစ်မထားပါဘူး၊ လာမှာပါတဲ့။ အငယ်က အကြီးကို နှစ်သိမ့်နေတာ။

ဒီလို ရင်တဒိတ်ဒိတ်နဲ့ အိပ်ပျော်သွားလိုက်တာ မနက် ၉နာရီကျော်မှ နှိုးကြတယ်။ ခုတော့လည်း ကောင်းကင်ကြီးက တိမ်ကင်းစင်ပြီး ကြည်လင်ပြာလဲ့နေတာများ ညက သူမဟုတ်တဲ့အတိုင်း။ မီးက ပြန်လာပါပြီ။ ဒါပေမဲ့ အင်တာနက်ကတော့ ဖြတ်ထားဆဲ။

ဝမ်းဟာနေလို့ နေလည်စာကို စောစောပဲ သွားစားကြပါတယ်။ ထမင်းစားဆောင်က တနင်္ဂနွေဆို နေ့လည် ၁၁ မှာ စဖွင့်တယ်။ စားသောက်ရင်း ညက အကြောင်းကို ပြန်ပြောပြီး စနောက်ကြနဲ့။ နောက်ဆို စန်းထွန်းကို ဝိုင်တပုလင်း တိုက်မယ်တဲ့။ ညက အန်လို့ ပြ ုစုလိုက်ရတာကို အမှတ်မရှိသေးဘူး။ တပုလင်းတိုက်မယ်။ တခါတည်း ဆေးရုံတန်းရောက်သွားမယ်။ စန်းစန်းက တော်နေဒိုးတန်ခိုးနဲ့ ကောင်းကင်မှာ ပျံနေချိန်မှာ သူတို့သုံးယောက်ကတော့ မြေအောက်ထပ်(basement)မှာ ပုန်းနေမှာတဲ့။ ကြောက်ပါတယ်ဆိုမှ သူများကို နောက်စရာလားနော်။

ကျောင်းရောက်တာ ၇လ ရှိပါပြီ။ ဒီလိုမျိုး လေးယောက်သား စုအိပ်တာ ဒါပထမဆုံးအကြိမ်ပါပဲ။ နောင်ဆို တယောက်တနေရာဆီ ဒီလိုမျိုး ပြန်ဆုံဖို့ဆိုတာ မလွယ်တော့ပါဘူး။ Friendship day မှာ ဘီယာရယ်၊ ဝိုင်ရယ်၊ တော်နေဒိုးရယ်။ အဲဒီနေ့ကတော့ တကယ့်ကို အမှတ်တရပါပဲ။ မတူညီတဲ့ လူမျိုး၊ ဓလေ့ထုံးစံ၊ အတွေးအခေါ်၊ အကျင့်စရိုက်တွေဟာ အကြောက်တရားကြောင့် တူညီစွာ စုစည်းသွားတဲ့အခါ၊ မိဝေးဖဝေး အဝေးကြီးမှာ အဆောင်နေ ကျောင်းသူအချင်းချင်း ရိုင်းပင်းကူညီ ချစ်ခင်ကြတဲ့အခါ ဘယ်လောက် ချစ်ဖို့ကောင်းလဲနော်။

စန်းထွန်း
သြဂုတ် ၇၊ ၂၀၁၁။

5 comments:

စံပယ္ခ်ိဳ said...


mstint said...


မေတ္တာဖြင့်
အန်တီတင့်

San San Htun said...


Anonymous said...

အိုင်အိုရာ

San San Htun said...

စံပယ်ချို said...
စာဖတ်ရင်နဲ့ အပျော်တွေကူးလာပါတယ်....
ရည်မှန်းချက်တွေအောင်မြင်ပြီး...အဲဒီလိုသူငယ်ချင်းတွေနဲ့ ထာဝရ ပျော်ရွှင်ပါစေ.....
အမြဲရင်ထဲမှာထားတယ်နော်...
August 9, 2011 at 3:08 AM
mstint said...
Friendship day ဖတ်သွားပါတယ်။
မုန်တိုင်းအကြောင်း ဘယ်စာမှာ ဖတ်မိဖတ်မိ ကြုံဖူးခဲ့တဲ့ နာဂစ်ကို သတိရမိတယ်။
တော်နေဒိုး ဝင်မလာတာ ကံကောင်းတာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
August 9, 2011 at 10:07 PM
San San Htun said...
အန်တီတင့်ရေ စန်းထွန်းကြံဖူးတဲ့ နာဂစ်လေး မြည်းကြည့်ပါဦး...http://sansanhtun.blogspot.com/2011/03/blog-post_26.html...အဲဒီကတည်းက မုန်တိုင်းဆို ကြောက်လွန်းလို့။
August 9, 2011 at 10:41 PM
Anonymous said...
တော်နေဒိုးကတကယ်ကြောက်စရာကြီးနော်။ တီဗီထဲမှာတောင် တအားကြောက်စရာကောင်းတာ။ အပြင်မှာဆို တကယ်မလွယ်ဘူး။
အိုင်အိုရာ
August 9, 2011 at 10:47 PM