တကယ် တတ်မတတ် _ ၁

မြန်မာပြည်က ပညာရေးစနစ်ကတော့ ကြက်တူရွေး နှုတ်တိုက်ကျက်သလို ကျက်နိုင်မှ အမှတ်ကောင်းတာပါ။ ခလုတ်တိုက်ရင် မေ့သွားရော။ ဘာလက်တွေ့မှလည်း မရှိတော့ နောက်တတန်းသာ တက်သွားတယ်။ ခေါင်းထဲမှာ ဘာမှ မကျန်ခဲ့။

နိုင်ငံခြားမှာတော့ အားကစား တခုခု၊ ဂီတ တခုခု၊ ဘာသာစကား တခုခု မယူမဖြစ် ယူရပါတယ်။ ကလေးတွေ ပန်းချီဆွဲဖို့၊ လူမှုရေးလုပ်ငန်းတွေမှာ ကူညီတတ်အောင် ကျောင်းကနေ လူအိုရုံတွေ သွားပြီး ကူညီလုပ်ကိုင်တာမျိုးတွေ၊ ရန်ပုံငွေရအောင် အလှုငွေခံတာမျိုးတွေ၊ လက်ဆောင်လေးတွေ လုပ်ပြီး ရောင်း၊ ရောင်းရငွေကို လှုတန်း။ စင်္ကာပူကို ရောက်တော့ တွေးမိတာလေးက ငယ်ငယ်တုန်းကရောက်ရင် ကောင်းသားလို့။ အဲလိုမျိုး ဂီတ၊ အားကစား၊ ဘာသာစကား တခုခု တတ်ချင်တာလေ။

ခုတော့ အားကစားလား ရေ ကူးတတ်ပါဖူး(ဟိုယက် ဒီယက်တော့ ရတယ်။ ဟိုင်းကြီးမှာတုန်းက ဘော့သီးနှစ်လုံးကို ကြိုးချည်ပြီး ကူးဖူးတယ်)၊ ဘတ်စ်ကတ်ဘော၊ ဘော်လီဘော ပုတ်တတ်ဖူး။ ကြက်တောင် နယ်မှာနေတုန်းက ဆောင်းရာသီဆို ဟိုရိုက်ဒီရိုက်။ လေတိုက်လို့ ကြက်တောင်ဘောလေးကို ကောက်ရတာများများ။ စားပွဲတင်တင်းနစ် လုံးဝပဲ။ ဒါဆို အားကစားနဲ့ပတ်သက်လို့ ဘာလုပ်တတ်လဲ။ အာလူးကောက်တတ်တယ်(ချထားတဲ့ ကျောက်ခဲလေးကို ပြေးပြေးကောက်ပြီး အိတ်ထဲ ထည့်ရတာ)၊ ထုပ်စီးကောင်းကောင်း ထိုးတတ်တယ်။ စိန်ပြေးတတ်တယ်။ မီတာ ၁၀၀၊ ၂၀၀၊ ၅၀၀ ပြေးတတ်တယ် ငယ်ငယ်တုန်းက။ ခုတော့ မပြေးနိုင်တော့ဘူး အသက်ကြီးလာလို့ း) ။

ဂီတလား လက်ခုပ်တော့ စီးဝါးကျအောင် တီးတတ်တယ် း) ။ activities လား အတန်းဥယာဉ် မြေဆွတာတို့၊ အပင်ရေလောင်းတာတို့၊ ပုသိမ်မြို့အဝင် အရုပ်ကြီးဖွင့်ပွဲတို့ ပါဖူးတယ်။ ဘာသာစကားလား တရုတ်ကားတွေ ကြည့်တော့ ရှဲ့ရှဲ့နီ ၊ ဂျပန်ကားတွေ ကြည့်တော့ အိုဟိုင်းရိုး ဂိုစိုင်းမတ်၊ ကိုရီးယားကားတွေကြည့်တော့ အညော်ရော်ဟတ်ဆိုင်ရိုး၊ အိုပါး၊ အိုနီး၊ အိုမား၊ ဆာရားငယ်တော့ ပြောတတ်တယ်။ ကျောင်းမှာလား သင်ပါဘူး။ သင်ချင်ရင် အပြင်မှာ သင်တန်းသွားတက်။

စာကြည့်တိုက်ဆိုလည်း ကလေးတွေအတွက် စာအုပ်တွေ အတော်များပါတယ်။ ရောင်စုံကာတွန်းလေးတွေနဲ့ ကလေးစာအုပ်လေးတွေကို စန်းထွန်းတို့တောင် ယူဖတ်ရတယ်။ မြန်မာပြည်က ကလေးတွေကတော့ ဒီလို အခွင့်အရေး မရှိရှာပါဘူး။ စာကြည့်တိုက် ဆိုတာလည်း ရွေးချယ်စရာ၊ ဖတ်စရာ သိပ်မများ။ စာကြည့်တိုက် ဆိုတာလည်း သိပ်မရှိ။ နိုင်ငံခြားမှာတော့ နေရာတိုင်းမှာ စာကြည့်တိုက်တွေ ရှိပါတယ်။ စာအုပ်တွေကလည်း အများကြီး။

တိုင်းပြည်တပြည်မှာ ပညာရေးက အရေးကြီးပါတယ်။ ပညာမြင့်မှ လူမျိုးမြှင့်မှာ။ စင်္ကာပူ တည်ထောင်သူ လီကွမ်ယုဆို သောက်စရာ ရေတောင် မရှိတဲ့ တိုင်းပြည်ကို ပညာရေးနဲ့ တိုင်းပြည်ကို တိုးတက်အောင် လုပ်မယ်ဆိုပြီး တည်ထောင်တာပါ။ သဘာဝသယံဇာတ အရင်းအမြစ်တွေက တချိန်ကျရင် ကုန်ခမ်းသွားနိုင်ပေမဲ့ လူ့အရင်းအမြစ်သာ မကုန်ခမ်းနိုင်တာ။ ခု ရေတွင်းတူး ခုချက်ချင်း ရေကြည်သောက်လို့ မရပါဘူး။ စင်္ကာပူ ဒီလိုဖြစ်လာအောင် နှစ် ၄၀လောက် အချိန်ပေးခဲ့ရတာ။ ခုချိန်မှာတော့ ပညာရေးကောင်းလို့ အာရှက လူတွေ လာတတ်နေရပြီ။

စင်္ကာပူက ကလေးတွေက အင်္ဂလိပ်စကားပြောနေမေဲ့ Grammer အားနည်းတယ်။ I goes. We has တို့ သုံးတတ်တယ်။ သင်္ချာလည်း အားနည်းတယ်။ မြန်မာတွေကတော့ Grammer ၊ သင်္ချာ အားသာပါတယ်။ ခုခေတ် ကလေးတွေတော့ မသိ။

ရန်ကုန်တက္ကသိုလ်ဆိုရင်လည်း အရင်တုန်းက အရှေ့တောင်အာရှက နာမည်ကြီးကျောင်းမှာ ပါပါတယ်။ နိုင်ငံခြားသားတွေတောင် လာတက်ရတာ။ ဝင်ခွင့်က ခက်တယ်တဲ့။ ခု မြန်မာပြည်က တက္ကသိုလ်တွေကတော့။

ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်တဲ့ မောင်မောင် ကျောင်းသွားဖို့ တော်တော်စိတ်ညစ်တယ်။ ဆရာတွေက မလာ။ ဝထ္ထုစာအုပ်ယူသွားပြီး ဖတ်နေတော့တာ။ မသွားလို့လည်း မရ ရိုးကော( roll call) မရဘူးလေ။ ကျူတိုရီရယ် စာအုပ်ဖွင့်ပြီး ကူးကြတာ။ စာမေးပွဲကျလား။ ကန်တော့လိုက်ရင် အောင်တယ်။ မေးခွန်းလိုချင်လား ကျူရှင်တက်ရင် ရတယ်။ တကယ်စိတ်ရင်းနဲ့သင်တဲ့ ဆရာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက လူနည်းစုဆိုတော့ အားလုံးကို ဝါးလုံးရှည်ကို ယမ်းလိုက်တာပါပဲ။

စန်းထွန်း
ြသဂုတ် ၆၊ ၂၀၁၁။

No comments: