Before & After ...

Spring & Hybernate သင်တဲ့ ဆရာမိခဲက ကျောင်းမှာ အသက်အငယ်ဆုံး ပရော်ဖက်ဆာ။ နယ်သာလန် (ဟော်လန်) က။ ဟော်လန်ဆိုတာနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေမှာ လိမ္မော်ရောင်တောက်တောက် ဝတ်ဆင်ထားတဲ့ အသင်းလို့ အမှတ်ရပါတယ်။ ဆရာ့ကို မြင်လိုက်တာနဲ့ ချောတယ်လို့ ကျောင်းသူအားလုံးက တညီတညွှတ်တည်း မှတ်ချက်ပြုပါတယ် (၄ ယောက်တည်းသော ကျောင်းသူတွေက)။ အသက်ကလည်း ၃၀ တောင် ပြည့်သေးရဲ့လားမသိ။ တော်လည်း တော်ပါတယ်။

နူးညံ့ ညင်သာတဲ့ လေသံလေးနဲ့ မျက်နှာပေါ် ဝဲကျနေတဲ့ ဆံပင်လေးကို သပ်တင်လိုက်ရင် မျက်လုံးဝိုင်းဝိုင်း နက်နက်လေးကို အနားသတ်ပေးထားတဲ့ မျက်ခုံးထူထူတွေကို မြင်ရလေတိုင်း ငါသာ သူ့လို မျက်ခုံး၊ မျက်လုံးလှလို့ကတော့ ဖုံးမထားဘူး ဖေါ်ထားမှာလို့ တွေးမိပါတယ်။ အရပ်က သာမန်၊ လူကောင်က သေးပေမဲ့ ကိုယ့်ကိုကိုယ့် ယုံကြည်မှု အပြည့်ရှိတဲ့ပုံ ပေါက်ပါတယ်။

ဆရာနာဂျစ်လောက် စာသင်မကောင်းပေမဲ့ တပည့်တွေကို စိတ်ပါလက်ပါ စေတနာအပြည့်နဲ့သင်မှန်း သိသာပါတယ်။ ကျောင်းသားတဦးရဲ့ အိမ်စာတွေကို အသေအချာဖတ်ပြီး အကြံပေးတာတွေ၊ မှတ်ချက်တွေ ပေးတတ်ပါတယ်။ နားမလည်လို့သွားမေးလို့ကတော့ နားလည်အောင် ထပ်ကာထပ်ကာ မမောနိုင်မပန်းနိုင် ရှင်းပြတတ်ပါတယ်။ မနက်တိုင်းဖြေရတဲ့ Quizzအဖြေလွှာစာရွှက်တွေကိုလည်း အနီရောင်၊ အစိမ်းရောင်တွေနဲ့ အမှတ်ပေးတတ်ပြီး သူကြိုက်တဲ့ အချက်လေးတွေဆို မှတ်မှတ်ရရ တေးတတ်ပြန်တယ်။ ၃ နာရီ အတန်းပြီးသွားပေမဲ့ အခန်းထဲမှာ ၅နာရီအထိ ရှိနေပြီး ကျောင်းသားတွေ မေးတာကို ဖြေဖို့ အသင့်ရှိနေပါတယ်။ ကျောင်းသားရဲ့ နာမည်၊ ခုံနံပါတ်ပါတဲ့ မေးခွန်း၊ ကွန်ပျူတာနဲ့ ဖြေရတဲ့ မေးခွန်းဆိုရင်လည်း အဖြေကို နံပါတ်ပါတဲ့ thumb drive ထဲ ထည့်ပေးရပါတယ်။ ကျောင်းသားတွေက မှတ်ချက်ပြုပါတယ် လုပ်လည်းလုပ်နိုင်တဲ့ ဆရာတဲ့။

ပရိုဂရမ်းမင်း ဘာသာရပ်ဆိုတာလည်း ပုစ္ဆာတခုကို အဖြေက အမျိုးမျိုးရှိနိုင်ပါတယ်။ တခြားဆရာတွေကတော့ ဘယ်နည်းနဲ့ တွက်တွက် အဖြေထွက်ရင် ပြီးရော လက်ခံပေမဲ့ ဆရာကတော့ သူနဲ့ လုံးဝတူမှ အမှတ်ပြည့်ပေးချင်တာပါ။ အမှတ်ပေးလည်း ကပ်စီးနည်းတယ်။ ဒါ့အပြင် သူ့မေးခွန်းကလည်း အရမ်းခက်တယ်လို့ နာမည်ကြီးပါတယ်။ ၁၀နာရီကနေ ဖြေလိုက်တာ နေ့လည် ၂ နာရီသာထိုးရော အရမ်းတော်တဲ့၊ အတွေ့အကြုံအရမ်းများတဲ့ ကျောင်းသားလောက်သာ error ရှာတွေ့ပြီး application ကို run နိုင်တာပါ။ နေ့လည်စာလွတ်ရုံမက ၄နာရီထိုင်ဖြေပေမဲ့ အဖြေမတွေ့တော့ ကျောင်းသားတွေ မှတ်ချက်ပြုကြပုံက

“Before the exam, Michael is handsome. After the exam, he is not handsome anymore.” ဟူ၍။

စန်းထွန်း
သြဂုတ် ၃၁၊ ၂၀၁၁။

အစာမ‌ကြေခြင်းများ...

အရင်တုန်းက စန်းထွန်းတယောက် စိတ်ကောက်ရင်ဖြင့် မျက်နှာက ရှစ်ခေါက်ချိုး၊ စိတ်ထဲ မတွေ့ရင်ဖြင့် မျက်နှာမှာ ပေါ်တာ တန်းခနဲပဲ။ တကယ့်ကို ဟန်ဆောင်မှု ကင်းခဲ့တာပါ။

နေထိုင်မှုစရိတ် ကြီးမြင့်လှတဲ့ စလုံးမှာ အတူနေထိုင်ကြသူချင်း စရိုက်လေးတွေ မတူညီတဲ့အခါ၊ သူတပါးအတွက် စဉ်းစားမပေးတဲ့သူတွေနဲ့ ကြုံရတဲ့အခါ အစာမကြေတာတွေကို အတင်းကြိတ်မှိတ်ဝါးပြီး မျိုချရတာပေါ့။ မမျိုချနိုင်ရင်တော့ဖြင့် အိမ်အသစ်ရှာပေါ့။

အလုပ်ထဲမှာ စီနီယာ အနိုင်ကျင့်ရင်၊ အတူအလုပ်လုပ်သူချင်း ပညာပြရင် ဘာမှမဖြစ်သရောင် မျက်နှာကို ပြုံးဖြီးဖြီး(အတင်း ပါးစပ်ကို ဖြဲထားရတာ..)လုပ်ပြီး မခံချင်စိတ်တွေကို မျိုချခဲ့ရတာပေါ့။ မမျိုချနိုင်ရင်တော့ဖြင့် အလုပ်ပြောင်းပေါ့။

စွာတတ်၊ နှက်တတ်၊ မျက်နှာဖြီးထားတတ်၊ ရင်ထဲရှိတာတွေ မျိုသိပ်တတ်အောင်၊ အစာမကြေတာတွေ မျိုချတတ်အောင် စလုံးက သင်ပေးခဲ့ပါတယ်။

ခု Principals of Success(FOREST Academy) two weeks course ကို တက်နေရပါတယ်။ FOR-REST ဆိုတဲ့အတိုင်း တကယ့်ကို REST ရတာပါ။ အတန်းစလို့ ၁၅မိနစ်လောက်ဆို မျက်လုံးကစင်းပြီး ခေါင်းစိုက်နေပြီ။ ကမ္ဘာပေါ်မှာ အလေးလံဆုံးက မျက်ခွံဆိုတာ အဟုတ်..တကယ်..။ သင်တဲ့ဆရာကလည်း နားမလည်တဲ့ စီးပွားရေးအကြာင်းတွေကို ဥပမာပေးပြီး ရှင်းပြတော့ ပိုပြီး ချော့သိပ်နေသလို။ Transcendental Meditation ဆိုတဲ့ တရားထိုင်နည်း ဘယ်လိုကောင်းကြောင်း၊ ဘယ်သုတေသနက ဘယ်လို ထောက်ခံကြောင်း၊ နာမည်ကြီး ဘယ်သူတွေက TM ကို လေ့လာနေတယ်ဆိုတာကို မားကတ်တင်းဆင်းသလို ဆင်းတဲ့အခါ၊ TM စတင်တည်ထောင်သူ မဟာရီချီယောကီ တရားတိတ်ခွေကို ဖွင့်ပြတဲ့အခါ ကျောင်းသားအားလုံးက အိပ်ငိုက်တော့တာပဲ။ မြန်မာလိုတရားဟောရင်တောင် ပါဋ္ဌိတွေပါရင် နားမလည်တာ ခုလို unawareness၊ consciousness၊ unboundedness၊ unifined field ဆိုပြီး အင်္ဂလိပ်တရား နာရတော့ စန်းထွန်းတယောက် ရွာလည်တော့တာပေါ့ (ကျောင်းသားအများစု)။ TMက တကယ်လည်း ကောင်းမှာပါ။ တချိန်ချိန်မှာတော့ TM ကောင်းတယ်လို့ တွေးချင်တွေးလာမှာပါ။ ခုချိန်မှာတော့....

ကျောင်းက ကွန်ပျူတာဘာသာရပ်တွေကတော့ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ခုလို SCI၊ Forest course တွေကတော့ ... း)။ ခက်တဲ့ဘာသာရပ်တွေကို သင်ယူပြီး ခုလို အနားရတဲ့ ဘာသာတွေကို သင်ရတော့ အတော့်ကိုပျင်းသား။ ဆရာတွေက လိုအပ်တယ်၊အရမ်းကောင်းတယ်လို့ တွေးပေမဲ့ ကျောင်းသားတွေက မတွေးတဲ့အခါ...မိဘက အာဟာရရှိစေဖို့ အတင်းကျွှေးလို့ အော်ဟစ်ငိုယိုပြီး မကြိုက်တဲ့ အစားအစာကို အတင်းမျိုချ စားရတဲ့ ကလေးလို...ဗြဲ...ဗြဲ။

ခုလို အားရားလိုက်၊ ယားလို့ မကုတ်အားနိုင်အောင် ဘီးစီးလိုက်နဲ့ စန်းထွန်းတယောက် အစာမကြေတာတွေကို ကြိတ်မှိတ်မျိုချပြီး ဝါးနေကြောင်း...။

စန်းထွန်း
သြဂုတ် ၂၉၊ ၂၀၁၁။

ဘလော့‌ဒေး (တဂ်ပို့စ်) ...

သြဂုတ် ၃၁ ရက်နေ့မှာ ကျရောက်ပါသော ဘလော့ဒေးနေ့...
အထိမ်းအမှတ်ပို့စ်လေးတွေကို ဘလော့တကာလည်ရင်း ဘလော့ဂါတွေ ဘလော့စတင်ပုံလေးတွေ၊ ဘလော့ဂါအချင်းချင်း ကူညီအားပေးကြပုံတွေကို ဖတ်ခဲ့ရပါတယ်။ ဘယ်သူ့ကို တဂ်တယ်ဟေ့ ဆိုရင် တဂ်ခံရတဲ့သူတွေကလည်း ပြန်ရေးနဲ့ အတော်ကို ပျော်စရာကြီး။ ဘယ်သူများ စန်းထွန်းကို တဂ်မလဲလို့ စောင့်မျှော်နေရင်း ဘယ်သူမှလည်း မတဂ်ရော ဒီတပတ် တနင်္ဂနွေတော့ ဘယ်သူ တဂ်...တဂ် မတဂ်...တဂ် ကိုယ့်ဘာသာ တဂ်မယ်လို့ အားခဲထားတာ။ ခုလို Angelhaling က စီဘောက်မှာ တဂ်တယ်လို့ လာအော်လာတော့လည်း အိမ်း...(ဝမ်းသာလုံး ဆို့တာကို မနည်းမျိုသိမ့်ထားတဲ့လေသံနဲ့ ) ရေးရချီသေးတာပ (သိပ်မရေးချင်ရှာဘူး...ချက်ချင်းကို ရေးတော့တာ...ရေးမှာပဲ ရေးမှာပဲ ငါ့ကိုတော့ မတားနဲ့ ... း)။

ဘလော့ဆိုတာကြီးကို စတင်သိပုံက...
အင်တန်းဆင်းတော့ နေ့လည်ထမင်းစားပြီးချိန်ဆို ထမင်းလုံးစီလေ့ ရှိပါတယ်။ ရှိသမျှ သတင်းတွေ ဖတ်လို့ပြီးသွားရင် ဒေါင်းလုပ်ချထားတဲ့ ဝထ္ထုတွေ ဖတ်တော့တာပဲ။ တခါတလေ ဇာတ်ရှိန်မြှင့်နေချိန် ဆူပါဗိုက်ဇာ ပြန်ရောက်လာရင် ဖတ်လက်စတွေကို လက်စသတ်လို့ အလုပ်များချင်ယောင် ဆောင်ရရင်ဖြင့် ကိုရီးယားကားမှာ ဘာဆက်ဖြစ်မလဲ သိချင်သလို ဆံ့တငန့်ငန့်နဲ့ပေါ့။ အေးပိုက သူဖတ်တဲ့ ဘလော့ဆိုတာကြီးနဲ့ မိတ်ဆက်ပေးလာပါတယ်။ မနိုင်း၊ မမ ဘလော့တွေပေါ့။ အဲဒီကစလို့ ဘလော့တွေကို သွားလည်ပြီး စာတွေ ဖတ်နေပြီ။

ဘလော့စတင်ပုံက...
၂၀၁၀ မတ်လမှာ မကာအိုနဲ့ ဟောင်ကောင်ကို သွားလည်ဖြစ်ပါတယ်။ ခရီးသွားတဲ့ အတွေ့အကြုံတွေကို မကြီးနဲ့ မခိုင်ကို ပြောပြတော့ စန်းထွန်းက တခွန်းပြောလိုက်ရင် မကြီးက သူရောက်ခဲ့တဲ့ မလေးရှား၊ မခိုင်က ဘန်ကောက်အကြောင်းပြောနဲ့ ကောင်းကောင်းကို မပြောရပါဘူး။ ပြောရုံနဲ့တင် အားမရတော့ အင်တာနက်နဲ့ အလှမ်းဝေးတဲ့ ခိုင်မေ၊ဖြိုးတို့ဆီကို စာရေးပြီး လှမ်းပြောပြတာ။ ဒါနဲ့တင် အားမရလို့ ဘလော့လုပ်ပြီး ရှယ်တာ း)။ ဒီလိုနဲ့ စန်းထွန်း ဘလော့လေး ဖြစ်လာပါတယ်။ သူငယ်ချင်းတယောက်ပြောသလို "နင်က အပြင်မှာတင် စကားများတာ အားမရလို့။ ဘလော့ရေးပြီး များတာလား..."တဲ့။ ပထမဆုံးရေးတဲ့ပို့စ်က မကာအို သို. အလည် တစ်ခေါက်။ ဓာတ်ပုံများများ စာနည်းနည်းနဲ့ ဆားချက်ပါတယ်။ ဒီလိုနဲ့ အရှုပ်တွေ လုပ်ရင်းနဲ့ ဘလော့ကြီးကို ခေါက်ထားလိုက်တာ...

တကယ်ရေးဖြစ်တာက...
ဘလော့စဖြစ်တယ်ဆိုပေမဲ့ ကိုယ်ကလည်း သူများဆီကို မလည်၊ သူများကလည်း ကိုယ့်ဆီကို မလည် လူမသိ သူမသိပေါ့။ တကယ်ရေးဖြစ်တာက ၂၀၁၁ ဖေဖေါ်ဝါရီ စတိတ်ကို ရောက်လာတဲ့အချိန်။ တဦးတည်းသော မြန်မာဆိုတော့ စကားပြောမဲ့သူမရှိ၊ မြန်မာစကားကို လွမ်းနဲ့ ပျင်းတိုင်း၊ အားတိုင်း၊ လွမ်းတိုင်း ရေးလေသတည်း။ ကြိုက်တဲ့ ပို့စ်လေးတွေကို ဖေ့ဘွတ်ပေါ်တင်။ သူငယ်ချင်းတွေက မြှောက်ပေး၊ ကြုံရင်း'ဩကြုံသလို ဆိုင်..ဆိုင် မဆိုင်..ဆိုင် ကိုယ့်ဘလော့ကို ဖေ့ဘွတ်မှာ ကြေညာ။ သူငယ်ချင်းတွေကလည်း စာသာ လာဖတ်ကြတာ မန့်ဖို့ဆို ကြောက်ကြသား(ကိုယ်တိုင် အပါအဝင်)။

ပထမဆုံး ကွန့်မန့်က...
သူငယ်ချင်း မောင်စိုင်းက ဂါးဖီးပို့စ်မှာ လာမန့်ပါတယ်။ စီဘုံးတွေ၊ ဘာတွေ ထားရမှန်း မသိ။ သူများဘလော့တွေကို သွားလည်ရင်း သူများတွေ ဘယ်လို လုပ်ထားလည်း ကြည့်ပြီး ရှာလုပ်။ ဘလော့တွေကို သွားလည်ရင်း ကွန့်မန့်တွေ ထားခဲ့။ ဒီတော့ သူတို့ကလည်း ပြန်လာလည်နဲ့ ကိုသြဘာပြောသလို "ဘုရားပေါ်က အလကားဝင်ရတဲ့ ဂေါပကပြတိုက်လောက်တော့ လူစည်ပါတယ်"။

ပထမဆုံး လင့်ခ်ချိတ်ပေးတာက...
မောင်မျိုးဘလော့ပါ။ ဒီကနေစပြီး ဘလော့ကို လာလည်တဲ့သူတွေ ရောက်လာပါတယ်။ စီနီယာတွေက နွေးနွေးထွေးထွေး ကြိုဆိုပေး၊ လင့်ခ်တွေ ချိတ်ပေးကြသလို ကွန့်မန့်တွေ၊ အချိန်ပေးပြီး စာလာဖတ်ကြတဲ့ သူတွေကြောင့်လည်း စာဆက်ရေးဖို့ အားအင်တွေ ရပါတယ်။ စာဖတ်ပရိသတ်ကို တခုခု ပေးစွမ်းနိုင်တဲ့၊ ရသမြောက်တဲ့ ပို့စ်လေးတွေ၊ ကဗျာကောင်းလေးတွေ၊ ဟင်းချက်နည်း၊ သတင်းနည်းပညာတွေ ပေးတဲ့ ဘလော့တွေကို ကြားမှာ ကိုယ့်ဘလော့က ကိုယ်.လို ပြောင်စပ်စပ်လေး ဖြစ်နေမှာကိုတော့ အားနာမိသား။

ဘလော့ဒေးနေ့မှာ နှစ်သက်တဲ့ ဘလော့အသစ် ၅ခုကို ပို့စ်အဖြစ်ရေးတင် မိတ်ဆက်ပေးကြတယ်လို့ ဖတ်လိုက်ရပါတယ်။ ကြိ ုက်တာတွေက ၅ခုမက များပြားနေလို့၊ သူများအလှည့်တုန်းက ၅ခုထဲ သူ့ကို ထည့်ပေးပြီး သူအလှည့်ကျတော့ တို့များကို မထည့်ဘူးဆိုပြီး စိတ်ကောက်တော်မူနေမှာစိုးလို့ မိတ်မဆက်ပေးတော့ဘူးနော် း)။ အမြဲသွားလည်ဖြစ်တဲ့ ဘလော့စာရင်းကိုသာ ကြည့်လိုက်။

ပျော်ရွှင်စရာကောင်းတဲ့ ဘလော့ဒေးမှသည် စာတွေ အများကြီး ရေးနိုင်ကြပါစေလို့...

ဘလော့ဂါမျိုးဟေ့ ဒို့ဗမာ...(မဆီမဆိုင် ကြွေးကြော်တတ်တဲ့ မောင်မျိုး စကားလုံးကို ခဏ ငှားယူ ကြွေးကြော်လိုက်ပါသည်။)

စန်းထွန်း
သြဂုတ် ၂၈၊ ၂၀၁၁။

အလွဲများ.....

မြန်မာပြည်မှာတုန်းကတော့ အတင်းတုတ်မယ်ဆိုရင် တပါးသူ မသိရလေအောင် လေသံတိုးတိုးလေးနဲ့ အတင်းတုတ်ကြတာ။ သိသွားရင် မျက်နှာ ပူစရာကြီးကိုး။ စလုံးမှာတော့ ရွှေမဟုတ်ဘူးလို့ ထင်ရင် လေသံလည်းမတိုး မကြည့်ဘဲ သူ့အကြောင်း မပြောသရောင် ခပ်တည်တည် ခပ်ပြောင်ပြောင် အတင်းတုတ်ကြတာ။

တခါက MRT(မီးရထား)မှာ ခုံနေရာမရသေးတော့ ရှေ့မှာထိုင်နေတဲ့ ကုလားကို ဒီကုလားက မထသေးဘူး၊ ဘယ်တော့များမှ ဆင်းမှာပါလိမ့်နဲ့ ပြောနေလိုက်ကြတာ ဆင်းခါနီး ကိုယ်တော်ချောက "ကျွှန်တော်လည်း ရွှေကုလားပါ"လို့ ပြောသွားတော့ အတင်းတုတ်တဲ့သူတွေခမျာ မျက်နှာပူပူ ပါးစပ်ဟောင်းလောင်းလေးနဲ့ ကျန်ခဲ့တာများ...

ဘူတာရောက်ခါနီး တံခါးဝမှာ အသင့်နေရာယူထားပေမဲ့ ဂိမ်းအဆော့မပျက်တဲ့ အတန်းထဲက ဂိုးမတ်တမ်ကြီးကို စလုံးထင်ပြီး အတင်းတုတ်ပုံက "ဒီကလေးမသာလေးကလည်း ဆင်းခါနီးတောင် ဂိမ်းဆော့မပျက်" တဲ့။

ကျောင်းမှာ Parallel Programming သင်တဲ့ ပရော်ဖက်ဆာ Bruce Lester က MIT(Massachusetts Institute of Technology) ကနေ Ph.D ရထားတာပါ။ ဇူလှိုင်လတုန်းက လန်ဒန်မှာ ကျင်းပခဲ့တဲ့ Parallel and Distributed Computing နိုင်ငံတကာညီလာခံမှာ the Best Paper Award of The 2011 ရထားပါတယ်။ ဒီအကြောင်း စကားစပ်ပြီး ပြောကြတော့

စန်းထွန်း း "Lester is bachelor."
မိုင်း း "No. He is Ph.D."

ဆူနမ်၊ ရာမား နဲ့ စန်းထွန်းတို့မှာ ရယ်လိုက်ကြတာ မျက်ရည်တောင် ထွက်တယ်။ bachelor ဆိုတာ ဘွဲ့ရလို့တင် အဓိပ္ပာယ်ရတာ မဟုတ်ဘဲ လူပျိုကြီးလို့လည်း အဓိပ္ပာယ်ရပါတယ်။

လွဲလွဲလေးလည်း ရယ်ရပါတယ်... းD

စန်းထွန်း
သြဂုတ် ၂၃၊ ၂၀၁၁။


နာ...ကွ....

အမှတ်နည်းနည်းများရင်ဖြင့် မောင်မောင်တယောက်ကတော့ "အ..မေကြီးရေ၊ အ...ဖေကြီးရေ သား အမှတ်၉၀ ရတယ်..."ဆိုပြီး တရက်ကွက်လုံးကြားအောင် လမ်းထိပ်ကနေ ဟစ်လေ့ရှိပါတယ်။ အမှတ်နည်းလို့ကတော့ အသံမထွက် ငြိမ်ကုတ်နေတာများ။ ရီပို့ကတ်လာတော့မှ သိရတာ။ တခါတလေများ ရီပို့ကတ်တောင် ဖြောင်လိုက်သေး။ အခုလည်း မောင်မောင့်အမ ပီသစွာ လမ်းထိပ်ကနေ ခုနစ်သံချီ ဟစ်ချင်ပေမဲ့ ဟစ်လို့မရတော့ ဘလော့ကနေပဲ အသံပြဲကြီးနဲ့ ဟစ်လိုက်ပါမယ်...(သတိ - နား ဂွမ်းဆို့ထားတော်မူပါ...)။

"A ရတယ်ဗျို့................. း) းD းP "

(ကြုံတုန်း ကြွားလိုက်ဦးမှ ....)
မူလတန်းတုန်းက စာမလုပ်တာများ ဘယ်လောက်တောင်လဲဆိုရင် "သူများ သားသမီးတွေ သတင်းစာ ဖတ်တတ်နေပြီ မေ့သမီး ခုထိ မဖတ်တတ်သေးဘူး..." ဆိုပြီး မကြီးက မေ့ကို တိုင်ရတဲ့အထိ။ ဟိုင်းကြီးရွာသစ်ကျောင်း လေးတန်းရောက်တော့ ပထမ စရတယ်။ ခုနစ်ယောက်ပဲရှိတဲ့ ကျောင်းသားတွေကြားမှာ အနူတော လူချောလုပ်နေတာပေါ့။ ဒီလိုနဲ့ ပုသိမ်မရောက်ခင် ခုနစ်တန်းအထိ ဟိုင်းကြီးကျောင်း၊ စံပြကျောင်းတွေမှာ စန်းထွန်းတို့ လူချောလုပ်ခဲ့တာပေါ့။ ကျက်စာတွေဆို စာတော်တဲ့ ကျောင်းသားတွေဆီမှာ စာတိုင်ရပါတယ်။ ကျောင်းဥယျာဉ် မြေဆွတုန်းက တီကောင်နဲ့ လိုက်တို့ထားတဲ့ ကောင်တွေ၊ ကွန်ပါဘူး ဖွက်တတ်တဲ့ ကောင်တွေ၊ ဆံပင်လိမ်ဆွဲတဲ့ ကောင်တွေတော့ စာတိုင်ချိန်ဆို စန်းထွန်း ပညာပေးတာ ကောင်းကောင်းခံရတာပေါ့။ ၏ နဲ့ သည်နဲ့ တောင် မလွဲရ။ လွဲလို့ကတော့ ဒီကောင် စာမရဘူး ချာမဆိုပြီး နားရွက်ဆွဲ ခေါင်းခေါက်လုပ်တော့တာပဲ။ ဟိုကောင်တွေ ခမျာမှာလည်း သိရက်နဲ့ ခံရတော့ အံတကြိတ်ကြိတ်နဲ့ပေါ့။ အလှည့်ကျရင် မနွဲ့မတမ်း...။

ရှစ်တန်း ပုသိမ်ကျောင်းရောက်တော့လည်း နှစ်ကျတွေ နေတဲ့ နောက်ဆုံးခန်း အီးခန်း။ အနူချော လူချော စန်းထွန်းတယာက် အခန်းထဲမှာ အဆင့်တစ်၊ တကျောင်းလုံး အဆင့်ခြောက်နဲ့ ကိုးတန်း အေခန်း ရောက်လာပါတယ်။ ကိုးတန်းမှာ တနယ်လုံးက အတော်တွေ အေခန်းရောက်လာတော့ စန်းထွန်းတယောက် အရင်လို အဆင့်တစ် မရတော့ပါဘူး။ ကိုယ့်ထက် တော်သူတွေ ပေါ်လာပြီကိုး။ ရာထူးရှောပြီး အမြဲ အဆင့် ၂၀ ကနေ ၃၀ ကြား ရတော့တာပေါ့။ ပုသိမ်ကျောင်းကတော့ ဆယ်တန်းဆိုရင်လည်း ကျူရှင်မလိုပါဘူး။ ဆရာမတွေက အချိန်ပိုတွေ ခေါ်ပြီး တကယ်သင်ကြတာ။ တခါတလေများ ဆရာမတွေ အချင်းချင်း ဖိုက်ကြတာ သူသင်မယ် ငါသင်မယ်နဲ့။

ရန်ကုန်မှာတော့ ကျူရှင်က အဓိကပါပဲ။ ဆယ်တန်းစာမေးပွဲ ဖြေပြီးတော့ ဒီနှစ်လုံးလို့ အိမ်ကို ပြောလိုက်တယ်။ အောင်စာရင်းထွက်လာတော့ ဒီသုံးလုံး ဖြစ်နေတယ်။ ထွက်ဖို့ခက်တဲ့ မြန်မာစာ ဒီထွက်တာ။ ဂတ်တဲကွင်း(ရန်ကင်း)က ဆရာဦးသန်းညွန့် အသင်ကောင်းလို့ပါ။ စန်းထွန်းတို့နှစ်က ဘာသာစုံစနစ် ငါးဘာသာ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ(ရူပ၊ ဇီဝ၊ ဓာတု)၊ လူမူရေး(သမိုင်း၊ ဘောဂ၊ ပထဝီ)။ YIT ဆိုတာလည်း GTC ကနေ ကူးရတာ။ အိကေလို ၂မှတ်နဲ့ ဆေးပြုတ်တာ မဟုတ်ဘဲ ၂၀ကျာ်နဲ့ ဆေး ကပ်ပြုတ်တဲ့ စန်းထွန်း ကွန်ပျုတာကို ရောက်လာပါတယ်။ အဲဒီနှစ်က ဆေးပြုတ်တော်တော်များများ ကွန်ပျူတာ ရောက်လာတယ်။

တက္ကသိုလ် ပထမနှစ်ကတော့ KMDမှာ IDCSတက်တာနဲ့ တိုက်နေလို့ ကျောင်းလုံးဝမတက်တာပါ။ စာမေးပွဲမဖြေမှီ ၂ပတ်အလိုမှ သန္တာ့ အကူအညီနဲ့ ဖြေတာ အားလုံး Cရတယ် း) ။ မော်ဒရေးရှင်းနဲ့ အောင်တာ။ စာမေးပွဲနီးလို့ စာကြည့်ဖို့ကို နေ့ရွေ့ညရွေ့။ တခါတလေများ စာမေးပွဲရက်တွင်း ကိုရီးယားကား အကြည့်မပျက်လို့ အိမ်ကတောင် သြချရတယ်။ ဘကြီး၊ မြတ်မွန်၊ အိကေနဲ့ အေးသက်လှိုင်က စာရှင်းပြမယ်ဆိုရင်တောင် ပတ်ပြေးနေတာ း)။ အေရရင် ကြည့်လိုက် ကွန်ပျူတာ ဘာသာရပ်နဲ့ လားလားမှမသက်ဆိုင်တဲ့ အင်္ဂလိပ်စာ။ စာမေးပွဲမှာ တက္ကသိုလ်တွေကို မြို့ထဲမှာ ထားသင့်၊ မြို့ပြင်ရွေ့သင့်ဆိုတဲ့ အက်ဆေးရေးခိုင်းတယ်။ စာမျက်နှာ လေးမျက်နှာလောက် ရွှီးလိုက်တာ အေရသွားတယ် း)။ တတိယနှစ် အမှတ်စာရင်းကတော့ ထူးဆန်းတယ် ဘာသာစုံ ၆၀(B) ရတယ်။ ကိုယ်တယောက်တည်း မဟုတ်ဘူးနော် အားလုံး။ ဂုဏ်ထူးတန်းမှာ မာစတာဝင်ချင်ဇောနဲ့ ကြိုးစားတော့ အမှတ်နည်းနည်းကောင်းတယ်။ ထုံးစံအတိုင်း အင်္ဂလိပ်စာနဲ့ စိတ်ဝင်စားတဲ့ Software Engineering၊ Project Management၊ Artificial Intelligence တွေမှာ အေရတယ်။ ကျန်တာတွေကတော့ ဘီ...။

NUS မှာတော့ Analysis & Design ဘာသာ ၃.၅(B-)က အမြင့်ဆုံးရဖူးတယ်။ သူငယ်ချင်းတွေက ၄၊၅ ရတဲ့အချိန်မှာ(၅ က အမြင့်ဆုံး)။ ကျန်တဲ့ဘာသာတွေက ၂(C)... း) ။ ၂.၂၅ ရမှ အောင်တာပါ။ ပရောဂျက်တွေ ကယ်လို့ နောက်ဆုံးမှာ ၂.၅ နဲ့ အောင်သွားလေရဲ့။ အင်တန်းပရောဂျက်က Accecture Prize ဇကာတင် စာရင်းထဲပါလို့ အံ့တွေ သြလို့။ အဆံချောင်တွေသာ အဆက်ချာ စာရင်းထဲ ပါသတဲ့။ မနာလိုတိုရှည်... သူများကို ဒါ သက်သက်...။

အခု နှစ်ခါပြန်တက်ရတဲ့၊ စတိတ်မှာ မအောင်မြင်နိုင်ဘူး၊ ဒီကျောင်းနဲ့ မသင့်တော်ဘူး၊ ကျောင်းပြောင်းလို့ အကြံပြုတဲ့ ပရော်ဖက်ဆာ ဂျိုးဇက်လာမန်ရဲ့ ဘာသာမှာ အေရပါတယ်။ အေက အမြင့်ဆုံး A A- B+ B B- C+ C C- ထဲမှာ။ "San, good job." ဆိုပြီး ပရော်ဖက်ဆာက အသိအမှတ်ပြုလာတော့ စန်းထွန်းတယောက် မနောခွေ့နေတာများ။

ဗီယက်နမ်မလေးမိုင်းတယောက် ၃ခေါက်တိတိ ဖြေပြီးတော့မှ ကားမောင်းလိုင်စင်ရတဲ့အခါ ပျော်လွန်းလို့ ဘရိတ် ဒန့်ပါသတဲ့။ ဘိုးလင်းကစားတုန်းက အားလုံးလဲသွားရင်လည်း ထထခုန်တတ်ပါတယ်။ ခုလည်း စန်းထွန်းတယောက် ဘရိတ်ပဲ ဒန့်ချင်သလို၊ ထပဲ ခုန်ချင်သလို၊ ရက်စ်လို့ အော်ပြီး လက်သီးပင့်လိုက်ချင်သလို၊ လမ်းလျှောက်ရင် မြေကြီးနဲ့ မထိ၊ ပါးစပ်က နားရွက်ချိတ်လုမတတ် သွား၃၂ချောင်း အကုန်ဖေါ်ပြီး ပြုံးဖြီးဖြီး ဖြစ်နေပါတယ်။ နာ..ကွ...။ အဲလို ကြုံးဝါးတိုင်း နွယ်ဝင်က မေးလေ့ရှိပါတယ်။ ဘယ်နားက ကွနေတာလဲ...ဟင်..တဲ့။

ဒီဘာသာက အလွယ်ဆုံး။ နောင်ဆိုရင် ပရောဂျက်တွေလုပ်ရင်း ညလုံးပေါက် မိုးလင်းမဲ့ ညတွေ၊ အရမ်းကို ဘီးစီး(busy)၊ အစားအသောက်က မကောင်း၊ ပင်ပန်းလွန်းလို့ လူရုပ်မပေါက်ဖြစ်မှာလို့ ဆူနမ်၊ ရာမား၊ မိုင်းတို့က အားပေးလာပါတယ်။ နောင် ကွချင်မှ ကွနိုင်တော့ပေမဲ့ အခုချိန်မှာတော့ စန်းထွန်းတယောက် ကွနေပါကြောင်း.... ။

နာ ..ကွ... း) းD းP

စန်းထွန်း
သြဂုတ် ၁၉၊ ၂၀၁၁။

ကုတ်ခြင်းများစွာဖြင့်...

နွေဦးကာလ၏ တခုသော ညသန်းခေါင်ယံကျော်ချိန်တွင် ကုတင်ပေါ်က ပြုတ်ကျလျှင်တောင် မနိုးတတ်သော စန်းထွန်းတယောက် နိုးလာပါသည်။ နိုးရခြင်း အကြောင်းက ခန္ဓာကိုယ်က ယားလာလို့။ ကုတ်လိုက်လျှင် သက်သာသလို ရှိပေမဲ့ ကုတ်ပြီးရင်း ကုတ်ချင်။ ကုတ်၍ပင် မဆုံးနိုင်တော့။ ဟိုကုတ်လိုက် ဒီကုတ်လိုက်နှင့် ကုတ်လိုက်သည်မှာ မိုးသာလင်းသွားရော တမှေးမှ မမှေးလိုက်ရ။ မနက်မိုးလင်းတော့ တကိုယ်လုံး ကုတ်ထားတဲ့ ဒဏ်ရာအစင်းတွေနဲ့။

ဆူနမ်နဲ့ ရာမားကို ကုတ်ထားတဲ့ ဒဏ်ရာတွေ ပြတော့ အလာဂျီဆိုပြီး နီပေါလိမ်းဆေးပေးပေမဲ့ မသိတဲ့ဆေးကို မလိမ်းချင်။ အလာဂျီအတွက်ဆေးလည်း ပါမလာ။ သူများတွေ ပင်လယ်စာနဲ့ မတည့်လို့ အလာဂျီဖြစ်ကြတယ်လို့ ကြားဖူးပေမဲ့ စန်းထွန်းအတွက်တော့ ခုမှ အလာဂျီဆိုတာ ကြုံဖူးတာပါ။ စာသင်နေရင်နဲ့လည်း အနွေးထည်ဝတ်ထားလို့ လွတ်နေတဲ့ နားရွက်တို့၊ လက်တို့ကို ကုတ်နေသေးတယ်။ စန်းထွန်းတယောက် အားရပါးရ ကုတ်နေတာကို မြင်တော့ ဆူနမ်က သူလည်း ကုတ်ချင်လာလို့တဲ့ း) ။

ကျောင်းက သူနာပြုကို သွားပြတော့ ဆေးရုံကို ခေါ်သွားပါတယ်။ ဆရာဝန်က ဆပ်ပြာအသစ်၊ လိုးရှင်းအသစ်၊ ဆေးအသစ်၊ အစားအစာအသစ် စားမိလားတဲ့။ ဘာမှ အသစ်မရှိတာပါ။ ဘာကြောင့် အလာဂျီဖြစ်တာလဲ မသိနိုင်ပေမဲ့ ပန်းဝတ်မှုန်ကြောင့် ဖြစ်နိုင်ပါတယ်တဲ့။ ဆေးက ပြင်းလို့ အစားစားပြီးမှ စားဖို့ ထိရောက်အောင် အချိန်မှန် ဆေးသောက်ဖို့ မှာပါတယ်။

ညနေစောင်းချိန်မှာတော့ နှုတ်ခမ်းတွေ ကြီးလာသလို ခံစားရပြီး အနီရောင် အကွက်တွေ ပေါ်လာပါတယ်။ တကိုယ်လုံးလည်း ထုံနေသလို ခံစားရပါတယ်။ ဆေးသောက်ပြီး ည ၇ နာရီ ကတည်းက အိပ်လိုက်တာ မနက် ၇ နာရီမှ နိုးပါတယ်။ နှိုးလာတော့ သက်သာသွားပါပြီ။ မေ၊ မကြီးတို့နဲ့ စကားပြောရင်း ဟိုကုတ် ဒီကုတ်နဲ့ မနားမနေ မနေမနား ကုတ်နေတဲ့ စန်းထွန်းကို မြင်တော့ မေက စိတ်မကောင်းဖြစ်လွန်းလို့တဲ့ ငိုပါတယ်။

ကွန်ပျူတာ ဘာသာရပ်မှာလည်း တခြားအသက်မွေးဝမ်းကြောင်းပညာတွေကို ဘာသာခွဲတွေ အများကြီး ရှိပါတယ်။ Networking လို့ခေါ်တဲ့ အင်တာနက်၊ ကွန်ပျူတာတွေ အချင်းချင်း ချိတ်ဆက်တာကို အထူးပြုတဲ့ ဘာသာ။ website ကို လာတိုက်ခိုက်ရင် ဘယ်လိုတုံ့ပြန်မလဲ၊ ကိုယ့် website ကို လူတွေ ဘယ်လောက် သုံးနိုင်မလဲ၊ တလောကတောင် နိုင်ငံခြားအသံလွှင့်ဋ္ဌာနတွေရဲ့ website တွေကို လူအများကြီး လာကြည့်ပြီး website ဒေါင်းသွားအောင်လုပ်တဲ့ DDoSနည်းနဲ့ တိုက်ခိုက်တာ ခံရပါတယ်။ DDoS(Distributed Denial of Services attack) လို့ခေါ်တဲ့ တပြိုင်နက်တည်းမှာ ဆာဗာပေါင်းများစွာကနေ websiteတွကို request ပေါင်းများစွာ ပို့လိုက်တဲ့အတွက် siteရဲ့ ဆာဗာတွေက ပြန်လည်တုန့်ပြန်နိုင်ခြင်းမရှိဘဲ ဒေါင်းသွားခြင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ဘယ်လိုကာကွယ်မလဲ။

internship ဆင်းတုန်းက SBS Transit website ကို ကားနံပါတ်၊ ဘတ်စ်ကားမှတ်တိုင်နံပါတ်တွေကို အကြိမ်တထောင်လောက် ပို့ပြီး စမ်းလိုက်တာ နောက်နေ့ SBS Transit website ကို ဖွင့်လို့ မရတော့ပါဘူး။ သူ့ website ကို ဒေါင်းအောင် လုပ်နေတယ် ထင်ပြီး ဒီ IP address ကို ဘမ်းလိုက်ပြီလေ။ ရုံးကနေ SBS Transit website ဖွင့်လိုက်ရင် မြန်မာပြည်မှာလို Access Denied ဆိုတဲ့ စာတမ်းကြီး ပေါ်လာတယ် း) ။ မရည်ရွယ်ဘဲ DDoS ဖြစ်သွားတာ။ supervisor သိတော့ ဆူလိုက်တာလေ။ သူက stimulate(အတုအယောင်)လုပ်ပြီး စမ်းခိုင်းတာ။ သိဘူးလေ တို့တွေက တကယ်ကြီး သွားစမ်းတာ း)။

Database လို့ခေါ်တဲ့ အချက်အလက် data တွေကို database ထဲမှာ ဘယ်လို သိမ်းဆည်းမှာလဲကို အထူးပြုတဲ့ ဘာသာ။ ပစ္စည်းတွေကို စနစ်တကျ၊ အစီအစဉ်အလိုက် သိမ်းဆည်းထားရင် နေရာပိုကျယ်၊ ရှာရတာ လွယ်သလို Database မှာလည်း စနစ်တကျ သိမ်းဆည်းထားဖို့ လိုပါတယ်။

Design ကတော့ website လှလှလေးတွေ တည်ဆောက်တာကို အထူးပြုတဲ့ ဘာသာရပ်။ တချို့ website လေးတွေဆို အရောင်လေးတွေ၊ ဖလပ်ဖလပ် ပြေးနေတာလေးတွေနဲ့ တော့်တော့်ကို လှပါတယ်။ စန်းထွန်းကတော့ ဒီဇိုင်းအမြင် ဘယ်လောက်ရှိလဲဆိုရင် လူကိုပဲ ကြည့်။ အမြဲ တီရှပ်နဲ့ ဂျင်းဘောင်းဘီ။ စန်းထွန်း ဆောက်တဲ့ website ကလည်း တီရှပ်နဲ့ ဂျင်းဘောင်းဘီ ဒီဇိုင်းပဲ ပေါက်မှာ း) ။

Project Management ကတော့ အတွေ့အကြုံတွေ အများကြီးရှိမှပါ။ ရတဲ့လူ၊ အချိန် နဲ့ ငွေတို့ကို အသုံးချပြီး project အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင်တာလည်း ဘာသာရပ် တခုပါ။ project manager လုပ်ပြီး အောက်က လူတွေကို ခိုင်းမယ်လို့ လေလုံးထွားပေမဲ့ အခုတော့ leader ခိုင်းတာကိုတောင် မပြီးလို့ အသည်းအသန် လုပ်နေရတာ း)။

Data Security ဆိုတဲ့ ဘာသာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟိုးအရင်ခေတ်ကတည်း စစ်ပွဲတွေမှာ ဘယ်အချိန်၊ ဘယ်နေရာစတိုက်ဆိုတဲ့ သတင်းအချက်အလက်တွေကို စစ်သေနာပတိက ရှေ့တန်းကို ဆက်သားနဲ့ ပို့ရင် သတင်းဝှက်ပြီး ပို့လေ့ရှိပါတယ်။ ဒါမှ မတော်တဆများ ရန်သူက ဒီစာကို ရသွားရင်တောင် ဖော်တတ်မှာ မဟုတ်ဘူးလေ။ ဥပမာ အေဆိုရင် စာမှာ ဒီ။ ဖော်မြ ူလာက တကယ့်စာလုံးရဲ့ သုံးခုမြောက်။ ရတဲ့သူက ဒီတွေ့ရင် ဖော်မြူလာကို သုံးပြီး ဖော်မှ လိုရင်းကို ရတာပါ။ L oryj x. ရဲ့ တကယ့်အနက်က I love u.။ ဖော်မြ ူလာ(တကယ့်စာလုံးရဲ့ သုံးခုမြောက်)ကို သိမှ ဖော်လို့ရတာ။

အခုခေတ်မှာ နည်းပညာတွေက တိုးတက်လာတော့ ဟတ်ပြီး ကိုယ့်ဆီက ပိုက်ဆံတွေကို ခိုးယူတာတို့ ရှိလာပါပြီ။ ခေတ်သစ်ဓားပြတွေက အိမ်ကို သွားပြီး တိုက်စရာမလိုတော့ပါ။ ဒီအတွက် ဘဏ်တွေက Data တွေကို ပိုပြီးလုံခြုံစိတ်ချမှုရှိအောင် Security တွေ အထပ်ထပ် ထားတာပါ။ စင်္ကာပူမှာ online ကနေ money transfer လုပ်တော့မယ်ဆိုရင် token နှိပ်ပြီး နံပါတ်တွေ တောင်းတာ Security အတွက်ပါ။

System Analysis ကတော့ userတွေရဲ့ လိုချင်တာတွေကို ဘယ်လို screen designက userတွေအတွက် အဆင်ပြေမလဲလို့ စဉ်းစာရတာပါ။ dropdown list နဲ့ radio button ဘယ်ဟာက userကို ပို အဆင်ပြေမှာလဲ။ click နဲ့submit ဆိုရင် userက ဘယ်ဟာကို ပိုနားလည်မလဲ။ ဒီbox ကို ဒီမှာထားတာထက် ဘယ်နားမှာ ထားရင် userကို ပိုအဆင်ပြေစေမှာလဲ။ အားလုံး user အတွက်ပဲ စဉ်းစားပြီး screen design ဆွဲရတာပါ။ အဲဒီ screen design အတိုင်းဖြစ်လာအောင် Programmer က ရေးရတာပါ။

Software Engineer ကတော့ ဆော့ဝဲတွေကို ရေးရတာပါ။ စာကြည့်တိုက်မှာ ဆိုရင် လိုချင်တဲ့ စာအုပ်တွေ ရှာတာ၊ စာအုပ် ရနိုင် မရနိုင် စစ်တာ၊ စာအုပ်တွေကို reserve လုပ်တာကို library system software သုံးပြီးလုပ်တာပါ။ ဒီလို ဆော့ဝဲမျိုး ရေးသားသူကတော့ Software Engineer၊ Programmer။ ဆော့ဝဲရေးတာကို (program) ပရိုဂရမ်ရေးတာ၊ တနည်းပြောရရင် (coding)ကုတ်တင်းရေးတယ်လို့ ကွန်ပျူတာ ဝေါဟာရနဲ့ ခေါ်ပါတယ်။ Software Engineer လို့ပဲခေါ်ခေါ် Programmerလို့ပဲခေါ်ခေါ် တူတာကတော့ ကုတ်ရတာပါ (ကုတ်တင်းရေးရခြင်းကို ဆိုလိုပါသည်)။

UCSY တက်တုန်းကတော့ စာရွက်မှာပဲ ကုတ်ရတာပါ။ NUS မှာတုန်းက ကုတ်ရပေမဲ့ ကုတ်တာ အားနည်းတဲ့ စန်းထွန်းတယောက် ခက်တဲ့အပိုင်းဆို ဝေါင်ဝေါင်ရှေးလို့ လွယ်တဲ့အပိုင်းကိုမှ ယူတာပါ။ error တက်ရင်လည်း အခန်းပေါက်စေ့အောင်လိုက်ပြီး error ရှင်းပေးမဲ့ ကယ်တင်ရှင်ကို ရှာတတ်ပါတယ်။ အလုပ်ထဲမှာလည်း မကုတ်တတ်ရင် leader ဆီ သွားပြီး အကြံညဏ်တွေတောင်း၊ကုတ်အဟောင်းတွေ တောင်းတတ်ပါတယ်။

ကုတ်တာ အားနည်းတဲ့ စန်းထွန်းတယောက် ဒီကျောင်းရောက်တော့ ရေရေလည်လည် ကုတ်ရတာပါ။ မကုတ်ရတဲ့နေ့လို့ မရှိပါဘူး။ နေ့တိုင်း အားတိုင်း ကုတ်ချင်လည်း ကုတ်၊ မကုတ်ချင်လည်း ကုတ်ရတာပါ။ ဖင်ကုတ်၊ ခေါင်းကုတ်၊ မျက်မှောင်ကုတ် ပုံသဏ္ဌန်မျိုးစုံနဲ့ ကုတ်နေတဲ့ စန်းထွန်းကို တွေ့ရပါမယ်။ အိမ်လည်း မလည်နိုင်၊ အိမ်မှာလည်း မရှိတဲ့ စန်းထွန်းကို jasmine တယောက်က သတိတရနဲ့ "ဘာတွေ လုပ်နေလဲ"လို့ မေးလာပါတယ်။ "မကုတ်မနေ အသက်ရှည်"ဆိုတဲ့ စကားပုံအတိုင်း စန်းထွန်းတယောက် မနားမနေ မနေမနား ကြိုးစားပန်းစား ကုတ်နေပါကြောင်း း)။ ကုတ်ချင်သူများ၊ ကုတ်တာ ဝါသနာပါသူများ၊ မကုတ်ဘဲ မနေနိုင်သူများ ဒီကို ကြွခဲ့ပါလို့ ဖိတ်လိုက်ပါတယ်။ အမုန်း ကုတ်ရမှာနော် း) ။

ကဲ...ကုတ်လိုက်ကြစို့ သူငယ်ချင်း အောက်အီးအီး အွတ် အဲလေ..ကွတ်(ကာရန်နဘေကိုက်အောင် ကွတ်..လိုက်ပါသည်။ ကုတ်...ဟု မှတ်ယူတော် မူကြပါကုန်။)

(မှတ်ချက်။ မေဓာဝီအချစ်များစွာဖြင့်... ကို မှီးသည်။)

ကုတ်ခြင်းများစွာဖြင့်
စန်းထွန်း
သြဂုတ် ၁၂၊ ၂၀၁၁။

The day after NDP is ...



The day after Singapore National Day(NDP) is Magyi's birthday !
သြဂုတ် ၉ ရက်ကတော့ မလေးရှားကနေ ခွဲထွက်ပြီး စင်္ကာပူနိုင်ငံ စတင်ထူထောင်တဲ့နေ့၊ စင်္ကာပူနိုင်ငံရဲ့ မွေးနေ့ဖြစ်ပါတယ်။ ရုံးပိတ်ရက်ဖြစ်ပြီး အမျိုးသားနေ့ကို တခမ်းတနား ဆင်နွှဲကြပါတယ်။ သြဂုတ် ၁၀ ကတော့ မကြီးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ မကြီးမွေးနေ့ကိုတော့ ဘလော့ကနေပဲ တခမ်းတနား ဆင်နွှဲလိုက်ပါတယ်။

ငယ်ငယ်တုန်းကအကြောင်း ပထမဆုံး မှတ်မိတဲ့အချိန်မှာ မကြီးဘေးနား ရောက်နေပြီ။ အဲဒီအချိန်မှာ မောင်မောင်က ဖေ၊မေ ကြားထဲမှာ အခန့်သား နှပ်နေတာပေါ့။ အိပ်တာကြမ်းလို့ ကုတင်ပေါ်ကနေ ပြုတ်ကြကတည်းက စန်းထွန်း နံရံနဲ့ မကြီးကြား အိပ်ရတော့တာပဲ။ ဘယ်သွားသွား မကြီးနောက် လိုက်ချင်ကြတဲ့ မောင်မောင်နဲ့ စန်းထွန်းကြောင့် မကြီးခမျာ အငယ်တွေတန်းလန်းနဲ့ ကောင်းကောင်း မဆော့ရဘူး။ မောင်မောင့်ကို ခါးထစ်ခွင်ချီ စန်းထွန်းကို လက်တွဲရလို့ ခါးမှာ ခုထိ မဲနေသေးတယ်။

ဇီးခြံသောင်ဖက် လမ်းလျှောက်သွားတဲ့ မကြီးနဲ့ မမာမာမင်းကို မြင်တော့ စန်းထွန်းက အသံပြဲနဲ့ ငိုယိုပြီး လိုက်ဖို့တောင်းတာ။ ချော့လို့မရတဲ့အဆုံး စန်းထွန်းကို ခေါ်သွား။ အလာတုန်းက ဒူးလောက်ရောက်တဲ့ ချောင်းက အပြန်မှာတော့ ကလေးအရပ်နဲ့ ရင်ခေါင်းရောက်နေပြီ။ အရပ်ရှည်တဲ့ မမာမာမင်းက စန်းထွန်းကို ပုခုံးပေါ်တင်ပြီး ချောင်းကို ဖြတ်ရတာ။ မေက ရေကတက်နေပြီ၊ ကလေးတွေလည်း မတွေ့တော့ စိတ်ပူလို့ ရှာတာ တရွာလုံး နှံ့နေပြီ။

နေမကောင်းတဲ့ မောင်မောင်က စန်းထွန်းတို့တွေ ကောက်ညှင်းပေါင်းစားလို့ စားချင်ပါသတဲ့။ မေ့ကို မပြောရင် ကျွေးမယ်ဆိုတော့ မောင်မောင်က ခေါင်းညိတ်ပါတယ်။ သူကတိတည်ပြီး မေ့ကိုမပြောပေမဲ့ အီးအီးပါတဲ့အခါ ကောက်ညှင်းမဲမဲတွေက ညာလို့မရတော့ အတီးခံရပါရောလား။ မကြီးနဲ့မေက ဒီလို ဆုတောင်းလေ့ရှိတယ်။ နောင်ဘဝဆက်တိုင်း အကြီးဆုံးမဖြစ်ရပါလို၏တဲ့။

ပုသိမ် အမှတ်၂ကျောင်းမှာလည်း စာတော်တဲ့ မကြီးညီမဆိုတော့ ဆရာမတွေက အားလုံးက ဂရုစိုက်ပါတယ်။ ရန်ကုန်မှာ ကျောင်းတက်ချင်တဲ့ မကြီးကြောင့်ပဲ စန်းထွန်းတို့တွေ ရန်ကုန်ရောက်ရတာပါ။ ရန်ကုန်ရောက်တော့လည်း ငယ်ငယ်တုန်းကလို နံရံနဲ့ မကြီးကြားမှာ အိပ်ရတာပါပဲ။ ဖေ၊မေက နယ်မှာ နေပြီး တလတခါ၊ စာမေးပွဲတွေရှိရင် ရန်ကုန်တက်လာပါတယ်။ ပိုက်ဆံကို ဖေ၊မေ ပေးပေမဲ့ မောင်နှမတွေအတွက် အစစအရာရာ မကြီးပဲ စီစဉ်ပေးတာပါ။

စန်းထွန်းဆို ငပျင်း။ မကြီးကြောင့်သာ သင်တန်းတွေ တက်ဖြစ်တာပါ။ ကိုယ့်ဘာသာဆို ဘာသင်တန်းမှ တက်ဖြစ်မှာ မဟုတ်။ အဝတ်အစားဆိုလည်း သင့်လျော်ရာ မကြီးက ဝယ်လာတာပဲ။ ဘာလိုချင်လဲတာ ပြောလိုက်။ အမကြီး အမိရာ။ ဖေ၊မေတို့က အလေးထားတဲ့၊ အမျိုးတွေအားလုံးက လေးစားရတဲ့၊ မောင်နှမတွေအားလုံးက လေးစားရတဲ့ မကြီးက ဘာမှာပြောစရာမရှိအောင် တော်ပါတယ်။

မကြီးဆို ချွေးမတော်ချင်သူတွေ အများသား။ မိဘအဝေးမှာပေမဲ့ မောင်နှမတွေကို ကောင်းကောင်းထိန်းကြောင်းနိုင်ပြီး အနေအထိုင် ဖြောင့်မတ်မှန်ကန်လို့တဲ့။ စန်းထွန်းဆို အမြင်ကတ်ရင် နှပ်တတ်သေးတယ်။ မကြီးကတော့ ဘယ်သူ့ကိုမှ မနှပ်၊ စကားကိုလည်း လေအေးအေးလေးနဲ့ ညင်ညင်သာသာလေး ပြောတာပါ။ အိမ်မှာဘယ်သူ့စကားမှ လက်မခံတဲ့ မောင်မောင်ကိုတော့ မကြီးပြောရင် ရတယ်။

စင်္ကာပူကိုလည်း မကြီးကြောင့်သာ ရောက်လာတာပါ။ ကိုယ့်ဘာသာဆို ရောက်ဖို့ ဝေး။ မေက စန်းထွန်း စင်္ကာပူကို လာတော့ အတော်ဝမ်းသာတာ မကြီးအဖော်ရပြီဆိုပြီး။ တကယ်လည်း အဖော်ရရုံမကပဲ တတွဲတွဲဖြစ်လွန်းလို့ သူငယ်ချင်းတွေနဲ့တောင် သိပ်မသွားဖြစ်ပါဘူး။ shopping သွားမယ်ဆိုရင်လည်း တခြားသူမလို၊ စောင့်စရာမလို၊ ညှိစရာမလို ကောက်သွားလိုက်ရုံပဲလေ။ စန်းထွန်းမလာခင်တုန်းက ညနေစာဆို အသီးအနှံ၊ နွားနို့သောက်ပြီး ပြီးတတ်ပေမဲ့ စန်းထွန်းရောက်လာတာနဲ့ အစားကြီးတဲ့ သူ့ညီမအတွက် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပေးရင်း သူလည်း တီးဖြစ်ရော။

မော်ဒယ်ကိုယ်လုံးပိုင်ရှင် မကြီးက အဝတ်အစား စမတ်ကြသလို အမြဲတမ်း လှပနေတာပါ။ အိပ်နေပုံကအစ မော်ဒယ်ပုံလို့ ပြောကြတယ်။ စင်ဒီကရောဖို့နဲ့ တူတယ်လို့ ဆိုကြတယ်။ သူငယ်ချင်း ကောင်းကောင်း၊ ကိုစိုင်း၊ အောင်ကြီးတို့ဆို စန်းထွန်းကိုတွေ့ရင် မကြီးနေကောင်းလား မေးရတာ အမော။ ငါ့နှယ်နော် ငါက မစွံဘဲ မကြီးကတော့ စန်းထွန်းသူငယ်ချင်းတွေကြားထဲလည်း စန်းပွင့်နေတာ။

စန်းထွန်းတို့နှစ်ယောက်ကို ရွယ်တူလို့ ထင်ကြတယ်။ ကိုယ်ကပဲ ရင့်နေတာလား သူကပဲ နုနေတာလား။ စန်းထွန်းကတော့ ရုပ်ရှင်ကြည့်ရင် မင်းသားမင်းသမီး မငိုရသေးဘူး စန်းထွန်းက ငိုနေပြီ။ ထစ်ခနဲရှိ မျက်ရည်ကအရင်။ မကြီးကတော့ မျက်ရည်ကျခဲတာပါ။ မျက်ရည်ကျခဲတဲ့ မကြီး စန်းထွန်း အမေရိကားလာတော့ ငိုတယ်ဆိုတော့ သိရတော့ ကျေနပ်မိသေးတယ် း) ။

စိတ်ဓာတ်တွေ ကျတိုင်း၊ ဝမ်းနည်းအားငယ်မိတိုင်း မကြီးဆီက စိတ်ဓာတ်ခွန်အားတွေ ရတာပါ။ အဝေးကြီးမှာ ရောက်နေပေမဲ့ ကိုယ့်ကို ချစ်တဲ့ ဖေ၊မေ၊မကြီး၊မောင်မောင်၊ သူငယ်ချင်းတွေ ရှိတယ်ဆိုရုံနဲ့တင် စိတ်ထဲပျော်ရွှင်ကျေနပ်ရပါတယ်။ မိဘအပေါ် သိတတ်လိမ္မာတဲ့၊ မောင်နှမတွေကို ချစ်ပြီး စောင့်ရှောက်တဲ့ မကြီးကို သတိရမိသလို ဘာမှ မလုပ်တတ်၊ ဟင်းညာညာချက်ခိုင်း၊ တခါတလေ စိတ်ကောက်တတ်ပြီး ရန်ထောင်၊ အနိုင်ကျင့်တတ်တဲ့ သူ့ညီမလေးကိုလည်း မကြီး သတိရနေမှာပါ။

ခြိုးခြံချွှေတာနေရတဲ့ ကျောင်းသူမို့လို့ မွေးနေ့လက်ဆောင်ကို နောင်နှစ်မှပဲ ပေါင်းပေးတော့မယ်နော် း) ။ ချစ်ရပါသော မကြီးတယောက် မွေးနေ့မှသည် ပျော်ရွှင်ကြည်နှုးစရာကောင်းသော ဘဝလေးကို ပိုင်ဆိုင်ပါစေ။ ဆန္ဒတွေလည်း တလုံးတဝတည်း ပြည့်ပါစေလို့။ ချစ်စရာကောင်းတဲ့ တူလေး၊ တူမလေးတွေ အမြန်ဆုံး မွေးပေးပါစေ း) ။



မွေးနေ့လက်ဆောင်။ ဈေးအကြီးဆုံးကို ပေးလိုက်စမ်းမယ်။ ဒီတခါတော့ ပိုက်ဆံကို သိပ်မစဉ်းစားတာ့ဘူး။ ကြိုက်တဲ့ဒီဇိုင်းကို ဆွဲယူလိုက်ပြီး ပေးလိုက်တယ် းP ။
မကြီးနဲ့ နှစ်ယောက်တွဲ ပုံလေးတွေကို အမှတ်တရ တင်လိုက်ပါတယ်။ သိနေတယ်နော် သိနေတယ် ပြောကြတော့မှာ မကြီးက ပိုလှတယ်လို့။






ဒီပုံကတော့ အမေရိကားကို လာတဲ့နေ့က လေဆိပ်မှာ ရိုက်ထားတဲ့ပုံ။ နောင် ဘယ်တော့များမှ မကြီးနဲ့ဓာတ်ပုံ အတူတူ တွဲရိုက်ခွင့် ကြုံမှာပါလိမ့်။

စန်းထွန်း
သြဂုတ် ၉၊ ၂၀၁၁။

Friendship Day ...



ဆူနမ်၊ ရာမား၊ မိုင်း နဲ့ စန်းထွန်းတို့တွေ Friendship Day အထိမ်းအမှတ်အဖြစ် ပါတီ ကျင်းပကြပုံက
အစားအသောက် - pizzahutက ပီဇာ၊ ကြက်ကြော်၊ ဘီယာ ၂ ပုလင်း၊ ဝိုင် ၁ပုလင်း။
နေရာ - ဒီတခေါက်အလှည့်ကျတာက စန်းထွန်းအခန်း။
အချိန် - သူတို့ ကားမောင်းကျင့်ပြီးချိန် ည ၈နာရီခွဲ။
ဆေးလိပ်၊ အရက်မသောက်ရတဲ့ နေရာမှာ ခိုးလုပ်ရတာလဲ ပျော်စရာ တမျိုးကောင်းသား။ မိုင်းက ဗီယက်နမ်၊ ဆူနမ်၊ ရာမားက နီပေါ၊ စန်းထွန်းကတော့ ရွှေမြန်မာ။ စာမေးပွဲတွေပြီးလို့ စိတ်လွတ်ကိုယ်လွတ် စားလိုက်ကြ၊ သောက်လိုက်ကြ၊ ပွားလိုက်ကြပေါ့။ ရာမားနဲ့ မိုင်းက ဘီယာ။ ဘီယာခါးတာကို မကြိ ုက်တဲ့ ဆူနမ်နဲ့ စန်းထွန်းက ဝိုင်။ တယောက်ကိုတယောက် ငှဲ့ပေး၊ ပြိုင်သောက်ကြနဲ့ အတော်ပျော်ဖို့ ကောင်းသား။ RA(Resident Officer)သိမှာလည်း ကြောက်ရသေး။ သိရင် ဒဏ်ကြေးလာမှာ။

ခဏနေတော့ ထွေလာကြပြီ။ မိုင်းက ဗီယက်နမ်သီချင်း ဆိုပါလေရော။ အားလုံးက တော်ပါတော့၊ ဆိုချင်ရင် တကြောင်းဆိုရင် တကြောင်း အင်္ဂလိပ်လို ဘာသာပြန်မှ တို့တွေ နားလည်မှာပေါ့ဆိုတော့ သူအင်္ဂလိပ်လိုပြောရင် ဘယ်သူမှ နားမလည်တဲ့ မိုင်းခမျာ ဆိုချင်ရက်နဲ့ တို့တွေ ညစ်တာနဲ့ ရပ်လိုက်ရရော။ အိုး ဟူး အို့ဟို ရေ့ရီး I love you more than I can say ဆိုပြီး သူရတဲ့ အင်္ဂလိပ်သီချင်းနှစ်ကြောင်း ဆိုတော့ တို့တွေက သံယောင်လိုက်ပေး။ တယောက်ကိုတယောက် ရစ်။

မတ်တပ်ရပ်ပြီး အကြာကြီး နေနိုင်ကြေး ပြိုင်ကြ။ ပြီးရင် ကြမ်းပြင်ကို တယောက်ပြီးတယောက် ပြုတ်ကြ အဲလေ လဲကြ။ မိုင်းနဲ့ရာမားတို့ လက်ချင်းချိတ်ပြီး အိမ်သာကို ဒယိုင်းဒယိုင်နဲ့ ချီတက်သွားချိန်မှာ အခြေအနေ မဟန်တဲ့ စန်းထွန်းကို စောင့်ကြည့်ဖို့ ဆူနမ်က ကျန်ခဲ့ပါတယ်။ တကယ်လဲ အန်တော့ ရင်ထဲမှာ နေလို့တကယ် မကောင်းတာပါ။ မေသိရင်တော့ "သောက်ချင်ဦးဟဲ့ ဝိုင်လို့"လာမှာ။ ဆူနမ်က သူ့နီပေါဆေး လာတိုက်တော့မှ နေလို့ ကောင်းသွားလေရဲ့။ ရေနွေးနွေးထဲကို ဆားထည့်တိုက်။ သံပုရာသီးကို မိုင်းအခန်းက သွားယူပြီး ရေထဲထည့်တိုက်နဲ့။ သူတို့မှာ ဇရက်မင်းစည်းစိမ် ခံစားနေတာတွေ အကုန်ပျောက်။

နည်းနည်းချင်း မသောက်ဘဲ တဘရိတ်တည်း မော့ချလို့တဲ့။ နေ့လည်ကလည်း ဘာမှ ဟုတ်တိပတ်တိ မစား။ မိုင်းက နီပေါ ပရုတ်ဆီကို ပွတ်ပေးပြီး နှိပ်ပေးတော့မှ သက်သာတာပါ။ ဆူနမ်နဲ့ ရာမားက စန်းထွန်းခုတင်ပေါ်မှာ အခန့်သား နှပ်နေပြီ။ မိုင်း နဲ့စန်းထွန်းကတော့ ကြမ်းပြင်မှာ နှပ်လို့ ကောင်းဆဲ။

တရေးနိုးလာကြမှ ကိုယ့်အခန်းကိုယ်ပြန်ကြလေရဲ့။ အိပ်လိုက်တာ။ အိမ်မက်ထဲမှာ တံခါးခေါက်နေသလို တံခါးခေါက်သံကလည်း ဝေးလာလိုက် နီးသွားလိုက်။ ခပ်ပြင်းပြင်း ခေါက်နေတဲ့ တံခါးခေါက်သံရယ် စန်းစန်းလို့ ခေါ်နေသံကြားမှပဲ အိမ်မက်မဟုတ်ပါလား အပြင်မှာ တကယ်ကြီးခေါက်နေတာပါလား။ တံခါးသွားဖွင့်ပေးတော့ ဆူနမ်။
ဆူနမ် း "စန်းစန်း အပြင်က ရာသီဥတုကို သတိထားမိလား ?"
စန်းထွန်း း "နိုး"(မျက်စိမဖွင့် အိပ်ချင်မူးတူးအသံဖြင့်)
ဆူနမ် း "တော်နေဒိုး သတိပေးချက်ရှိတယ်။"
စန်းထွန်း း "ဟမ်..." (ပိတ်နေတဲ့ မျက်လုံး အစွမ်းကုန် ပြူးကျယ်သွားပြီး ထွေနေတာတွေ၊ အိပ်ချင်နေတာတွေ ဘယ်ရောက်သွားမှန်းမသိ ကြက်ပျောက်ငှက်ပျောက်။)

"ကြည့် မီးတွေ အကုန်ဖြတ်ထားပြီး အရေးပေါ် မီးချောင်းပဲ ထွန်းထားတာ။ အပြင်မှာလည်း လျှပ်စီးတွေ လျှပ်ပြီး မိုးကြိုးတွေ အသားကုန် ချိမ်းနေတာ။ ပက်လက်မအိပ်နဲ့ ဘေးတစောင်းအိပ်၊ တံခါးကိုလည်း လော့မချထားနဲ့။ တခုခုဆိုရင် မြေအောက်ထပ်ကို ဆင်းပြေးရမှာ။ သတိနဲ့ အိပ်"တဲ့။

နာဂစ်၊ မာလာ မုန်တိုင်းတွေကို ကြုံဖူးတဲ့ စန်းထွန်း တော်နေဒိုးကိုတော့ တကယ်ကြောက်ပါတယ်။ ဘယ်ကို ဦးတည်မှန်းမသိ၊ လမ်းကြောင်းတလျှောက် အကုန်ဖျက်ဆီးသွားတဲ့ တော်နေဒိုး ဆိုတာကိုတော့ အသံကြားရုံနဲ့တင် ကြောက်တာ။ ခုတော့ ကိုယ့်အနီးရောက်နေပြီဆိုတော့ မကြောက်ဘဲ ဘယ်နေပါ့မလဲ။ ဟိုတလောကတင် တော်နေဒိုးတိုက်လို့ လူ၁၀၀ကျော်လောက် သေသွားတာ။

ဆူနမ်ထွက်သွားတော့မှ စစ်ကြည့်လိုက်တော့မှ ဟုတ်ပါရဲ့ မီးလည်း ဖြတ်ထားပြီ။ ကွန်ပျူတာကလည်း ဖွင့်လျက် တန်းလန်း။ အိပ်ချင်စိတ်တွေလည်း မရှိတော့ ကွန်ပျူတာသိမ်း၊ အရေးကြီးတဲ့ ပတ်စ်ပို့၊ I 20၊ SSN(Social Security Number) card ၊ ပိုက်ဆံအိတ်တို့ကို ကျောပိုးအိတ်ထဲထည့် တခုခုကို ဆွဲပြေးရအောင်။ ရှူးပေါက်ချင်လို့ တံခါးဖွင့်တော့ စန်းထွန်းကို စိတ်ပူနေတဲ့ ဆူနမ်လည်း တံခါးဖွင့်လာပါတယ်။ အိမ်သာသွားမယ်ဆိုတော့ အဖော်လိုက်ပေးပါတယ်။ ဖုန်းကို လက်နှိပ်ဓာတ်မီးအဖြစ် သုံးပြီး။ လျှပ်စီး တလက်လက် လျှပ်နေတာတွေ၊ တဂျိမ်းဂျိမ်း မိုးခြိမ်းသံတွေ၊ တဖြောက်ဖြောက် သည်းကြီးမည်းကြီး ရွာနေတဲ့မိုးသံကို ကြားရတော့ တယောက်တည်း ဘယ်လိုမှ မအိပ်ရဲတော့တာပါ။ အအိပ်ကောင်းလို့ တော်နေဒိုးလာလို့ ပါသွားရင်တောင် သိလိုက်မှာ မဟုတ်။ အခန်းကလည်း အဆောင်ရဲ့ အပေါ်ဆုံးထပ်မှာလေ။

ဆူနမ့်အခန်းကို ခေါင်းအုံးတွေ၊ စောင်တွေ ယူပြီးချီတက်သွားတော့ မိုင်းက ရောက်နှင့်နေပြီ။ သူနဲ့ရာမား ပိန်ပိန်နှစ်ကောင်က ဆူနမ့်ခုတင်မှာ အခန့်သား။ စန်းထွန်းက ဆူနမ်ဘေး ကြမ်းပြင်မှာ နေရာယူတာပေါ့။ မိုင်းက လျှပ်စီးလက်တာများ အတော်ကြောက်ဖို့ကောင်းတာ၊ လေတိုက်တဲ့ အသံကလည်း အတော့်ကို အသည်းယားဖို့ ကောင်းတာတဲ့။ ဒါနဲ့ သူလည်း ဆူနမ်အခန်းကို ပြေးလာတာတဲ့။ သိကြားနဲ့ အသူရာ တကယ်ဆော်နေတာကို သူတို့သုံးယောက်လုံး နိုးပါတယ်။ စန်းထွန်းတယောက်တည်း မနိုးတာ။ မိုင်းက ပြေးလာတော့ ဆူနမ်က စိတ်ပူလို့စန်းထွန်း အခန်းကို တံခါးလာခေါက်ပါတယ်။ စန်းထွန်းက အိပ်ပျော်နေတာ။ ဒုတိယအကြိမ် ခေါက်မှ နှိုးတာ။ ငါ့နဲ့နော် အအိပ်ကောင်းတာများ တော်နေဒိုးနဲ့ ပါသွားရင်တောင် သိလိုက်မှာ မဟုတ်။ ရာမားကတော့ ဆူနမ်အခန်း၊ ဆူနမ့်ခုတင်မှာ နေ့တိုင်း အိပ်တာ။ အခန်းပိုင်ရှင် ဆူနမ်ကတော့ ကြမ်းပြင်မှာ။ တက္ကသိုလ် စတက်ကတည်းက အတူတူ၊ အလုပ်ဝင်တော့လည်း အတူတူ၊ ဒီကို ကျောင်းလာတက်တော့လည်း အတူတူ။ ကြောက်တတ်တဲ့ ရာမားကို ဆူနမ်က စောင့်ရှောက်ရတယ်။

လုံခြုံရေးအစောင့်ကားက အပြင်မှာ မီးထွန်းပြီး စောင့်နေပါတယ်။ တကယ်လို့ တော်နေဒိုး ဝင်မွှေရင်လည်း alarm တွေမြည်လာမှာပါ။ ဘယ်ပြေးရမလဲမေးတော့ မြေအောက်ထပ် ပြတင်းပေါက်တွေ မရှိတဲ့ နေရာကို။ ဒါမှ တော်နေဒိုးဆွဲယူတာကို မပါမှာ။ ဘယ်နေရာလဲ သိလားလို့ ဆူနမ်ကို မေးတော့ သူလည်း မသိဘူးတဲ့။ အရေးအကြောင်းဆိုရင် သူများပြေးတဲ့နေရာ လိုက်ပြေးရမှာပါ။ အဆောင်မှုးတွေ၊ အဆောင်ကြီးကြပ်ရေးမှုးတွေက ပစ်မထားပါဘူး၊ လာမှာပါတဲ့။ အငယ်က အကြီးကို နှစ်သိမ့်နေတာ။

ဒီလို ရင်တဒိတ်ဒိတ်နဲ့ အိပ်ပျော်သွားလိုက်တာ မနက် ၉နာရီကျော်မှ နှိုးကြတယ်။ ခုတော့လည်း ကောင်းကင်ကြီးက တိမ်ကင်းစင်ပြီး ကြည်လင်ပြာလဲ့နေတာများ ညက သူမဟုတ်တဲ့အတိုင်း။ မီးက ပြန်လာပါပြီ။ ဒါပေမဲ့ အင်တာနက်ကတော့ ဖြတ်ထားဆဲ။

ဝမ်းဟာနေလို့ နေလည်စာကို စောစောပဲ သွားစားကြပါတယ်။ ထမင်းစားဆောင်က တနင်္ဂနွေဆို နေ့လည် ၁၁ မှာ စဖွင့်တယ်။ စားသောက်ရင်း ညက အကြောင်းကို ပြန်ပြောပြီး စနောက်ကြနဲ့။ နောက်ဆို စန်းထွန်းကို ဝိုင်တပုလင်း တိုက်မယ်တဲ့။ ညက အန်လို့ ပြ ုစုလိုက်ရတာကို အမှတ်မရှိသေးဘူး။ တပုလင်းတိုက်မယ်။ တခါတည်း ဆေးရုံတန်းရောက်သွားမယ်။ စန်းစန်းက တော်နေဒိုးတန်ခိုးနဲ့ ကောင်းကင်မှာ ပျံနေချိန်မှာ သူတို့သုံးယောက်ကတော့ မြေအောက်ထပ်(basement)မှာ ပုန်းနေမှာတဲ့။ ကြောက်ပါတယ်ဆိုမှ သူများကို နောက်စရာလားနော်။

ကျောင်းရောက်တာ ၇လ ရှိပါပြီ။ ဒီလိုမျိုး လေးယောက်သား စုအိပ်တာ ဒါပထမဆုံးအကြိမ်ပါပဲ။ နောင်ဆို တယောက်တနေရာဆီ ဒီလိုမျိုး ပြန်ဆုံဖို့ဆိုတာ မလွယ်တော့ပါဘူး။ Friendship day မှာ ဘီယာရယ်၊ ဝိုင်ရယ်၊ တော်နေဒိုးရယ်။ အဲဒီနေ့ကတော့ တကယ့်ကို အမှတ်တရပါပဲ။ မတူညီတဲ့ လူမျိုး၊ ဓလေ့ထုံးစံ၊ အတွေးအခေါ်၊ အကျင့်စရိုက်တွေဟာ အကြောက်တရားကြောင့် တူညီစွာ စုစည်းသွားတဲ့အခါ၊ မိဝေးဖဝေး အဝေးကြီးမှာ အဆောင်နေ ကျောင်းသူအချင်းချင်း ရိုင်းပင်းကူညီ ချစ်ခင်ကြတဲ့အခါ ဘယ်လောက် ချစ်ဖို့ကောင်းလဲနော်။

စန်းထွန်း
သြဂုတ် ၇၊ ၂၀၁၁။

တကယ် တတ်မတတ် _ ၂

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာတော့ သင်တဲ့စာအုပ်တွေက တကယ်ကောင်းပါတယ်။ အထူကြီးတွေ(ခေါင်းအုံးအုံးအိပ်ဖို့ အတော်ပဲ း) )။ lab ခန်းထဲ တခါပဲလား ဝင်ဖူးတယ်။ ကွန်ပျူတာတွေကလည်း စုတ်နေတာ များပါတယ်။ ပရိုဂရမ်တွေကို စာရွက်မှာပဲ ရေးကြတာ။ ကျက်စာတွေဆို အလွတ် ကျက်ကြတာ။ ခလုတ်တိုက်ရင် မေ့ရော။ ကျောင်းသာ ပြီးသွားတယ် ခေါင်းထဲ ဘာမှ မကျန်ခဲ့၊ ကွန်ပျူတာတောင် ကောင်းကောင်း မရိုက်တက်၊ ပရိုဂရမ်ဆိုတာကို ဘယ်လိုရေးရမှန်းမသိ။ ဘုရားစူး ကွန်ပျူတာ။ thesis ဆိုလည်း shadow နဲ့ ရေးတာများပါတယ်။ တကယ်လုပ်၊ တကယ်တတ်တဲ့လူလည်း ရှိမှာပါ။ အများစုကတော့ သူလိုကိုယ်လိုပါပဲ။ UCSY မှာ ၅နှစ်လောက် တက်ခဲ့လို့ပဲ NUS မှာ တက်ခွင့်ရတာပါ။ မဟုတ်ရင် undergraduate poly တက်နေရမှာ။

မြန်မာပြည်မှာကလည်း အလုပ်အကိုင်ရှားပါးတော့ သင်ယူထားတဲ့ ဘာသာနဲ့ လုပ်ကိုင်ဖို့ အတော်ခက်ပါတယ်။ chemistry၊ physis၊ maths တို့နဲ့ ဘွဲ့ရထားသူတွေ ဘာလုပ်ရမလဲ။ ဒီလိုနဲ့ ကျောင်းပြီးတော့ မိဘလုပ်ငန်းကိုပဲ ဦးစီးချင် ဦးစီး၊ ကုမ္ပဏီ အလုပ်ဝင်ချင်ဝင်၊ အစိုးရဝန်ထမ်း လုပ်ချင်လုပ်။ ကိုယ်တတ်ထားတာတဲ့ ပညာနဲ့ပတ်သက်တဲ့ အလုပ်ရတာ အတော်ကံကောင်းလို့မှတ်။ ဒါဆို မတတ်မဲ့ အတူတူ ဘာလို့ ကျောင်းတက်မှာလဲလို့ မေးစရာ ရှိတယ်။ ဘွဲ့လား လိုတာပေါ့။ ဧည့်ခန်းမှာ ဓာတ်ပုံချိတ်ဖို့။ ဘွဲ့လေးမှ မရရင် ဂုဏ်ငယ်တာပေါ့။ လူတိုင်းဘွဲ့ရနေတဲ့ ခေတ်ကြီးမှာ။ အဝေးသင်တက်တဲ့သူတွေကတော့ ဘယ်လိုနေတယ်မသိ။ ကိုယ်တွေ day သမား နေ့တိုင်း ကျောင်းတက်နေတာတောင်။

နိုင်ငံခြားက ပညာရေးကတော့ အပြန်အလှန် ဆွေးနွေး။ homework တွေ အများကြီး။ individual project၊ group project၊ presentation။ နားလည်အောင် စာတွေဖတ်။ အတန်းပြီးရင် လေ့ကျင့်ဖို့ ကွန်ပျူတာ တယောက်တလုံး။ စာကြည့်တိုက်မှာလည်း စာအုပ်တွေက အများကြီး။ အလွတ်ကျက်လို့ မရပါဘူး။ တကယ်နားလည် သဘောပေါက်မှ ဖြေလို့ရတာပါ။ တကယ်တတ်မတတ်ဆိုတာ ကောင်းမွန်တဲ့ ပညာရေး၊ သင်ကြားနည်း စနစ်၊ လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်နှုန်း၊ ကျောင်းသားတွေရဲ့ သင်ယူလေ့လာနိုင်စွမ်းတွေပေါ် မူတည်ပါတယ်။

ကျောင်းတကျောင်းရဲ့ အရည်အသွေးကို နိုင်ငံခြားကျောင်းသားတွေ လာတက်နှုန်း၊ ကျောင်းပြီးရင် အလုပ်ရနှုန်း၊ သုတေသနလုပ်ငန်းတွေမှာ ပါဝင်နှုန်း၊ ကျောင်းဆင်းရဲ့ လက်တွေ့ဘဝတွေမှာ အောင်မြင်မှုနှုန်း၊ သင်ယူထားတဲ့ ပညာနဲ့အသက်မွေးနှိုင်နှုန်းတွေနဲ့ တိုင်းတာပါတယ်။ ကျောင်းကောင်းမကောင်း၊ တကယ်တတ်မတတ် ဆိုတာ ပြောစရာမလိုဘဲ အချိန်တန်ရင် သိလာမှာပါ။

နိုင်ငံခြားမှာ ကျောင်းပြီးသွားကြသူတွေ မြန်မာပြည်ကို ပြန်ပြီး လုပ်ငန်းခွင် ဝင်ချင်ကြပေမဲ့ အလုပ်အကိုင်၊ လစာရှားပါးတော့ နိုင်ငံခြားမှာပဲ အခြေချကြတာ များပါတယ်။ ကလေးရှိသူတွေဆို ကလေးတွေ ပညာရေးအတွက် နိုင်ငံသားခံယူလိုက်ကြတာ များပါတယ်။ နိုင်ငံသားနဲ့ နိုင်ငံခြားသားက အခွင့်အရေးက အတော်ကွာတာကိုး။

မြန်မာပြည်မှာနေတုန်းကတော့ နွားခြေရာခွက်ထဲက ဖားလို အိုင်ထဲကရေကို ပင်လယ်ထင်နေတာပါ။ သူများတိုင်းပြည်တွေ တိုးတက်နေတာတွေ့ပေမဲ့ ကိုယ်နဲ့ လားလားမှ မဆိုင်။ နိုင်ငံခြားတိုင်းပြည်လည်းရောက်ရော သူများတိုင်းပြည်တွေ တိုးတက်နေတာတွေ မြင်ရတော့ ကိုယ်ချစ်တဲ့ တိုင်းပြည်ကြီးကိုလည်း အဲလို တိုးတက်စေချင်ပါတယ်။ ခုမှ ပင်လယ်ကြီးကို တကယ်မြင်ဖူးတာ း) ။

အာဆီယံညီလာခံမှာ မြန်မာပြည်က ပညာရေးဝန်ကြီးက မြန်မာပြည်မှာ တက္ကသိုလ်ပေါင်း ၁၀၀ကျော်ရှိတယ်လို့ ကြွားပါတယ်။ တကယ်လည်း ရှိပါတယ်။ သူမို့ မရှက်။ တို့ကတော့ သူ့အစား ရှက်လိုက်တာ။ ကမ္ဘာ့အဆင့် ၂၀ကျော်၊ ၄၀ကျာ် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ထဲမှာ ပါတဲ့ တက္ကသိုလ်တွေ ရှိတဲ့ စင်္ကာပူက မကြွားရဘဲ ဒင်းက ကြွားနေလို့လေ။ ပြောလိုက်ချင်တယ် အရည်အတွက်ထက် အရည်အသွေးက အဓိကပါလို့။

သူများနိုင်ငံတွေက ပညာရေးအတွက် ဘတ်ဂျက်တွေ အများကြီး သုံးနေချိန်မှာ တဦးအတွက် ၁၀ ဒေါ်လာလောက်ပဲ သုံးနေတော့လဲ တိုးတက်ဦးမယ်။ ပညာရေးစနစ်ကို ကိုယ်မပြောင်းနိုင်တော့လည်း ပြောင်းနိုင်တာက ကိုယ့်ကိုကိုယ်ပဲ ရှိတယ်။ အဆင်ပြေရင် နိုင်ငံခြားကျောင်းသွားတက်၊ အင်္ဂလိပ်စာကို ကောင်းအောင်လုပ်ပြီး စကော်လားရှစ်လျှောက်။ အချိန်အခါ မသင့်သေးရင်တော့ အင်္ဂလိပ်စာကို ကောင်းအောင်လုပ်ပြီး ကြိ ုးစားနေမယ်ဆိုရင်တော့ တနေ့နေ့တော့ အခွင့်အရေးဆိုတာ ပေါ်လာမှပါ။

ရုပ်ရည်ချောမောလှပမှုတွေက အသက်ကြီးလာရင် ပျောက်ကွယ်သွားနိုင်သလို၊ ရည်းစားဆိုတာလည်း အဆင်မပြေတဲ့ တချိန်ချိန်မှာ ကိုယ့်ကို ထားသွားနိုင်ပါတယ်။ မပျောက်ကွယ်ဘဲ ကိုယ့်ဆီမှာ အမြဲရှိနေပြီး တန်ဖိုးရှိနေမှာက ပညာပါပဲ။

စန်းထွန်း
သြဂုတ် ၆၊ ၂၀၁၁။

တကယ် တတ်မတတ် _ ၁

မြန်မာပြည်က ပညာရေးစနစ်ကတော့ ကြက်တူရွေး နှုတ်တိုက်ကျက်သလို ကျက်နိုင်မှ အမှတ်ကောင်းတာပါ။ ခလုတ်တိုက်ရင် မေ့သွားရော။ ဘာလက်တွေ့မှလည်း မရှိတော့ နောက်တတန်းသာ တက်သွားတယ်။ ခေါင်းထဲမှာ ဘာမှ မကျန်ခဲ့။

နိုင်ငံခြားမှာတော့ အားကစား တခုခု၊ ဂီတ တခုခု၊ ဘာသာစကား တခုခု မယူမဖြစ် ယူရပါတယ်။ ကလေးတွေ ပန်းချီဆွဲဖို့၊ လူမှုရေးလုပ်ငန်းတွေမှာ ကူညီတတ်အောင် ကျောင်းကနေ လူအိုရုံတွေ သွားပြီး ကူညီလုပ်ကိုင်တာမျိုးတွေ၊ ရန်ပုံငွေရအောင် အလှုငွေခံတာမျိုးတွေ၊ လက်ဆောင်လေးတွေ လုပ်ပြီး ရောင်း၊ ရောင်းရငွေကို လှုတန်း။ စင်္ကာပူကို ရောက်တော့ တွေးမိတာလေးက ငယ်ငယ်တုန်းကရောက်ရင် ကောင်းသားလို့။ အဲလိုမျိုး ဂီတ၊ အားကစား၊ ဘာသာစကား တခုခု တတ်ချင်တာလေ။

ခုတော့ အားကစားလား ရေ ကူးတတ်ပါဖူး(ဟိုယက် ဒီယက်တော့ ရတယ်။ ဟိုင်းကြီးမှာတုန်းက ဘော့သီးနှစ်လုံးကို ကြိုးချည်ပြီး ကူးဖူးတယ်)၊ ဘတ်စ်ကတ်ဘော၊ ဘော်လီဘော ပုတ်တတ်ဖူး။ ကြက်တောင် နယ်မှာနေတုန်းက ဆောင်းရာသီဆို ဟိုရိုက်ဒီရိုက်။ လေတိုက်လို့ ကြက်တောင်ဘောလေးကို ကောက်ရတာများများ။ စားပွဲတင်တင်းနစ် လုံးဝပဲ။ ဒါဆို အားကစားနဲ့ပတ်သက်လို့ ဘာလုပ်တတ်လဲ။ အာလူးကောက်တတ်တယ်(ချထားတဲ့ ကျောက်ခဲလေးကို ပြေးပြေးကောက်ပြီး အိတ်ထဲ ထည့်ရတာ)၊ ထုပ်စီးကောင်းကောင်း ထိုးတတ်တယ်။ စိန်ပြေးတတ်တယ်။ မီတာ ၁၀၀၊ ၂၀၀၊ ၅၀၀ ပြေးတတ်တယ် ငယ်ငယ်တုန်းက။ ခုတော့ မပြေးနိုင်တော့ဘူး အသက်ကြီးလာလို့ း) ။

ဂီတလား လက်ခုပ်တော့ စီးဝါးကျအောင် တီးတတ်တယ် း) ။ activities လား အတန်းဥယာဉ် မြေဆွတာတို့၊ အပင်ရေလောင်းတာတို့၊ ပုသိမ်မြို့အဝင် အရုပ်ကြီးဖွင့်ပွဲတို့ ပါဖူးတယ်။ ဘာသာစကားလား တရုတ်ကားတွေ ကြည့်တော့ ရှဲ့ရှဲ့နီ ၊ ဂျပန်ကားတွေ ကြည့်တော့ အိုဟိုင်းရိုး ဂိုစိုင်းမတ်၊ ကိုရီးယားကားတွေကြည့်တော့ အညော်ရော်ဟတ်ဆိုင်ရိုး၊ အိုပါး၊ အိုနီး၊ အိုမား၊ ဆာရားငယ်တော့ ပြောတတ်တယ်။ ကျောင်းမှာလား သင်ပါဘူး။ သင်ချင်ရင် အပြင်မှာ သင်တန်းသွားတက်။

စာကြည့်တိုက်ဆိုလည်း ကလေးတွေအတွက် စာအုပ်တွေ အတော်များပါတယ်။ ရောင်စုံကာတွန်းလေးတွေနဲ့ ကလေးစာအုပ်လေးတွေကို စန်းထွန်းတို့တောင် ယူဖတ်ရတယ်။ မြန်မာပြည်က ကလေးတွေကတော့ ဒီလို အခွင့်အရေး မရှိရှာပါဘူး။ စာကြည့်တိုက် ဆိုတာလည်း ရွေးချယ်စရာ၊ ဖတ်စရာ သိပ်မများ။ စာကြည့်တိုက် ဆိုတာလည်း သိပ်မရှိ။ နိုင်ငံခြားမှာတော့ နေရာတိုင်းမှာ စာကြည့်တိုက်တွေ ရှိပါတယ်။ စာအုပ်တွေကလည်း အများကြီး။

တိုင်းပြည်တပြည်မှာ ပညာရေးက အရေးကြီးပါတယ်။ ပညာမြင့်မှ လူမျိုးမြှင့်မှာ။ စင်္ကာပူ တည်ထောင်သူ လီကွမ်ယုဆို သောက်စရာ ရေတောင် မရှိတဲ့ တိုင်းပြည်ကို ပညာရေးနဲ့ တိုင်းပြည်ကို တိုးတက်အောင် လုပ်မယ်ဆိုပြီး တည်ထောင်တာပါ။ သဘာဝသယံဇာတ အရင်းအမြစ်တွေက တချိန်ကျရင် ကုန်ခမ်းသွားနိုင်ပေမဲ့ လူ့အရင်းအမြစ်သာ မကုန်ခမ်းနိုင်တာ။ ခု ရေတွင်းတူး ခုချက်ချင်း ရေကြည်သောက်လို့ မရပါဘူး။ စင်္ကာပူ ဒီလိုဖြစ်လာအောင် နှစ် ၄၀လောက် အချိန်ပေးခဲ့ရတာ။ ခုချိန်မှာတော့ ပညာရေးကောင်းလို့ အာရှက လူတွေ လာတတ်နေရပြီ။

စင်္ကာပူက ကလေးတွေက အင်္ဂလိပ်စကားပြောနေမေဲ့ Grammer အားနည်းတယ်။ I goes. We has တို့ သုံးတတ်တယ်။ သင်္ချာလည်း အားနည်းတယ်။ မြန်မာတွေကတော့ Grammer ၊ သင်္ချာ အားသာပါတယ်။ ခုခေတ် ကလေးတွေတော့ မသိ။

ရန်ကုန်တက္ကသိုလ်ဆိုရင်လည်း အရင်တုန်းက အရှေ့တောင်အာရှက နာမည်ကြီးကျောင်းမှာ ပါပါတယ်။ နိုင်ငံခြားသားတွေတောင် လာတက်ရတာ။ ဝင်ခွင့်က ခက်တယ်တဲ့။ ခု မြန်မာပြည်က တက္ကသိုလ်တွေကတော့။

ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်တဲ့ မောင်မောင် ကျောင်းသွားဖို့ တော်တော်စိတ်ညစ်တယ်။ ဆရာတွေက မလာ။ ဝထ္ထုစာအုပ်ယူသွားပြီး ဖတ်နေတော့တာ။ မသွားလို့လည်း မရ ရိုးကော( roll call) မရဘူးလေ။ ကျူတိုရီရယ် စာအုပ်ဖွင့်ပြီး ကူးကြတာ။ စာမေးပွဲကျလား။ ကန်တော့လိုက်ရင် အောင်တယ်။ မေးခွန်းလိုချင်လား ကျူရှင်တက်ရင် ရတယ်။ တကယ်စိတ်ရင်းနဲ့သင်တဲ့ ဆရာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက လူနည်းစုဆိုတော့ အားလုံးကို ဝါးလုံးရှည်ကို ယမ်းလိုက်တာပါပဲ။

စန်းထွန်း
ြသဂုတ် ၆၊ ၂၀၁၁။

Necessary Evil...

Exam is the necessary evil.
စာမေးပွဲ...စာမေးပွဲ...စာမေးပွဲ...
သူငယ်တန်းကတည်းက ဖြေလာလိုက်တာ ခုထိလည်း ဖြေနေဆဲ။ နောင်လည်း ဖြေလတ္တံ့။

မြန်မာပြည်က စာမေးပွဲတွေကတော့ လွယ်တယ် ဆိုရမယ်။ စာမေးပွဲနီးရင် တီချယ်တွေ ရွေးပေးတာတွေ၊ စတားသုံးလုံးလောက်ပြထားတဲ့ ဟာတွေကျက်လို့ကတော့ အောင်မှတ်ကတော့ ပြေးမလွတ်ဘူး။ အလွတ်ကျက်နိုင်ရင် အောင်ပြီ။ ဒါကိုတောင် စပေါ့ရိုက်(ရွေးကျက်သေးတာ)။

IDCS တက်တုန်းကတော့ မေးခွန်းကို အင်္ဂလန်က ထုတ်တာ။ တီချယ်တွေက ရှေ့အပိုင်းတွေ သင်ထားတာ မေးခွန်းက နောက်ပိုင်းတွေ မေးတော့ ကျလိုက်ကြတာ သောက်သောက်လဲ။ ဒေါ်လာ ၁၀၀ကျော် ပြန်သွင်းမှ ပြန်ဖြေလို့ရတယ်။ မအောင်ရင် certificate မပေးဘူးလေ။ အဲဒီတုန်းက ဒီလိုကြွှားတာ။ "လူကသာ အင်္ဂလန် မရောက်သေးတာ။ ငါ့အဖြေလွှာစာရွက်ကတော့ အင်္ဂလန်ကို ရောက်နှင့်နေပြီ" လို့။

NUS မှာတော့ စာမေးပွဲက open book ။ ကြိုက်တဲ့စာအုပ်၊ ကြိုက်သလောက်သယ် အဖြေက တခုမှ စာအုပ်ထဲမှာ မရှိဘူး။ ခေါင်းထဲမှာပဲ ရှိတယ်။ နိုင်ငံခြားက မေးခွန်းထုတ်တဲ့ ACCA ၊ IDCS တို့လည်း open book နီးနီးပဲ။ ဘာမေးမယ်မှန်း မသိဘူးလေ။ ဆရာတွေ သင်တဲ့ဟာပဲ ကြည့်လို့ကတော့ မလုံလောက်ဘူး။ မြန်မာပြည်က closed book ကတော့ အပုဒ် ၂၀ ကျက်ရင် ၁ပုဒ်လောက်က ပြေးမလွှတ်ဘူး။

ခုလည်း ဒီအတိုင်းပါပဲ။ closed book ပေမဲ့ အဖြေက စာအုပ်ထဲမှာ မရှိဘူး။ ခေါင်းထဲမှာပဲ။ ဆရာသင်တာနဲ့တင် မလုံလောက်ဘဲ တခြားစာအုပ်တွေ ဖတ်ထားတော့မှ တန်ရုံကြတာ။ Practice makes perfect. ဆိုတာ အမှန်ပါပဲ။ မြန်မာပြည်မှာလို ကြက်တူရွေး နှုတ်တိုက်ကျက်လို့ မရပါဘူး။ တကယ် နားလည် သဘောပေါက်မှ ဖြေနိုင်တာပါ။ မြန်မာပြည်က ပညာရေးနဲ့ နိုင်ငံခြားက ပညာရေး တော်တော်ကွာပါတယ်။ မြန်မာပြည်မှာ အချိန်တွေကုန်၊ ပိုက်ဆံတွေ ကုန်တာခြင်း အတူတူ နိုင်ငံခြားမှာ ကျောင်းတက်တာက တကယ်တတ်ပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြားက ဘွဲ့၊ နိုင်ငံခြားကကျောင်းတက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ UCSY မှာ ၅နှစ်တက်တာထက် NUS မှာ ၁နှစ်တက်တာက ပညာတွေ အများကြီးရပြီး ပိုတတ်ပါတယ်။

ဒီမှာတော့ exam လို့ မခေါ်ပါဘူး Opportunity to Integrate and Stabilize the Knowledge တဲ့။ ကိုယ့်ရဲ့ ညဏ်ပညာတွေကို ပေါင်းစပ်အသုံးချပြီး အရည်အချင်းပြနိုင်တဲ့ အခွင့်အရေးပါတဲ့။ တို့တွေကတော့ အရည်အချင်းလည်း မပြချင်ပါဘူး (ပြစရာလည်း မရှိလို့)။ ဒီလို အခွင့်အရေးမျိုးလည်း မလိုချင်ပါဘူး း)။

အရက်ကြိုက်တဲ့ လူတယောက်က ပြောတယ်။ အရက်သောက်တာကို မတားမြစ်တဲ့ ဘာသာတရားရှိရင် ပြော။ အဲဒီဘာသာကို သူပြောင်းမယ်တဲ့။ ခု စန်းထွန်းလည်း စာမေးပွဲမရှိတဲ့ ကျောင်းရှိရင်ပြော။ အဲဒီကျောင်းကို ပြောင်းမယ်လို့။

စန်းထွန်း
သြဂုတ် ၄၊ ၂၀၁၁။

ညောင်းတယ် ညာတယ်...

ခါးနာနေတဲ့ ဆူနမ်ကို မိုင်းနဲ့ ရာမားက နှိပ်ပေးနေတာ မြင်တော့ အားကျမခံ စန်းထွန်းလည်း နှိပ်ပေးလိုက်တာ နာလို့တဲ့ အော်ပါလေရော။ သူများက စေတနာနဲ့ အကောင်းနှိပ်ပေးမှာကို။

အိမ်မှာ ဖေ၊ မကြီးက အညောင်းသမားတွေ။ ကုသိုလ်ကံကောင်းတဲ့ မေကတော့ လုံးဝမညောင်းတတ်တာပါ။ စန်းထွန်းကတော့ တခါတလေ ညောင်းရင် ဇက်ချိုး၊ ပရုတ်ဆီလိမ်းလိုက်ရင် သက်သာသွားတာပဲ။ အိမ်မှာ ညတိုင်း ဖေ့ကို မောင်နှမတွေ တယောက် တလှည့် တက်နင်းပေးရတယ်။ မညောင်းတတ်တဲ့ စန်းထွန်းက ဘယ်နားနင်းရင် ဘယ်လို သက်သာမှန်းမသိ။ ဖေ ညွှန်တဲ့အတိုင်း နင်းပေးလိုက်တာပဲ။ တခါတုန်းက ဒူးခေါင်းဂျွှတ်ကို တက်နင်းလိုက်လို့ ဖေ့မှာ နာလို့ အော်လိုက်တာ။ ကြိတ်နင်းတယ်ဆိုတာ ရှိသေးတယ်။ ဖေက ညောင်းပဲ ညောင်းနိုင်လွန်းတယ်လို့ ပြောတော့ သမီးကြီးလာမှ သိမယ်တဲ့။

ဖေ့သမီး ပီသစွာ မကြီးလည်း ညောင်းတတ်ပါတယ်။ စာမေးပွဲနီးရင် ဇက်ကြောတက်နေတဲ့ မကြီးကို မေက နှိပ်ပေးရတယ်။ တခါတလေ၊ စိတ်လိုလက်ရမှ နှိပ်ပေးတတ်တဲ့ မောင့်မောင့်မတ်ဆာ့ကတော့ ထိတယ်လို့ ဆိုကြတယ်။ မလေးရှားကို သွားလည်တုန်းက ညောင်းတတ်တဲ့ သူတို့ သားအဖနှစ်ယောက် ညနေတိုင်း မတ်ဆာ့ဆီ ပြေးကြလေရဲ့။

Batam အင်ဒိုနီးရှားကို သွားလည်ကြတုန်းက ရုံးကလူတွေနဲ့ မတ်ဆာ့ဆီ သွားပါတယ်။ အဲဒီတုန်းကတော့ သက်သာသလို ခံစားရပေမဲ့ နောက်နေ့ကျတော့ တကိုယ်လုံး နာလိုက်တာ ကိုင်ရိုက်ထားသလိုပဲ။ မတ်ဆာ့ဆိုတာ ပိုက်ဆံပေးပြီး ကိုယ်ကို ကိုင်ရိုက်ခိုင်းတာလို့ ပြောတဲ့ စန်းထွန်းကို အားလုံးက အထူးအဆန်းသတ္တဝါလို ဝိုင်းကြည့်ကြလေရဲ့။ ကောင်းတဲ့ မတ်ဆာ့ကို မရဖူးလို့နဲ့ တူပါရဲ့။

ခုတော့ တချိန်လုံးထိုင်၊ ကျောင်းဆင်းရင် အဆောင်ကူး(အဆောင်ကလည်း ကျောင်းကနေ လမ်းကူးလိုက်ရင် ရောက်ပြီ)၊ အခန်းထဲမှာလည်း ဆက်ထိုင်၊ ထိုင်ပြီးရင်း ထိုင်နေတော့တာ(မထိုင်လို့ ကင်းမြီးကောက်ထောင်သလို ထောင်နေလို့မှ မရတာ)။ တချိန်လုံး အခန်းထဲမှာ ဂူအောင်းရတော့ ညောင်းညာပါတယ်။ ကိုယ်လက် လှုပ်ရှားမှုမှ မရှိတာ ညောင်းမှာပေါ့။

ခုတော့ သမီးသိပြီ ဖေ ညောင်းညာတယ် ဆိုတာကို။ ကိုယ်ချင်းလည်း စာတတ်ပါပြီ။

စန်းထွန်း
သြဂုတ် ၁၊ ၂၀၁၁။