ပြုံးမိတယ်လေး...




သူငယ်ချင်း အချင်းချင်း လည်ပင်းလာညှစ်ရင် လျှာထွက်ပြ၊ လက်လုပ်သေနတ်နဲ့ ပစ်ရင် ရင်ဘတ်လေးကို လက်ကလေးနဲ့အုပ် ခေါင်းကလေး ငှဲ့ပြီး သေနတ်မှန်သလိုလုပ်ပြ၊ လည်ပင်းရှေ့ လက်ကို ကန့်လန့်လေးထားပြီး သေတယ်ဆိုတဲ့ အမူအရာလုပ်ပြီး ပြောင်ဖူးကြမှာပါ။ အခုလည်း ခွေးလေးက ပြောင်ပြတော့ ပြုံးမိပါတယ်။ သူငယ်ချင်းတွေလည်း ပြံပြုံရအောင် ဘလော့ကနေ ရှယ်လိုက်ပါတယ်။

လာ အတူတူ ပြုံးလိုက်ရအောင် :) ။

စန်းထွန်း
ဇူလှိုင် ၃၀၊ ၂၀၁၁။

Do Less. Accomplish More.

ညဖက်စောစောအိပ်ဖို့ အမြဲတိုက်တွန်းပါတယ်။ သူ့စောစောကလည်း ည၉နာရီခွဲ။ clear mind ၊ clarified ဖြစ်တဲ့စိတ်နဲ့သာ နက်နဲခက်ခဲတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်မှာ။ နောက်ကျမှအိပ်လို့ အကျိုးရှိတယ်ဆိုရင် သူနောက်ကျမှ အိပ်ခိုင်းပါတယ်တဲ့။ သူက အမြဲပြောပေမဲ့ ဘယ်ကျောင်းသားမှ ည၉နာရီခွဲ မအိပ်ပါဘူး။ အနည်းဆုံး ည ၁၂၊ ၁ နာရီအထိ စာကြည့်ရပါတယ်။ ဒါတောင် မပြီးလို့။

ည၉နာရီခွဲ အိပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာပါ။ အမြဲ ၁၁၊ ၁၂ နာရီမှ အိပ်တာ။ နယ်မှာတော့ ည၁၀နာရီလောက် အိပ်ကြပါတယ်။ မနက် ၆ နာရီဆို ထနေပြီ။ စောစောအိပ်၊ စောစောထ၊ အချိန်မှန် လတ်လတ်ဆတ်ဆတ် အစားအစာတွေစား၊ သန့်ရှင်းတဲ့လေကို ရှူ၊ လမ်းလျှောက်၊ သစ်ရွက်တွေကိုလှည်း၊ အပင်စိုက်နဲ့ နယ်က လူတွေက ကျန်းမာပျော်ရွှင်ကြပါတယ်။ စန်းထွန်းတို့လည်း ဟိုင်းကြီးပြန်ရင် စောစောအိပ်၊ စောစောထ။ ၉ နာရီဆို မုန့်ဟင်းခါးတွေ ပြောင်ပြီ။

ရန်ကုန်ရောက်ရင်တော့ ရန်ကုန်စတိုင် ည ၁၁၊ ၁၂ နာရီမှ အိပ်။ မနက် နေဖင်ထိုးမှထ။ မနက် ၆နာရီဆို ဘာမုန့်သည်မှ မဖွင့်သေးဘူးလေ။ ရန်ကုန်ရောက်ရင် ရန်ကုန်လို ကျင့်ရတာပေါ့။

KMD မှာ IDCS တက်တုန်းက စာသင်ရင် အမြဲအိပ်နေတတ်တဲ့ ကောင်လေးတယောက် ရွှေတံဆိပ်သာရသွားတယ် စာတခါမှ ကြည့်တာလည်း မတွေ့လိုက်ဘူး။ NUS တုန်းကလည်း ရွှေတံဆိပ်ရတဲ့ကောင်လေးဆို ဂိမ်းပဲဆော့နေတာ။ မာစတာ ဘရိန်းတွေကိုး။

မာစတာဘရိန်း မဟုတ်တဲ့ စန်းထွန်းကတော့ ညဏ်မကောင်းတော့ ဝီရိယ သူများထက် ပိုရပါတယ်။ သူများတွေ ၁ နာရီ စာကြည့်ဖို့ အချိန်ပေးရရင် စန်းထွန်းက ၂ နာရီ ပေးရတယ်။ တချိန်လုံး စာလုပ်နေတာတောင် အမှတ်က သူများတွေလောက် မကောင်းဘူး။ မကြီးကတော့ ညဏ်ကောင်းပါတယ်။ ဒါပေမဲ့ သူက ဝီရိယအားနည်းတယ်။ စာကျက်မယ်ဆိုရင် အိပ်ငိုက်တော့တာပဲ။ သူ အိပ်မပျော်ဘူးဆိုရင် စာကြည့်လိုက် အိပ်ပျော်သွားလိမ့်မယ်လို့ ပြောလေ့ရှိကြတယ်။ စာကျက်တာ သူ့အတွက် အိပ်ဆေး။ စာမလုပ်တာတောင် စာမေးပွဲဖြေရင် အမှတ်ကောင်းကောင်းရတယ်။ ဒုတိယအမှတ်အများဆုံး။ ပထမနဲ့ တမှတ်ပဲ ကွာတယ်။ သူ့လို ညဏ်ရည်နဲ့ စန်းထွန်းလိုမျိုး ဝီရိယသာ ပေါင်းလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။

မောင်မောင်ကတော့ ညဏ်လည်း အကောင်းကြီးမဟုတ်၊ ဝီရိယလည်း မကောင်းပေမဲ့ ကံကောင်းတယ်။ ဆယ်တန်းမှာ သူ့ကို ကျမယ်ထင်တာ သူက အောင်ပြီး အောင်မယ်ထင်တဲ့သူက ကျလေရဲ့။ စင်္ကာပူကိုလည်း ကြိုးစားစရာမလိုဘဲ ဖေ၊ မေကို လိုက်ပို့ပေးရလို့ ရောက်လာပြန်တယ်။ သင်္ဘောသားဝင်ခွင့်လျှောက်တော့လည်း second mate ရဲ့ သားက ဝင်ခွင့်ပြုတ်ပြီး သူက ဝင်ခွင့်ရတယ်။ အိမ်မှာ ပြောကြတာက မောင်မောင့်ကံက မသေးဘူးတဲ့။

တခါတလေတော့လည်း စိတ်တိုမိတယ်။ ငါ ဒီလောက် လုပ်တာတောင် ဘာလို့ အမှတ်မများရတာလဲလို့။ စိတ်ပေါက်ပေါက်နဲ့ မလုပ်ပြန်ရင်လည်း ပိုဆိုးတော့မှာလေ။ မာစတာဘရိန်းတွေလို တချိန်လုံး အိပ်နေပြီး ရွှေတံဆိပ်ရချင်မိတယ်။ ကိုယ့်ကံပဲပေါ့။

ခုတော့ Do Less. Accomplish More. ဆိုပေမဲ့ Do More. Accomplish Less. ဖြစ်နေပါကြောင်း။

စန်းထွန်း
ဇှုလှိုင် ၂၉၊ ၂၀၁၁။

ဝမ်းသာနေလို့...

စင်္ကာပူကကျောင်း ပြီးသွားလို့ အလုပ်ရှာတုန်းကတော့ ဘယ်သူကဖြင့် အလုပ်ရသွားပြီဆိုရင် အလုပ်မရသေးတဲ့ စန်းထွန်းတယောက် ဘုရားစင်ရှေ့ ဖင်ဘူးတောင်းထောင် ရှိခိုး၊ အလုပ်တွေ ဖိလျှောက်( ဒါပဲ လုပ်လို့ရတာကိုး)။ အလုပ်ရပြီး PR(Permanent Residence)တင်တော့ အဲဒီအချိန်မှာ ပီအာတွေကို ကျပ်နေပြီ။ တရုတ်တွေနဲ့ ကုလားတွေလောက်ပဲ ပီအာရတယ်။ မြန်မာအကုန်လုံးက reject။ တော်လို့ အင်တန်းဆင်းတဲ့ ကုမ္ပဏီတွေကနေ offer ကမ်း၊ အလုပ်ရှာစရာတောင် မလိုတဲ့သူတွေ၊ gold metal ရတဲ့သူတွေတောင် ပီအာ reject ဆိုတော့ ကိုယ်တွေအတွက်ကတော့ ဝေးပါသေး။ မျှော်လင့်ထားတဲ့အတိုင်း လည်း reject။ CPF မထည့်ရတော့ ပိုသုံးရတာပေါ့။ ကိုယ့်သူငယ်ချင်းတွေ reject ဆိုတာ ကြားရတိုင်း ဘယ်သူကတော့ reject တဲ့ဟေ့ဆိုပြီး ဝမ်းသာအားရ သတင်းပေးကြသေးတာ။ တော်တော်များများ approve ဖြစ်ပြီး reject ထဲမှာ ကိုယ်ပါမယ်ဆိုရင်တော့ ဝမ်းနည်းပက်လက်ဖြစ်မှာ သေချာတယ်။ ခုတော့ ပျော်စရာကြီး။ တပြုံလုံး reject :) ။

တရုတ်အကိုကြီးတယောက် အမှတ်နည်းသွားလို့ advanced တန်းကနေ basic တန်းကို တို့တွေနဲ့ လာတက်နေပါတယ်။ တရုတ်တွေ အားလုံးက အရမ်းအံ့အားသင့်သွားကြတယ်။ လာတဲ့ တရုတ်တွေထဲမှာ သူက အသက်အကြီးဆုံးနဲ့ experience အများဆုံး။ ဂျပန်မှာ ၁၀နှစ်ကျော် experience ။ ဂျပန်ဆိုတာက သိတဲ့အတိုင်း အလုပ်အရမ်းလုပ်ကြတာ။ အရင်တုန်းကတော့ programmer လုပ်ဖူးမှာပေါ့။ ခု project manager ဆိုတော့ coding တွေ မေ့နေမှာပေါ့။ စာမေးပွဲဆိုတာလည်း ခက်သားလား။ ကိုယ်ဖြေတာနဲ့ ဆရာအမှတ်ပေးတာနဲ့ တည့်တည့်တိုးမှ။ အလုပ်ထဲမှာကတောင် အေးအေးဆေးဆေး ရေးနေလို့ရသေးတယ်။ စာမေးပွဲမှာက ဆုံးဖြတ်ချက်တွေ မှန်မှ။

သူငယ်ချင်းတွေ အေရတော့လည်း အားကျမိပါတယ်။ သူတို့လိုမျိုး အေရချင်မိပါတယ်။ တချို့ဘာသာတွေဆိုရင် အကျများတာများ ၆၀ ရာခိုင်နှုန်းတောင် ကျတာတဲ့။ ပျော်စရာကြီး တပျော်တပါး ကျကြတာ။ သူငယ်ချင်းတွေ အမှတ်နည်းသွားလို့ ပြန်တက်ရဦးမယ်လို့ ကြားရတိုင်းလည်း အဖော်ရှိပြီဆိုပြီး အားရှိနေမိပါတယ်။ ဟိုကကြားရင် ငါ့တော့ သောက်ညင်ကပ်ပြီး လည်ပင်းလာညှစ်ချင်စိတ်ပေါက်မှာ။ သူများ အမှတ်နည်းတာကို အဖော်ရှိပြီဆိုပြီး ဝမ်းသာနေလို့ :) ။

လူသားထဲက လူသားတယောက်ပေမို့ အားကျစရာရှိတာကို အားကျပြီး ဝမ်းသာသင့်တာကို ဝမ်းသာနေပါကြောင်း။

စန်းထွန်း
ဇူလှိုင် ၂၆၊ ၂၀၁၁။

များများစား...




မနက်စာ၊ နေ့လည်စာ စားတိုင်း ဟိုဟာလည်း မကြိုက်လို့ မစား၊ ဒီဟာလည်း မကြိုက်လို့ မစားနဲ့ ခေါင်းခါနေတတ်တဲ့ ရာမားကို တို့သုံးယောက် ဝိုင်းပြောတာက "eat more"။ ဖေ၊ မေတို့ကို တို့ညီအမ ဖုန်းဆက်ရင် မေက မကြီးကိုဆို "များများစား"လို့ ပြောတတ်ပေမဲ့ စန်းထွန်းကိုတော့ "အစားဆင်ခြင်"တဲ့။ ဒီလို ပြောရတာလည်း ဒီလို ရှိပါတယ်။

ငယ်ငယ်တုန်းက မကြီးနဲ့ မောင်မောင်ကို ထမင်းခွံ့ရင် တပန်းကန်ပဲ ကုန်ပေမဲ့ စန်းထွန်းကိုတော့ သုံးပန်းကန် ခွံရတာတဲ့။ ထမင်းစားရင်လည်း ဖိုးဖိုးစားကတည်းက စားလိုက်တာ ဖေ၊မေတို့ ထမင်းဝိုင်း၊ အလုပ်သမားတွေ ထမင်းဝိုင်းအထိ စားလို့ မပြီးသေး။ နယ်မှာ အစားအသောက်ကလည်း ပေါတော့ ကြိုက်ရင် အကုန်စား။ ပုသိမ်ရောက်တော့မှ စကေးနဲ့ စားတတ်သွားတာ။

ရန်ကုန်ရောက်တော့ အသန့်ကြိုက်တဲ့ မကြီးက လမ်းဘေးစာဆို မတီးဘူး။ စန်းထွန်းကတော့ လမ်းဘေးစာလည်း မရှောင် အကုန်တီးတာပဲ။ ဝေကတောင် "စန်းထွန်းက တချိန်လုံး စားဖို့ပဲ စဉ်းစားနေတာ မကြီး"လို့ တိုင်သေးတယ်။ ဒီလိုနဲ့ အစားမရှောင်၊ အကုန်တီးတဲ့ စန်းထွန်း မင်းလမ်းက မုန့်တီသုတ်စား၊ အိမ်ရောက်တော့ မေတို့ ဟိုင်းကြီးကနေ ယူလာတဲ့ ခက်တဲ့(ပြည်ကြီးငါး)ကြော်တွေ စား၊ အဲဒါတွေက ဗိုက်ထဲမှာ ဖိုက်ကြတော့ စန်းထွန်းတယောက် ဝမ်းသွားပါလေရော။ ဗိုက်ထဲက ရစ်ရစ်နာပြီး အောင့်တာပါ။ အိမ်သာကို ငါးခါလောက် သွားပြီးချိန်မှာတော့ လူက မျော့မျော့ပဲ ကျန်တော့တယ်။

ချမ်းလာပြီး စောင်အထပ်ထပ် ခြုံပြီး ညည်းနေတော့တာ။ ည ၂ နာရီလောက် ရှိပါပြီ။ ဆေးခန်းသွားရအောင် ဒီအချိန်ကြီး။ ဖေက ခြေဖဝါးကို လာဖျစ်ပေး၊ ဆေးလိမ်းပေးတော့ ချမ်းတာတွေ သက်သာပြီး အိပ်ပျော်တော့တာ။ မေကတော့ အစားသောင်းကျန်းလို့ ဖြစ်တာလို့ ဆူလေရဲ့။ မောင်မောင်က လာစောင့် အိပ်ပေး။ မနက်မိုးလင်းတော့ ကောင်းသွားရော။

တုတ်ကွေးရာသီမှာ ဖျားလို့ သီရိ၃လမ်းက ပြနေကျဆရာဝန်ဆရာဦးသိန်းဟန်ဆီမှာ သွားပြပါတယ်။ ဆရာက ဆေးလုံးဝ မထိုးဘူး။ ဆေးပဲ သောက်ရတာ။ နောက်နေ့ အဖျားအရမ်းကြီးပြီး အပူတွေ အရမ်းတက်တော့ မကြီးခမျာ ကြောက်ပြီး မေ့ကို ဖုန်းဆက်တော့ မေက ချက်ချင်းပဲ ရန်ကုန်တက်လာပါတယ်။ မေပြောတာက စန်းထွန်းက ဖျားခဲတယ်၊ ဖျားရင်ပဲ အသည်းအသန် ဆေးရုံရောက်ပဲတဲ့။ ဆရာ့ဆေးကို ၃ခွက်လောက် သောက်ရင် သက်သာပါတယ်။ ခု မသက်သာတော့ အူရောင်ငန်းဖျားနဲ့ တူတယ်၊ ဘာအဖတ်မှ မစားနဲ့၊ သွေးသွားစစ်တဲ့။ သွေးသွားစစ်တော့လည်း အူရောင်ငန်းဖျား မဟုတ်။ ချက်နဲ့ တင်ပဆုံးရိုးကြားထဲ လက်နဲ့ ထိုးရင် နာပါတယ်။ အူအတက်ရောင်တာတဲ့။ လမ်းဘေးစာတွေ၊ မသန့်တဲ့ လက်သုပ်၊ ငရုတ်ချဉ်ရည်တို့ စားမိလို့ နေမှာတဲ့။ ခွဲမလား၊ ဆေးသောက်မလားဆိုတော့ ဆေးသောက်တာကို ရွေးလိုက်ပါတယ်။ စာမေးပွဲက နီးနေပြီလေ။

အဖတ်မစားရ အရည်တွေပဲ သောက်ရတော့ တော်တော့်ကို ပိန်သွားတာ။ သူငယ်ချင်းတွေဆို ကိုယ့်ကို မြင်ရတာ စိတ်မကောင်း ဖြစ်လွန်းလို့ အရင်ဝဝဖြိ ုးဖြိ ုးလေးကနေ ပိန်ပိန်ညောင်ညောင်လေးဖြစ်သွားလို့တဲ့။ အဲဒီကတည်းကစလို့ အရမ်းကြိ ုက်တဲ့ လက်သုပ်တွေ၊ ငရုတ်ချဉ်ရည်၊ ချဉ်ဖတ်၊ ငရုတ်သီးအပူအစပ်တွေကို ရှောင်ရတော့တာပဲ။ သူများစားတိုင်း သားရေယိုရတာပေါ့။ အဲဒီကတည်းကစလို့ မေက မကြီးကို "များများစား"ဖို့ မှာပေမဲ့ စန်းထွန်းကိုတော့ "အစားဆင်ခြင်"တဲ့။ အိမ်ရဲ့ လက်သုံးစကားက "များများစား၊ အားရှိမှ၊ အလုပ်လုပ်နိုင်မှာ"တဲ့။

စင်္ကာပူကိုရောက်တော့ အစားအသောက်တွေက သန့်တော့ ဘာမှမရှောင် တီးတော့တာပေါ့။ နေရာတိုင်းမှာ foot court ရှိတော့ ချက်မစားချင်ရင် ဝယ်စားလိုက်ရုံပါပဲ။ မလေး၊ အင်ဒိုနီးရှားအစားအစာတွေကလည်း မြန်မာအစားအစာနဲ့ အတော်တူပါတယ်။ ကိုရီးယားစာ၊ ဂျပန်စာ အကုန်ကြိုက်။ စင်္ကာပူမှာတော့ ထမင်းလေးလက်တဆုပ်လောက် ကျန်ရင်တောင် ရေခဲသေတ္တာထဲထည့်၊ စားခါနီးမှ မိုက်ခရိုဝေ့ထဲ ထည့်နွေးစား။ မကြီးကလည်း စည်းကမ်းရှိ စနစ်ကျတော့ ဘာမှ ပစ်ရက်စရာကို မရှိတာပါ။ စားလို့ကုန်ရင် ကုန်ပစေ၊ လွှင့်ပစ်ရရင်တော့ အတော်နှမြောဖို့ကောင်းတာပါ။

အလုပ်က ဘော်ဒါတွေနဲ့ နေ့လည် ထမင်းသွားစားရင် မကုန်လို့ ချန်တာတွေ့ရင် သူတို့က အာဖရိကလူတွေကို သတိရပါလို့ ပြောတတ်တော့ ကုန်အောင် တီးရပါတယ်။ မကြီးကလည်း ပြောတတ်တယ်။ စန်းထွန်း "အပြတ်ရှင်းလိုက်"တဲ့။

အမေရိကန်စာတွေကတော့ ငန်ပြီး ကိတ်မုန့်တွေကလည်း သကြားခဲကို စားရသလိုပါပဲ။ ဒါကြောင့်လည်း အမေရိကန်တွေ သွေးတိုးဆီးချိုအဖြစ်များပြီး အဝလွန်တွေ များတာလည်း မပြောနဲ့။ ဘာမဆို စားနိုင်ပါတဲ့၊ ဘယ်တော့မှ မပိန်တဲ့ စန်းထွန်းတောင် ၂ ကီလို၊ လေးပေါင် ကျတာ ကြည့်တော့။ တီချယ်သူဇာဆို ၁၀ပေါင် ကျတာတဲ့။ မတူညီတဲ့ ခန္ဓာကိုယ်စနစ်ကြောင့် ဆူနမ်ကျတော့ ဝလာပါတယ်။

တက္ကသိုလ် ဒုတိယနှစ်ရောက်မှ မီးဖိုချောင်ထဲ ဝင်ဖူးတဲ့ စန်းထွန်း အိမ်က သင်ပေးပေမဲ့ အရသာမသိ၊ ဘာစားစားကောင်းနေတော့ ကိုယ်ချက်တာလည်း ကောင်းတယ်ထင်တာပေါ့။ တခါက လက်စွမ်းပြလိုက်တာ ဘယ်သူမှ မစားနိုင်။ မောင်မောင်ကတော့ ဘယ်လောက်တောင် အရသာသိလဲဆိုရင် အင်း ငန်မဲ့ပုံပဲ၊ ချဉ်နေပြီနဲ့ အိမ်ရှေ့ကနေ အနံ့ကို ရှူရင်း ခန့်မှန်းနေတာ။ သူ့ကို ဟင်းမြည်းခိုင်းရတယ်။ "မကြီးကို ရတဲ့ ယောကျ်ားကတော့ အတော်ကံကောင်းမှာ"လို့ မြှောက်ပေးရင်း စန်းထွန်းစားချင်တာတွေကို မကြီးကို ချက်ခိုင်း။ အစပ်မစားနိုင်တဲ့ စန်းထွန်းအတွက် ဖေက သရက်သီးငါးပိထောင်းကို အစပ်လျှော့ပြီး ထောင်းပေးတတ်ပါတယ်။ မေ့ရဲ့ ကန်းစွန်းရွက်၊ ချဉ်ပေါင် ဟင်းလှော်ဟင်းကိုတော့ ဘယ်သူမှ မမှီတာပါ။ မောင်မောင်ကတော့ ကြက်ဥကြော် expert လို့ တို့ညီအမတွေ ညာညာခိုင်းတတ်ပါတယ်။ ခုတော့ ညာညာ ခိုင်းရမဲ့သူမရှိ။ ကိုယ့်အားကိုယ်ကိုးပဲ။ ပျင်းရင် ငတ်ပဲ။ မီးဖိုချောင်မှာ ချက်လို့ရပေမဲ့ တယောက်စာလေးကို လုပ်ရတာများများ၊ သူများတွေ ချက်ထားတာကို ရှင်းပေးရတာများများဆိုတော့ ခေါက်ဆွဲပြ ုတ်နဲ့ပဲ နှစ်ပါးသွားနေပါတယ်။

ဟိုဟာစားကောင်းနိုး၊ ဒီဟာစားကောင်းနိုးနဲ့ သယ်လာပေမဲ့ မစားနိုင်ဘဲ အများကြီးကျန်တာကိုမြင်ရင် အာဖရိက က လူတွေကို သတိရပေမဲ့ ဘယ်လိုမှ မတတ်နိုင်တာပါ။ ခုတော့ မကြိုက်တာတွေကို ကြိုက်အောင် ကြိုးစားရင်း "များများစား"နိုင်ဖို့ ကြိုးစားနေကြောင်းပါ။

စန်းထွန်း
ဇူလှိုင် ၂၄၊ ၂၀၁၁။

ကျောင်းတက်နိုင်သူကြီး _ ၄

ပတ်ဝန်းကျင်ကလူတွေကိုလည်း သူတို့ပျော်လို့ ကျောင်းတက်နေသလားလို့ စပ်စုမိပါတယ်။

မကြီးတို့ ACCA လောက က လက်သုံးစကားက "မစလေနဲ့။ စရင် ဆုံးမှာ မဟုတ်ဘူး"တဲ့။ တကယ်လည်း စရင် မဆုံးတော့ပါဘူး။ တချို့ဘာသာ(၃.၂၊ ၂.၆)တွေဆို တော်တော်ခက်တာ။ အနည်းဆုံးလေးခေါက်ဖြေမှ အောင်တာ။ စာမေးပွဲကြေး၊ အင်္ဂလန်က အသင်းဝင်ကြေး၊ စင်္ကာပူက အသင်းဝင်ကြေးနဲ့ အတော်ဈေးကြီးပါတယ်။ ပညာဆိုတာ ပိုက်ဆံနဲ့မှ ဝယ်ရတာပါ။ ပိုက်ဆံမရှိရင် ဒီခေတ်မှာ ပညာမတတ်ပါ။ စာမေးပွဲနီးရင် အပူရုပ်ပေါက်နေတဲ့ မကြီးကို တွေ့ရပါမယ်။ အပါးဆုံးအင်္ကိၤျဝတ်ပြီး အဲကွန်းဖွင့်ထားပေမဲ့ ပူနေပါတယ်(စာမရလို့)။ မောင်မောင် တီဗွီသံက ဆူလိုက်တာ(အမှန်က ပုံမှန်ပါပဲ) တိုးတိုးဖွင့်စမ်းလို့ မာန်မဲရင် ငြိမ်နေရပါတယ်။ စာကျက်လို့ ခဏနေရင် ဟိုဟာ စားချင်သလို၊ ဒီဟာ စားချင်သလို ဖြစ်လာပါတယ်။ မကြီး စားချင်တာဆို အားလုံးက သွားဝယ်ပေးတတ်ပါတယ်။ သူ့ခမျာ စာမေးပွဲနီးပြီကိုး။ ဒီလိုနဲ့ စာမေးပွဲဆိုတာကို စိတ်ကုန်လို့ ဒီတခေါက်တော့ မဖြေဘဲ နားလိုက်ပေမဲ့ ကိုယ့်ဘော်ဒါတွေ အောင်ပြန်တော့လည်း သူများနောက် နောက်မကျချင်တာနဲ့ပဲ ကျောင်းပြန်တက်ကြလေသတည်း။

ရုံးက ဝင်နာတို၊ အီရာ(အင်ဒိုနီးရှားတွေ)NUS ၊ NTU မှာ မာစတာတွေ တက်နေကြပါတယ်။ အီရာက ရာထူးကြီးကြီးရချင်ရင် အမြဲလေ့လာနေမယ်တဲ့။ မလေးမလေး ထိန်ထိန်ကတော့ ပြတ်သားတယ်။ "ကျောင်းလုံးဝ မတက်တော့ဘူး"တဲ့။ သူလိုမျိုး မပြတ်သားနိုင်တော့လည်း ကျောင်းတက်နေရတယ်။

သူဋ္ဌေးမလေးတယောက် စင်္ကာပူနဲ့ မြန်မာပြည်ကုမ္ပဏီတွေကို ဦးစီးရင်း စင်္ကာပူမှာ ကျောင်းတက်၊ သြစတေးလျမှာ မာစတာဘွဲ့ယူ။ ခုလည်း အွန်လိုင်းကနေ PhD တက်နေပြီး အမေရိကားကို ပါရဂူဘွဲ့ သွားယူမယ်လို့ ကြားပါတယ်။ သူ့လောက် ချမ်းသာရင် ကျောင်းမတက်တော့ဘူး။ အေးဆေးပဲ နှပ်နေမယ်လို့ :D ။

အသိအမတယောက် ကုမ္ပဏီကြီးကြီးမှာ ရာထူးကြီးကြီး၊ လစာကလည်း အတော်များများ။ သူ့အမျိုးသားကလည်း လစာကောင်းကောင်း။ ချစ်စဖွယ်ကောင်းတဲ့ သမီးလေးနဲ့။ အလုပ်တွေ အရမ်းများတဲ့ကြားထဲက စာမေးပွဲတွေ ဖြေနေတဲ့ အမကို မြင်ရတော့ စူပါမိန်းမလို့ အားကျမိပါတယ်။ သူ့လို ကြိုးစားချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတယ်။

ကိုယ်နဲ့ ကျောင်းနေဖက် သူငယ်ချင်းတယောက်(သူက ရိုး ၂) ပါရဂူဘွဲ့ကို NTU မှာ တက်နေတာ ကြားရတော့ အားကျမိပါတယ်။ ကိုယ်ကတော့ မာစတာကိုတောင် လက်ပစ်ကူးနေရတာ။ သူ့လိုပါရဂူဘွဲ့ဆိုရင်တော့ ဂျွှမ်းပစ်နေမလား မသိ။

၈ နှစ်သမီးလေးရဲ့အဖေက ပိုလီကျောင်းတက်နေတာ PR ရချင်လို့၊ ရာထူးတိုးချင်လို့ပါတဲ့။ အသိအမတယောက်ကတော့ ပါရဂူဘွဲ့တက်တာ လစာ သောင်းချီရချင်လို့ပါတဲ့။ အမတယောက်က အြင်္ကညဏ်ပေးပါတယ်။ အိမ်ထောင်မပြုခင် မာစတာတို့ ဘာတို့ပြီးအောင် တက်ထား။ အိမ်ထောင်ပြုပြီး ကလေးမွေးရင် တက်ချင်လို့တောင် တက်ရမှာ မဟုတ်ဘူး။ အိမ်ထောင်မပြ ုခင် တက်ချင်တာတွေ၊ လိုချင်တဲ့ဘွဲ့တွေ အကုန်ယူထားတဲ့။

ဒုက္ခသည်အဖြစ် အမေရိကားကို ရောက်လာကြတဲ့ သူတွေကတော့ ဗီဇာဖိုးလည်း မကုန်၊ လေယာဉ်ခလည်း မကုန်။ အမေရိကန်အစိုးရက စိုက်ပေးထားပြီး နောင်ကျမှ လစဉ် ဆပ်ရတာ။ ကလေးတွေဆိုရင်လည်း ၁၈နှစ်အထိ အစိုးရက ထောက်ပံ့ပါတယ်။ လစဉ် အစားအသောက်၊ ထောက်ပံ့ငွေတွေ ပေးပါတယ်။ ဒုက္ခသည်ဆိုတာ နာမည်သာ ဆိုးတာ၊ အခွင့်အရေးတော်တော် ရပါတယ်။ သူတို့က ဒီလိုထောက်ပံ့ပေးနေတော့လည်း ကျောင်းပြန်တက်ပေးရပါတယ်။ မြန်မာစာ ဖတ်တတ်ဖို့ မပြောနဲ့ မြန်မာစကားတောင် ကောင်းကောင်းနားမလည်တဲ့ အသက် ၅၀၊ ၆၀ အဖိုးကြီး၊ အဖွားကြီးတွေ အင်္ဂလိပ်စာသင်တန်း၊ စက်ချုပ်သင်တန်းတွေ တက်နေကြပါတယ်။ သူတို့ပြောတာက "food stamp ရချင်လို့" ကျောင်းတက်နေရတာတဲ့။

ဒုက္ခသည်တွေ တက္ကသိုလ်တက်မယ်ဆိုရင် တနှစ်စာ ထောက်ပံ့ငွေ ၅၀၀၀ နဲ့ ကျောင်းသားခရက်ဒစ်ကတ် ရပါတယ်။ ကျောင်းလခလည်း ဖရီး။ အလုပ်မရသေးမဲ့ အတူတူ ကျောင်းတက်တာပဲ ကောင်းပါတယ်ဆိုပြီး လင်ရော၊ မယားရော ကျောင်းတက်ကြပါတယ်။ သူတို့အဆိုအရ "ကျောင်းတက်စားတယ်" ဆိုပါတော့။ ဒါပေမဲ့ grade B ရအောင် ကြိုးစားရပါတယ်။ အသက် ၄၀ ကျော်တွေ သားသမီးတွေနဲ့ အပြိုင် စာလုပ်နေရတာ မြင်ရပါတယ်။သူတို့ပြောတာက "ကျောင်းမတက်ချင်လည်း အခြေအနေပေးတုန်း တက်ထားမှ။ နောင် စီးပွားရေးပြန်ကောင်းလို့ အလုပ်အကိုင်ပေါတဲ့အချိန်နဲ့ ကျောင်းပြီးမဲ့အချိန် ကွက်တိ။"

အတန်းထဲမှာ အသက်ကြီးကြီး ခေါင်းဖြ ူဖြ ူ PhD ဘရာဇီးက တို့တွေနဲ့ အပြိုင် ကျောင်းတက်နေပါတယ်။ သူဘာလို့ ကျောင်းတက်နေသလဲ စပ်စုကြည့်တော့ သူ့မေဂျာ management နဲ့ အလုပ်ရဖို့ မလွယ်ပါဘူးတဲ့။ "အလုပ်ရအောင် career ပြောင်းချင်လို့" ကျောင်းတက်နေပါသတဲ့။

နီပေါလေး အာဘီဆစ်က အမ်ဘီအေကို university of finlay အမေရိကားမှာ ပြီးခဲ့တာပါ။ ခု ဘာလို့ တို့တွေနဲ့အတူ ကျောင်းလာတက်နေလည်း စပ်စုကြည့်မိပါတယ်။ contract ပြည့်တော့ အလုပ်ဟောင်းက ဆက်ပြီး မကမ်းလှမ်း၊ အလုပ်အသစ်ကလည်း မရ၊ ဒီကလည်း မခွာချင်တော့ "status(စတေး)ရှိအောင်" ကျောင်းဆက်တက်နေရပါသတဲ့။

အခြေအနေ အမျိုးမျိုးတွေကြောင့် ကျောင်းတက်နေကြပါတယ်။ စန်းထွန်းလည်း ကျောင်းတက်ချင်လို့၊ ပျော်လို့၊ ပညာလောဘကြီးလို့ ကျောင်းတက်နေရတာ မဟုတ်ဘဲ မရည်ရွယ်ဘဲ ကျောင်းတက်နေရတဲ့ ကျောင်းတက်နိုင်သူကြီး ဖြစ်နေကြောင်းပါ။

စန်းထွန်း
ဇူလှိုင် ၂၂ ၊ ၂၀၁၁။

ကျောင်းတက်နိုင်သူကြီး _ ၃

ဖြစ်ရော နိုင်ငံခြားကို ကျောင်းတက်ဖို့ဆိုတာ ပိုဝေးပေါ့။ စက်ပစ္စည်းဆိုင်တဆိုင်လုံးနဲ့ တော်တော်များများ ဆုံးရှုံးသွားတာ။ ဖေ၊ မေ အသက်မသေတာတောင် ကံကောင်းလှပြီ။ ဒီလိုအချိန်မှာ NUS က offer ပေးလာတော့ ကိုယ့်မှာ အင်တင်တင်။ "ပိုက်ဆံအတွက် လုံးဝစိတ်မပူနဲ့ သမီး ဖေတို့ ဖြစ်အောင်လုပ်ပေးမယ်"၊ "ပျံချင်သလောက် မြင့်မြင့်ပျံစမ်း သမီး"လို့ မေက ဝမ်းသာအားရ ပြောလာတော့မှ ဆုံးဖြတ်ချက်တွေ ခိုင်မာသွားတာပါ။ ဒီလိုနဲ့ပဲ စင်္ကာပူကို လာပြီး ကျောင်းလာတက်ရပြန်ရော။

အမြဲကျေနပ်မိတာက ပညာကို အားပေးတဲ့၊ ပညာကို အမွေပေးချင်တဲ့၊ လူတွေအပေါ် မှန်မှန်ကန်ကန် မျှမျှတတ ဆောင်ရွက်တဲ့ ဖေ၊ မေတို့ရဲ့ သမီး၊ အမြဲကြိုးစားနေပြီး မောင်နှမတွေအပေါ် ကြည့်ရှုစောင့်ရှောက်နေတတ်တဲ့၊ မောင်နှမတွေက စံနမူနာယူရတဲ့ မကြီးရဲ့ ညီမလေး၊ နည်းနည်းလေး ဆိုးပေမဲ့ များများလေး ချစ်ဖို့ကောင်းတဲ့ မောင်မောင်ရဲ့ အမဖြစ်ရတာ။

ငယ်ငယ်ကတည်းက စာကျက်ရင် ဘာမှ မခိုင်းတော့ စာကျက်ချင်ယောင်ဆောင်တာပေါ့။ သင်တန်းတက်မယ်ဆိုရင်၊ စာအုပ်ဝယ်မယ်ဆိုရင် ဘာမှ မမေးဘဲ ပိုက်ဆံထုတ်ပေးတဲ့ ဖေနဲ့မေ။ စာမေးပွဲဖြေနေချိန်ဆိုရင် အထူးအခွင့်အရေးတွေ ရတာ။ အဲဒီအချိန်ဆို ရွှေပုဇွန်ကိတ်တို့၊ ဇော်ကြေးအိုးဆီချက်တို့ တောင်းဆိုတတ်တာ။ စာမေးပွဲလည်းပြီးရော အထူးအခွင့်အရေးတွေ ပိတ်။ ဆယ်တန်းတနှစ်လုံး မေ့မှာ ဟိုင်းကြီး မပြန်ရဘဲ စန်းထွန်းတို့ကို ပြုစုနေရတာ။ ဖေကတော့ ပြုစုမဲ့သူ မရှိတော့ ဒုက္ခရောက်တာပေါ့။ ဟင်းကောင်းကြိုက်တဲ့ ဖေ ညတိုင်း မုန့်တီနဲ့ နှစ်ပါးသွားရပါသတဲ့။

စင်္ကာပူကို ဘွဲ့လာယူတော့ ကျေနပ်ပီတိဖြာနေတဲ့ ဖေက "သမီးတွေကြောင့်သာ သူ့မှာ ရောက်ဖူးတာ။ သူ့ဘာသာသူဆို ရောက်ဖူးမှာ မဟုတ်လို့ သမီးတွေကို ကျေးဇူးတင်ပါ"သတဲ့။ သမီးတွေလည်း "သားသမီးတွေ ဘယ်လောက်တော်တော် မိဘမပံ့ပိုးနိုင်ရင် ဘာမှဖြစ်လာမှာ မဟုတ်တာ။ သမီးတွေ ဒီလိုဖြစ်တာ ဖေ၊မေတို့ကြောင့်ပါ"လို့ ပြန်ပြောတော့။ "ဟုတ်ပါပြီ မိဘနဲ့ သားသမီး နှစ်ဦးနှစ်ဖက် တော်လို့ပါ"တဲ့။ (သူများ ချီးမွမ်းပေးစရာမလိုဘူး။ ကိုယ့်ဘာသာ ချီးမွမ်းနေကြတာ။ :D )

အမေရိကားကတော့ စင်္ကာပူလို အလည်လာပြီး အလုပ်ရှာဖို့ မလွယ်ပါ။ အလုပ်ဗီဇာပေးတယ်ဆိုရင်တောင် အနည်းဆုံး အလုပ်အတွေ့အကြုံ ဆယ်နှစ်လောက်ရှိမှ။ အလည်လာဖို့တောင် မလွယ်တာပါ။ ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်၊ ခင်ပွန်းနောက်လိုက်ဖို့ပဲဖြစ်ဖြစ်၊ အမေရိကန်ဒီဗွီပေါက်လို့ပဲဖြစ်ဖြစ်၊ ဒုက္ခသည်ဖြစ်လို့ပဲဖြစ်ဖြစ် အမေရိကားကို ရောက်လာကြပါတယ်။ ခင်ပွန်းလည်း မရှိ၊ အမေရိကန်ဒီဗွီလည်း မပေါက်၊ ဒုက္ခသည်လည်း မဟုတ်တဲ့ စန်းထွန်း ကျောင်းတက်ရုံမှတပါး အမေရိကားကို ရောက်စရာနည်းလမ်း မရှိပါ။ ဒီလိုနဲ့ အမေရိကားကျောင်းကို မတော်တဆ ကံစွတ်ပြီးရ၊ ဗီဇာကလည်း တနင်္လာနေ့တင်တာ ဗုဒ္ဓဟူးနေ့ ရ၊ အားလုံးကလည်း ဝိုင်းမြှောက်ပေး(အချွှန်နဲ့မ)တာနဲ့ အမေရိကားကို လာပြီး ကျောင်းတက်နေပါတယ်။

ဖေ၊ မေတို့မှာလည်း သနားစရာ။ သားသမီးတွေဆီက ရတယ်လို့ မရှိဘူး။ စင်္ကာပူမှာ ကျောင်းတက်ဖို့လည်း ပေးပါဦး။
ကျောင်းပြီး အလုပ်လုပ်လို့ အရင်ပိုက်ဆံတောင် ဖေ၊ မေတို့ကို မဆပ်ရသေးဘူး။ ခုလည်း အမေရိကား ကျောင်းသွားတက်ဖို့ ပေးပါဦး။ ကျောင်းပြီးလို့ အလုပ်ရရင် အတိုးရော၊ အရင်းပါ ပြန်ဆပ်ပါ့မယ်။ ခုတော့ ပိုက်ပိုက်မရှိလို့ စန်းထွန်းဆီကို ပိုက်ဆံပို့ပေးပါဦး ဖေ၊ မေ နဲ့ မကြီးတို့ရေ။

ကျောင်းတက်နေတယ်ဆိုလို့ မြန်မာပြည်က ရုပ်ရှင်ကားထဲကလို၊ တက္ကသိုလ်ကျောင်းသားတွေလို ဝေလေဝါးလားရိုက်ပြီး အချိန်တန်ရင် အောင်မယ်လို့ မထင်လိုက်ပါနဲ့။ စာကြည့်တိုက်မှာ စာသွားဖတ်၊ တသက်နဲ့တကိုယ် ည ၁နာရီ၊ ၂ နာရီ အထိ စာမကြည့်ဘူး။ ခုတော့ ဟင့် ဟင့်။ စာအုပ်ထဲ ခေါင်းစိုက်နေမှ တန်ရုံကျတာ။ ဆရာတွေကလည်း လွယ်တာတွေ သင်ပြီး ခက်တာတွေ အိမ်စာပေး၊ လုပ်နိုင်တာထက် ပိုပေး။ စာမေးပွဲ ...စာမေးပွဲ...စာမေးပွဲ။ သတ်မှတ်ထားတဲ့ grade B ရအောင် လုပ်ရတာ။ သူတို့ B ကလည်း ၈၅ ကနေ ၉၀ ကြားရမှ။ ဒီလောက် စိတ်ဖိစီးမှုများတဲ့ ကျောင်းသားဘဝကို။ ဘယ်သူက ပျော်လို့ ကျောင်းတက်မှာလဲလို့။

စန်းထွန်း
ဇူလှိုင် ၂၃၊ ၂၀၁၁။

ကျောင်းတက်နိုင်သူကြီး _ ၂

တနေ့ ဖုန်းဆက်လာတာက သူငယ်ချင်းရဲ့ တူတော်မောင်တယောက်။ မြန်မာတွေဆုံလေ့ရှိတဲ့ city hall မှာ ဆုံကြမယ်လို့ ချိန်းလိုက်တယ်။ city hall ကို အသွား ဖုန်းဆက်လာတာက "အကို ကျနော် ဗင်နီဇွဲလား ရောက်နေတယ်။ အကို ဘယ်ရောက်နေလဲ" ဆိုတော့ ကိုယ်တောင် ကြောင်ကြောင်တောင်တောင် ဖြစ်သွားတယ်။ မနေ့ကပဲ စင်္ကာပူရောက်နေတယ်ဆိုပြီး ဒီနေ့တော့ ဘယ်လိုဖြစ်လို့ ဗင်နီဇွဲလား ရောက်သွားပါလိမ့်။ "ဟေ့ကောင် မင်းဘယ်မှာလဲ" ဆိုတော့ "မြန်မာတွေ ဆုံလေ့ရှိတဲ့ နေရာလေ အကို" ဆိုတော့မှာ သဘောပေါက်တယ်။ ပင်နီဆူးလားကို ပြောမှန်း။ အတော်လာတဲ့အကောင်။ ပင်နီဆူးလားကိုတောင် ဗင်နီဇွဲလားဖြစ်အောင် ပြောတဲ့ကောင်။

ရောက်တော့ cv ပြပြီး အကြံညာဏ်တွေ တောင်းတာပေါ့။ ၈၇ ဘွန်း။ အသက်ကသာ ငယ်တာ ဗလက ခပ်တောင့်တောင့်ရယ်။ တောင့်မှာပေါ့ ဝိတ်မတာတဲ့။ ပညာအရည်အချင်းက သင်္ချာဘွဲ့ရ။ အတွေ့အကြံ ုက သင်္ချာနဲ့ နှစ်နှစ်။ မရှင်းလင်းလို့ မေးကြည့်တော့မှ သူ့မိဘပွဲရုံမှာ စာရေးလုပ်ဖူးတာ။ ဟုတ်ပေသားပဲ အတွက်အချက်၊ ဂဏန်းပေါင်းရတော့ သင်္ချာသုံးရတာပဲ။ အလုပ်တော့ရမယ် မထင် (စိတ်ထဲက)။ သူငယ်ချင်းကို မေးကြည့်တော့ သူ့မိဘတွေက ခပ်တောင့်တောင့်ဆိုတော့ အလုပ်မရလဲ ဘာအရေးလဲ စင်္ကာပူကို လာလည်တာပေါ့။

ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်နေတာ ပြန်သွားပြီလားတောင် မသိ။ တနေ့တော့ "အလုပ်ရပြီ အကို" ဆိုပြီး ဝမ်းသာအားရ ဖုန်းဆက်လာရော။ "ဟေ ဟုတ်လား" ဝမ်းသာစရာပဲ။ "ဘယ်မှာတုန်း"။ "နိုက်ကလပ်မှာ လုံခြုံရေးအစောင့် အကို"။ "ည ၁၁ ကနေ မနက် ၅ နာရီထိ တပတ် တရက်နား"။ "လစာရော"။ "လစာက သိပ်မများပါဘူး အကို ၂၅၀၀"။

"ဟေ... ဂိန်..."။ "ဟေ" ဆိုတာက အံ့သြလို့ "ဂိန်" ဆိုတာက တက်သွားတာ။
ရထားတဲ့ ဘွဲ့တွေ၊အလုပ်တွေကို လွှင့်ပစ်ပြီး မြန်မာပြည်ကို ပြန်တော့မယ်။ ဝိတ်မသင်တန်းသွားတက်မလို့။

(မှတ်မိသလောက် ပြန်ရေးထားတာပါ။)ပြောချင်တာက အဲလိုမျိုး ကံကောင်းတတ်သူလည်း ရှိတယ်လို့။

အတွေ့အကြုံမရှိဘူးဆိုရင်တော့ ကျောင်းတက်သင့်ပါတယ်။ နိုင်ငံခြားကျောင်းတွေမှာက ကျောင်းတက်ရင်း၊ ကျောင်းပိတ်ရက်တွေမှာ အချိန်ပိုင်းအလုပ်လုပ်ချင်ရင် လုပ်လို့ရပါတယ်။ မြန်မာပြည်က တက္ကသိုလ်တွေနဲ့ နိုင်ငံခြားက တက္ကသိုလ်တွေ အရမ်းကွာပါတယ်။ အစိုးရတက္ကသိုလ်တွေက ဝင်ခွင့်ခက်သလို ကျောင်းပြီးရင်လည်း အလုပ်ရ မြန်ပါတယ်။ NUS မှာ တက်တုန်းကဆို ကျောင်းတောင် မပြီးသေးဘူး PR(Permanent Residence) offer ကို အစိုးရ ပေးထားပြီ။ အလုပ်ရရင် PR တန်းလျှောက်ရုံပဲ။ student pass ကုန်သွားပြီး အလုပ်မရသေးရင်လည်း စတေးအတွက် စိတ်မပူပါနဲ့။ visit pass ထုတ်ပေးထားပြီး တလတခါ ၃လတခါ တိုးပေးပါတယ်။ အဲဒီထိမှ အလုပ်မရသေးရင် EPEC လျှောက် တနှစ်နေပြီး အလုပ်အေးအေးဆေးဆေး လျှောက်လို့ရတယ်။ အလုပ်ရမှ သူတို့ဆီက ချေးထားတဲ့ ဘဏ်ကြွေးတွေ ဆပ်နိုင်မှာမလား။ ကျောင်းတက်တဲ့ အကျိုးကျေးဇူးတွေ။

ကျောင်းတက်တော့ အလုပ်ထဲမှာ အထင်မသေးခံရဘူးပေါ့။ ဒီနိုင်ငံက ကျောင်းပြီးကိုး။ အစိုးရရဲ့ ပေါ်လစီကလည်း သူတို့နိုင်ငံသားတွေက ပထမ။ နောက်မှ နိုင်ငံခြားသားတွေ။ အဲဒီနိုင်ငံခြားသားတွေထဲက သူတို့နိုင်ငံက ကျောင်းဆင်းတွေဆို အခွင့်အရေးနည်းနည်း ပိုပေးတယ်လို့ ထင်ပါတယ်။

အလုပ်အတွေ့အကြုံလည်းမရှိ၊ အလကားရတဲ့ကံလည်း မရှိတဲ့ စန်းထွန်းတယောက် စင်္ကာပူမှာ ကျောင်းတက်ဖို့ ဖန်လာပါတယ်။ အခန်းထဲမှာ မဲဖေါက်ရင် ဘယ်တော့မှ မပေါက်၊ တခါမှလည်း တခုခုကို မကောက်ရစဖူး၊ သူများတွေ နှစ်လုံး၊ သုံးလုံးထိုးလို့ ပေါက်ရင် တခါတလေများ ပေါက်ချင်မိလို့ ထိုးမိပါတယ်။ အမြဲပေါက်တဲ့သူတွေ စန်းထွန်းလိုက်ထိုးတဲ့နေ့ မပေါက်လို့ဘူကောင်တဲ့လေ။ ဘယ်တော့မှ အလကားမရ၊ လိုချင်ရင် ကိုယ်တိုင်ကြိုးစားမှ ရတဲ့ စန်းထွန်းပါ။ စင်္ကာပူကို ကျောင်းလာတက်ဖြစ်ရကလည်း ဒီလို။

စန်းထွန်း
ဇူလှိုင် ၂၃၊ ၂၀၁၁။

ကျောင်းတက်နိုင်သူကြီး _ ၁

"အမက ပညာလောဘ ကြီးတယ်နော်"လို့ ဆိုလာတော့ ဒီပို့စ်လေး ရေးဖြစ်ပါတယ်။ ထင်လည်းထင်ချင်စရာ စင်္ကာပူကိုလာတော့လည်း ကျောင်းတက်ဖို့။ အခု အမေရိကားကို လာတော့လည်း ကျောင်းတက်ဖို့။ မင်းချေ(မေမေ့မောင်)ကဆို "နင့်ကျောင်းက ခုထိ တက်လို့မပြီးသေးဘူလား"တဲ့။ ဟုတ်လည်းဟုတ်ပါ့။ လူ့သက်တမ်းက ၆၀ ဆိုရင် သက်တမ်း တဝက်လောက်က ကျောင်းတက်နေရတာ။

မွေးကတည်းက မူကြိုကစလို့ တက်လိုက်တဲ့ကျောင်း။ ခုထိ တက်ဆဲ။ နောင်လည်း တက်လတ္တံ့။ ကျောင်းပြီးရင် ကျူရှင်။ နယ်မှာကတော့ ကျူရှင်တခုယူထားရင် အဲဒီကျုရှင်ကပဲ ဘာသာစုံ သင်ပေးတာ။ မြို့က ခုခေတ်ကလေးတွေ သိပ်သနားဖို့ ကောင်းပါတယ်။ မြန်မာစာကျူရှင်၊ အင်္ဂလိပ်စာကျူရှင်၊ အတန်းပိုင်ဆရာမကျူရှင်(အတန်းပိုင်ဆရာမဆီမှာ မထားရင် အမှတ်မကောင်းလို့)၊ တကယ်တတ်အောင် နောင်ထက် ဂိုက်တယောက်ခေါ်သင်နဲ့ ဆရာမတွေသာ ပြောင်းသွားတယ် ကလေးက ထိုင်ခုံက မထရ။ ဆော့မဲ့အချိန်ဆိုတာ မရှိသလောက်ပါဘဲ။ နိုင်ငံခြားမှာတော့ အိမ်နားတွေမှာ ကလေးကစားကွင်းတွေ ရှိတော့ ညနေတိုင်း ကလေးတရုံးရုံး။ ရန်ကုန်မှာတော့ ကစားကွင်းမရှိ၊ ကားလမ်းပေါ်မှာလည်း ဆော့လို့မရ။ အထပ်မြင့်နေတဲ့ကလေးတွေဆို ပိုဆိုးသေး။ မြေမနင်းလေးတွေ။

ဘဝအဆုံးအဖြတ်ပေးတဲ့ ပေးတဲ့ ဆယ်တန်းစာမေးပွဲပြီးလို့ တက္ကသိုလ်တက်တော့လည်း ကျူရှင်နဲ့ မလွတ်ပါဘူး။ အင်္ဂလိပ်စာသင်တန်း၊ တရုတ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ စာရင်းကိုင်သင်တန်း၊ ဆေးဝါးသင်တန်း သင်တန်းပေါင်းများစွာ။ တက္ကသိုလ်ကျောင်းတွေ ပိတ်ရင် မကြီးကြောင့် ဦးသိန်းဝင်း TOFEL၊ UFL တရုတ်စာသင်တန်းတွေ တက်ရပါတယ်။ မကြီးတက်ခိုင်းလို့သာ။ ကိုယ့်ဘာသာဆို ဘာသင်တန်းမှ တက်ဖြစ်မှာ မဟုတ်။ အသုံးမတဲ့တဲ့ ပညာဆိုတာ မရှိပါဘူး။ အင်္ဂလိပ်စာသင်တန်းတွေ တက်ထားတော့ ဝင်ခွင့်စာမေးပွဲတွေကို အခက်အခဲမရှိ လွယ်လွယ်ကူကူ ဖြေနိုင်တာပါ။ တရုတ်လို မတောက်တခေါက် တတ်တော့လည်း တရုတ်တွေနဲ့ အဖွဲ့ကျ၊ ကိုယ်ရှေ့တရုတ်တွေ အတင်းမတုတ်ရဲဘူးပေါ့ :D ။ ကိုယ်ပိုင်လုပ်ငန်း လုပ်ရင်လုပ်၊ မလုပ်ရင် အကတ်ကောင်းမှ ကုမ္ပဏီအလုပ်၊ အစိုးရအလုပ်ရတာ။ အလုပ်အကိုင် ရှားပါးတဲ့ ရန်ကုန်မှာ အလုပ်မရတော့ သင်တန်းတွေ တက်ရင်း အလုပ်ရအောင် စောင့်နေရင်း ကျောင်းတွေ၊ သင်တန်းတွေ တက်နေဆဲ။

အလုပ်အတွေ့အကြုံ ကောင်းကောင်းရှိရင် စင်္ကာပူမှာ အလုပ်လာရှာကြပါတယ်။ အလုပ်လာရှာမယ်ဆိုရင်လည်း လေယာဉ်ခ၊ နေထိုင်စားသောက်စရိတ်၊ တလအတွင်းအလုပ် ရရင် ရ။ မရရင်လည်း မလေးကိုသွားပြီး စတေးရှောင်။ ပြန်လာရင် တလလောက် ထပ်ရ။ ပိုက်ဆံတွေကုန်ပြီး စွန့်စားရတာပေါ့။ အင်ဒို၊ မလေး၊ တရုတ်၊ ဖိလစ်ပိုင်၊ အိန္ဒိယတွေနဲ့အပြိုင် အလုပ်ရှာရတာ။ အရင်တုန်းက စီးပွားရေးကောင်းတော့ အလုပ်ပေါပေမဲ့ ခုက စီးပွားရေးကျပ်တဲ့ အချိန်ဆိုတော့ အလုပ်တခုရဖို့ တော်တော်ခက်ပါတယ်။ စလုံးတွေကလည်း နိုင်ငံခြားသားတွေကြောင့် သူတို့အလုပ်မရတာဆိုပြီး အမြင်က မကြည်လင်။ အမှန်က အလုပ်ကြမ်းအလုပ်တွေဆို သူတို့စလုံးတွေ မလုပ်နိုင်ပါဘူး။ နိုင်ငံခြားသားတွေပဲ လုပ်ရတာ။ ဈေးချိုတဲ့ နိုင်ငံခြားသားကို အလုပ်ရှင်တွေက ကြိုက်ကြတယ်။ စလုံးဆိုရင် လစာများများ ပေးရပြီး အချိန်ပို မဆင်းနိုင်၊ ခွင့်ကလည်း အရမ်းယူ။ စလုံးတွေက ကျယ်ကျယ်လောင်လောင် အော်တော့ အစိုးရကလည်း နိုင်ငံခြားသားတွေကို တင်းကျပ်လာပါတယ်။ ကုမ္ပဏီကကြိုက်လို့ pass တင်ပေးရင်တောင် အစိုးရက reject လုပ်ချင်လုပ်တာ။ အေးဂျင့်နဲ့ အလုပ်ရှာရင် ၃ထောင်နီးပါးလောက် ပေးရပါတယ်။ တနှစ်လောက် အလုပ်လုပ်ရင်း အေးဂျင့်ကြွေးကို ဆပ်ပဲ။ ဒါပေမဲ့လည်း ဒီမှာ တနှစ်လောက် အလုပ်လုပ်ပြီးရင် နောင်အလုပ်ရှာဖို့ လွယ်မယ်ဆိုပြီး သည်းခံပြီး အလုပ်လုပ်ကြပါတယ်။

တချို့ကျတော့လည်း ကံကောင်းတာ အမဘွဲ့ယူတာကို လာလည်တဲ့ ညီမတယောက် အလုပ်ရသွားတယ်။ သူများတွေက သူ့ကို အားကျနေတာ။ သူက သူ့အမလို ကျောင်းတက်ချင်တာ။ ခုတော့ အလုပ်ရသွားလို့ ဟွန့်တဲ့။ ဖေ့စ်ဘွတ်မှာ ရှယ်တာတွေကို ဖတ်ရင်း သဘောကျနှစ်ခြိုက်မိတဲ့ နုတ်စ်လေးတခုကို သတိရမိတယ်။

စန်းထွန်း
ဇူလှိုင် ၂၃၊ ၂၀၁၁။

ဆံပင်ဆေးဆိုးဦးမှ ...

အသိအမတယောက် ဆံပင်ဆေးဆိုးလိုက်တော့ ရှိရင်းစွဲထက် ငယ်သွားပုံပေါက်တာ မြင်ရတော့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။

လေယာဉ်ပေါ်က ဆင်းတာနဲ့ လာကြိုတဲ့ လူအုပ်တွေကြားထဲမှာ အရပ်မြင့်တဲ့ အဖေ့ကို အရင်မြင်ရပါတယ်။ အဖေ့ကို မြင်လိုက်ရတဲ့ခဏ မကြီးခမျာ အတော်စိတ်မကောင်းဖြစ်သွားတယ်။ ဆံပင်တွေ ဖြူနေပြီး အိုစာတဲ့ရုပ်ပေါက်နေလို့လေ။ သူ့သမီး စိတ်မကောင်းဖြစ်သွားတာ သိတော့ နောက်နေ့မှာပဲ အဖေ ဆံပင်အနက် သွားဆိုးတယ်။

အဲဒီကတည်းကစလို့ နောက်နောင် မကြီး မြန်မာပြည်ကို လာမယ်ဆိုရင် အဖေ့မှာ အရင်ဆုံး မပျက်မကွက် လုပ်ရတာက ဆံပင်ဆေးဆိုးဖို့။



သည်းလည်းသည်းတဲ့ သားအဖ။ (ကိုယ်မသည်းရလို့ :D )။

စန်းထွန်း
ဇူလှိုင် ၂၁၊ ၂၀၁၁။

အမေရိကားကျောင်းကို ရှာဖွေတွေ့ရှိပုံက ...



ComPro လို့အတိုကောက် ခေါ်ကြတဲ့ computer professionals မာစတာမှာ မိန်းကလေးဦးရေက နည်းနည်းလေး။ ကျောင်းသား ၄၀၊ ၅၀ ကျော်မှာ မိန်းကလေးက ၁၀ယောက်တောင် မပြည့်တာပါ။ ဒီလို ရှားပါးတဲ့ စီနီယာနဲ့ ဂျူနီယာ မိန်းကလေးတွေကို ဖိတ်ပြီး lady night party လုပ်ပေးပါတယ်။

ပါတီမှာ ကိုယ့်နိုင်ငံအကြောင်း၊ မိသားစုအကြောင်း၊ အလုပ်အတွေ့အကြုံ၊ ဒီကျောင်းကို ဘယ်လိုသိတာ၊ ကျောင်းရောက်တော့ ဘယ်လိုခံစားရတာ၊ ဒီကျောင်းကို ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက်တွေကို ပြောပြီး မိတ်ဆက်ရပါတယ်။ အများစုက စီနီယာတွေဆီက သိတာ၊ သူတို့တိုင်းပြည်မှာ seminar လာပေးလို့သိတာ၊ အီးမေးထဲကို ကျောင်းကြေညာရောက်လို့ သိတာ၊ ကိုလံဘီယာနိုင်ငံသူကတော့ သူ့ပရော်ဖက်ဆာက ညွှန်းလို့သိတာ။ စန်းထွန်း ရှာဖွေတွေ့ရှိပုံလေးကို ပြောပြလိုက်ရင် အားလုံးက ပြုံးစိစိဖြစ်ကြတယ်။

စင်္ကာပူမှာတော့ တနှစ်တခါလောက် အလုပ်ပြောင်းကြပါတယ်။ လစာတိုးရင်တိုး၊ မတိုးရင် ကုမ္ပဏီအရမ်းကောင်းမှ မပြောင်းကြတာပါ။ ဒီဇင်ဘာ၊ တရုတ်နှစ်သစ်ကူး ဖေဖေါ်ဝါရီဆို အပြောင်းအရွှေ့များတဲ့လတွေပေါ့။ မကြီးကတော့ စံချိန်သစ် ၂နှစ်မှာ အလုပ်လေးခါပြောင်းတယ်။ စင်္ကာပူရောက်ရင် စင်္ကာပူလို ကျင့်တဲ့ စန်းထွန်းလည်း တနှစ်ပြည့်တော့ အလုပ်အသစ်ပြောင်းဖို့ ကြံစည်ပါတယ်။ jobsdb၊ jobcentral၊ jobstreet တို့မှာ တနေ့နေ့ တက်လာလိုက်တဲ့ အလုပ်တွေ။ တနေ့တနေ့ အလျင်မှီအောင် မနည်းလျှောက်နေရတယ်။ ဒါတောင် အသေးစိတ်ဖတ်တာမဟုတ်သေးဘူး။ ကိုယ်သိတာတွေ၊ ကိုယ်လုပ်နိုင်တာတွေ၊ ကိုယ်ကြိုက်တဲ့ကုမ္ပဏီတွေကို တွေ့လို့ကတော့ submit button ကို နှိပ်ပြီး အကုန်ပစ်တင်တာ။

ကျောင်းပြီးလို့ အလုပ်ရှာတဲ့ တလကျော်အတွင်း အင်တာဗျူး အခု ၂၀ လောက်ရတယ် (ကြုံတုန်း ကြွှားဦးမှ)။ တပတ်မှာ အင်တာဗျုး ၁ခု၊ ၂ခု အမြဲ ရှိတယ်။ အလုပ်လည်း ရရော အင်တာဗျူးပါးလည်းဝ လူကလည်း ငဖြီးကြီးကိုဖြစ်လို့ :)။ SingTel၊ KPMG ၊ Hitachi၊ NUS Engineering School၊ Singapore Polythenic တို့မှာ အင်တာဗျူးဖူးပါတယ်။ SingTel ဆို ၃ခါတောင် အင်တာဗျူးပြီး offer မပေးလို့ အမြင်ကတ်လိုက်တာ။ ဒီလိုနဲ့ mc ဆေးခွင့်ယူပြီး အင်တာဗျုးတွေ သွား၊ နေ့လည် ထမင်းစားချိန်မှာ အသာလစ်ပြီး အင်တာဗျူးကို ပြေးနဲ့ ။ online ကနေ test ဖြေရတော့လည်း ဖြေလိုက်တာပဲ။ resume ပို့ဆိုတော့လည်း ပို့ပေါ့။ grading၊ trasncript ပို့ဆိုတော့လည်း ပို့တာပေါ့။ နောက်တော့ first test အောင်တယ်တဲ့။

ကိုယ်တက်ခဲ့တဲ့ တက္ကသိုလ်တွေကနေ grading၊ trasncript တွေ ပို့ဆိုလို့ NUS ကို ပြေး ဘွဲ့လတ်မှတ် မိတ္တူကို သူတို့ကို တံဆိပ်တုံးထုခိုင်း၊ စာအိတ်ကို ချိတ်ပိတ်ပြီးပို့။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က တံဆိပ်တုံးထုပေး၊ စာအိတ်ကို ချိတ်ပိတ်ပေးဖို့ ပိုက်ဆံလေးသောင်း ပေးလိုက်ရပါတယ်။ အင်္ဂလန်က NCC ကိုတော့ စကန်ဖတ်ပြီး ပို့ဖို့ပြော။ ကိုယ့်စပွန်ဆာက ရှေ့နေတယောက်ရဲ့ ရှေ့မှာ လတ်မှတ်ထိုးထားတဲ့ ဖောင်ကို ပို့ပေးပါလို့ ဆိုလာပါတယ်။ စင်္ကာပူမှာ ရှေ့နေခက ဈေးကြီးပါဘိနဲ့။ မကြီးလတ်မှတ်ထိုးထားတဲ့ဖောင်ကို ရန်ကုန်ပို့။ ရှေ့နေက လတ်မှတ်ထိုးပေး။ ရှေ့နေလက်မှတ်ထိုးတဲ့နေ့စွဲနဲ့ မကြီးလတ်မှတ်ထိုးတဲ့နေ့စွဲ လွဲသွားလို့ ပြန်လုပ်တာ ၁သောင်းထပ်ပေးရတယ်။

ရုံးက မန်နေဂျာကိုလည်း recommendation ပေးဖို့ တိတ်တိတ်လေးပြောရ။ မန်နေဂျာ ဖိလစ်ပိုင်ကြီးက သဘောကောင်းလို့ တော်သေးရဲ့။ အဲဒါတွေ ရတာ့မှ ည၁၂နာရီလောက်မှာ ဖုန်းနဲ့ အင်တာဗျူးပြန်တယ်။ စင်္ကာပူမှာ ညဆို အမေရိကားမှာ နေ့လည်ကိုး။ မျက်လုံးမဖွင့်ဘဲ အိပ်ချင်မူးတူးနဲ့ ဖြေလိုက်တာ နောက်နေ့မှာတော့ final offer ရပါတယ်။

အဲဒီတော့မှ သိတယ် အမေရိကားကို လွှတ်မဲ့အလုပ်မှတ်ပြီး လျှောက်လိုက်တာ ကျောင်းဖြစ်နေလို့ :D ။

စန်းထွန်း
ဇူလှိုင် ၁၉၊ ၂၀၁၁။

ရယ်ရလို့...

kwi kwi ရဲ့ မှတ်ချက်လေးကို ဖတ်ရတော့ ဒီပို့စ်လေး ရေးဖြစ်ပါတယ်။ ကိုညီလင်းသစ် ပြောသလို ခရီးရောက်နေတာ :D ။ "ကျနော်က တစ်ပုဒ်ရေးလိုက်၊ စိတ်ဝင်စားသူ တစ်ယောက်ယောက်က ကွန်မန့်မှာ ပြန်မေးလိုက်၊ ဒါကို ကျနော်က ပို့စ်အသစ်တစ်ပုဒ်ရေးပြီး ပြန်ရှင်းလိုက်နဲ့ အတော်လေး ခရီးရောက်နိုင်တယ်၊ း)"။

စန်းထွန်း ကိုယ်တိုင်လည်း ရုပ်ရှင်ကြည့်တော့မယ်၊ စာအုပ်ဖတ်တော့မယ် ဆိုရင် ကောင်းတယ်လို့ သူငယ်ချင်းတွေ ညွှန်းတဲ့ ရုပ်ရှင်တွေ၊ စာအုပ်တွေမှ ဖတ်တာပါ။ အချိန်ရှားပါးလှတဲ့ ယနေ့ခေတ်ကြီးမှာ ပေးလိုက်သလောက် အချိန်ကုန်ခံရကျိုးမနပ်ရင်၊ ထိုက်တန်တဲ့ ဗဟုသုတ၊ ရသ တခုခုမှ မရရင် ငါရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်သွားပြီဆိုပြီး အတော်စိတ်တိုမိပါတယ်။

kwi kwiရဲ့ ကွန်မန့်လေးကို မြင်ရတော့ လှည်းတန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာဦးဝင်းနိုင် ပြောတာ သွားသတိရတယ်။
"ဦးဝင်းနိုင် အင်္ဂလိပ်စာသင်တန်း အရမ်းကောင်းတာ"။
"ဟေ ဟုတ်လား ဘယ်လို ကောင်းတာတုန်း"။
"ရယ်ရလို့"။
ဆရာဦးဝင်းနိုင်ခမျာ ရယ်ရခက်၊ ငိုရခက်။

"အမစာတွေ ဖတ်ရတာ ရယ်ရတယ်"လို့ ဆိုလာတော့ စန်းထွန်းမှာလည်း ရယ်ရခက်၊ ငိုရခက် :) ။ ဗဟုသုတ၊ ရသ မပေးနိုင်ရင်တောင်မှ မအားတဲ့ကြားထဲက အချိန်ပေးပြီး စာလာဖတ်သူတွေကို ရယ်အောင်လုပ်ပေးနိုင်တယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ။

စန်းထွန်း
ဇူလှိုင် ၁၈၊ ၂၀၁၁။

ပျင်းတယ်...

ရေခြား မြေခြား တိုင်းတပါးမှာ နေကြသူတွေ အများစု(အိမ်ထောင်မရှိ၊ ရည်းစားမရှိသူတွေ)က ညည်းကြတာက ပျင်းတယ်တဲ့ (ကိုယ်တိုင် အပါအဝင်)။ အဲလိုညည်းတိုင်း သူငယ်ချင်းဝေကလည်း အကြံပေးပါတယ်။ ရည်းစားထား၊ ယောကျ်ားယူ၊ ကလေးမွေး နင် ပျင်းချိန်တောင် ရှိမှာမဟုတ်ဘူးတဲ့။

မြန်မာပြည်မှာ နေတုန်းကတော့ ပျင်းတယ်ဆိုတာ ဘာလဲလို့တောင် မေးယူရမယ်။ မီးလာရင် လုပ်ရမဲ့ အလုပ်တွေ (ရေတင်၊ မီးပူတိုက်၊ မြဝတီ၊ မြန်မာ့အသံက လွှင့်တဲ့ ကိုရီးယားကားကို စောင့်ကြည့်။)၊ မီးမလာရင် လုပ်ရမဲ့ အလုပ်တွေ (အိမ်နီးနားချင်းတွေနဲ့ အတင်းတွေ၊ သတင်းတွေ ဖလှယ်၊ သူငယ်ချင်းတွေနဲ့ တော်ကီပွား။)။ သင်တန်းသွား၊ အိမ်ကခိုင်းတာတွေလုပ်၊ မအားတဲ့ သူငယ်ချင်းတွေ သွားလည်နဲ့ အားကို မအားတာပါ။ သူငယ်ချင်းတွေက နင် အလုပ်သာ မလုပ်တယ်။ အိမ်မှာကို မရှိဘူးတဲ့။ ဘာမှ ချပြစရာ မယ်မယ်ရရမရှိဘဲ အလုပ်လုပ်တဲ့သူထက်ကို အလုပ်များတာပါ။

အင်တာနက်ဆိုတာလည်း မကြီး စင်္ကာပူရောက်မှ စသုံးဖြစ်တာပါ။ ရုံးမှာ အင်တာနက်သုံးရတဲ့ သူငယ်ချင်း အိကေကို မကြီးက ဘယ်အချိန် အွန်လိုင်းလာခဲ့ပါလို့ ပြောရင် အိကေက အိမ်ကို ဖုန်းဆက်ပြော။ အဲဒီတော့မှ အွန်လိုင်းတက်တာ။ မြန်မာပြည်မှာ အွန်လိုင်းတက်ဖို့တောင် မအားတာပါ။

နိုင်ငံခြားမှာတော့ သူငယ်ချင်းအုပ်တောင့်ရင် ပျော်ဖို့ ကောင်းတယ်။ သူငယ်ချင်း အုပ်မတောင့်ရင်တော့ အတော်ပျင်းဖို့ ကောင်းပါတယ်။ ကိုယ်အားရင် သူမအား၊ သူအားရင် ကိုယ်မအား၊ ကိုယ်ကြိုက်တာ သူမကြိုက်၊ သူကြိုက်တာ ကိုယ်မကြိုက်နဲ့။ နိုင်ငံခြားရောက်တဲ့သူတော်တော်များများ အထီးကျန်တာနဲ့ ရည်းစားတွေ ရလေကြသတည်း။

မရတဲ့သူတွေကလည်း အဲဗား အွန်လိုင်း၊ ကွန်ပျူတာဘေးအိပ်၊ ကွန်ပျူတာဘေးစား ဘဝရောက်ရော။ မြန်မာပြည်မှာတုန်းက မချက်မပြုတ်တတ်ကြပေမဲ့ ဒီလည်းရောက်ရော ချက်ပြုတ်တတ်ရော။ မြန်မာပြည်မှာတုန်းက မုန့်ဟင်းခါးကို တခါမှ မချက်ဖူး၊ ကောက်ညှင်းလည်း တခါမှ မပေါင်းဖူးတာပါ။ ချက်စရာမလိုတာ ဝယ်စားရုံပဲလေ။ ဒီရောက်တော့ ရယ်ဒီမိတ်ထုပ် တန်ခိုးတွေနဲ့ မုန့်ဟင်းခါး၊ မုန့်တီတွေ ချက်၊ ကောက်ညှင်းတွေ ဘာတွေ ပေါင်းနဲ့။ မကြီးလက်သုံးစကားအရ "နိုင်ငံခြားရောက်မှ အရည်အချင်းတွေ တိုးတက်နေတာ။"

အွန်လိုင်းက ရုပ်ရှင်တွေကြည့်၊ ချက်ထားတဲ့ ဟင်းတွေကို ဖေ့ဘွတ်ပေါ်တင်ရ၊ ဖေ့ဘွတ်မှာ လိုက်ရ၊ မန့်ရ၊ အကောင်မွေး၊ စားသောက်ဆိုင်ဖွင့်၊ စိုက်ပျိုးလို့ မပြီးနိုင် လယ်သမားလုံးလုံး ဖြစ်နဲ့။ အင်တာနက်တန်ခိုးကြောင့် ဘလော့ဂါတွေရဲ့ ပို့စ်တွေ၊ ဂီတဝါသနာပါသူတွေ၊ ဓာတ်ပုံဝါသနာပါသူတွေ ဖန်တီးထားတာကို မြင်တွေ့ခံစားရတာပါ။ အင်တာနက်မှ မသုံးရရင် ဘာလုပ်ရမှန်း မသိ ယောင်ချာချာ။ ဒီလောက် အွန်လိုင်းတက်နေရလည်း ပျင်းတယ်လို့ အော်နေဆဲပါပဲ။

စင်္ကာပူရောက်တော့ စာမေးပွဲ အောင်အောင်၊ ကျောင်းပြီးလို့ အလုပ်ရှာတော့လည်း အလုပ်ရအောင်၊ အလုပ်တော့လည်း အလုပ်ထဲ အဆင်ပြေအောင် လုံးပန်းနေရတာ။ ရုံးချိန်ကလွဲရင် မကြီးနဲ့ အမြဲတတွဲတွဲ။ တလတခါလောက် ဘုန်းကြီးကျောင်းသွား၊ နှစ်ပတ် တခါလောက် တောင်တက်။ လျှော့ပင်းထွက်ရင်ပဲဖြစ်ဖြစ်၊ ဂျော့ကင်းပြေးရင်ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေဆီ သွားလည်ဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ တပတ်စာ အစားအသောက်တွေ ဝယ်ရင်ပဲဖြစ်ဖြစ်၊ မကြီး ဟင်းချက်ရင်ပဲဖြစ်ဖြစ် ဘေးကနေ ကူညီလုပ်ကိုင်ပေးနေတော့ ပျင်းတယ်ဆိုတာ မရှိရအောင်ပါပဲ။

ဘယ်အချိန်မှာ ပျင်းတယ်လို့ ခံစားမိလာလဲဆိုတော့ အလုပ်ထဲက အလုပ်တွေကို လုပ်နိုင်လာတဲ့အချိန်။ နိုင်းနိုင်းစနေ၊ မမ ဘလော့တွေ ဖတ်ပြီး ဘလော့ရေးချင်တဲ့ ပိုးတွေ ထလာတော့ ဘလော့လေးတခု ဖန်တီးမိပါတယ်။ စင်္ကာပူမှာ ရေးဖြစ်တာက မကာအို သွားတဲ့ အတွေ့အကြံ ု။ စာကနည်းနည်း ဓာတ်ပုံက များများ။ မြန်မာဖောင့် မရိုက်တတ်တော့ burglish သုံးပြီ ရိုက်ရတာ။ နေကောင်းလားဆိုရင် nay ရိုက်လိုက် ကျလာတဲ့အထဲက နေကို ရွေး။ ဒါကြောင့် burglish သုံးပြီး ရေးထားတဲ့ ပို့စ်တွေဆိုရင် စာလုံးပေါင်း သတ်ပုံတွေက မှားမှမှား။ တချို့စာလုံးတွေဆို burglish မှာ မရှိပါဘူး။ ကမ္ဘာ လို့ရိုက်ချင်ရင် planet myanmar dictionary မှာ world လို့ရိုက် ပေါ်လာတဲ့ဟာကို ကော်ပီကူးပြီး ဘလော့ထဲ ထည့်ရတာ။

ဒီရောက်တော့ တဦးတည်းသော မြန်မာဆိုတော့ စကားပြောဖော်မရှိ။ အတော့်ကို ပျင်းတာပါ။ မနက်တိုင်း မကြီးနဲ့ ပြောရင် ဒီနေ့တော့ အီးအီး ဘယ်နှစ်ခါ ပါတယ်က အစ ပြောတာ။ ငယ်ငယ်တုန်းကတော့ စန်းထွန်း စကားများလွန်းလို့ ဘိုးဘိုးက စကားမပြောဘဲ ငြိမ်ငြိမ်နေရင် ပိုက်ဆံပေးမယ်တဲ့။ အိမ်မှာ ဖေက တပြားမှမရှိတဲ့ ဘဝကနေ ဒီလိုမျိုးဖြစ်လာအောင် ကြိ ုးစားခဲ့တာ၊ သားသမီးတွေကို ပညာတတ်ဖြစ်အောင် ဘယ်လို ကြိုးစားခဲ့တာကို ပြောပြရင် မကြီးက ထောက်ပေး၊ ဖေက ပြောနဲ့ အတိုင်အဖောက် အတော်ညီတာ။ စန်းထွန်းကတော့ သိပြီးသားတွေဆိုပြီး ပတ်ပြေးရော။ မေတို့ ရောက်လာရင်တော့ ပြောတာ တရွာလုံးအကြောင်းကုန်။ ဖေက ဒီညီအမသုံးယောက် ဘာတွေများ ဒီလောက်တောင် ပြောနေကြပါလိမ့်တဲ့။

မခိုင်ကတောင် နင် အရင်က ဒီလောက် စကားမများပါဘူးတဲ့။ မြန်မာစကားငတ်နေတာလေ။ ကြုံလို့ကတော့ စက်သေနတ်ပစ်သလို မရပ်မနား nonstop ပြောတော့တာ။ ပျင်းတိုင်း၊ အားတိုင်း၊ လွမ်းတိုင်း ဘလော့မှာ ရေးဖြစ်တယ်။ ဒီရောက်မှ ရေးလိုက်တဲ့စာတွေ။ စင်္ကာပူမှာတုန်းကတော့ သူငယ်ချင်းတွေနဲ့လိမ့်လိုက်၊ မကြီးနဲ့ လိမ့်လိုက်နဲ့ ဘလော့ရေးဖို့ အချိန်မရှိတာပါ။ သူငယ်ချင်းတယောက်က နင်က အပြင်မှာ စကားများရုံမက ဘလော့မှာလဲ စကားများသားတဲ့ :D ။

မြန်မာစာဖောင့် ရိုက်တတ်တာ သိပ်မကြာသေးပါဘူး။ ဇွန်လကမှ ရိုက်တတ်တာ။ ရိုက်တတ်သွားပုံကလည်း ဒီလို။ volunteer လုပ်ပေးတော့ မုန့်ဖိုးရအောင် ဘာသာပြန်လုပ်မလားတဲ့။ ပိုက်ဆံရချင်ဇောနဲ့ မြန်မာစာလက်ကွက် ကျင့်လိုက်တာ နှစ်ရက်ပဲ ကြာတယ်။ ဘလော့က ကိုယ့်ရဲ့ လက်ကွက်ကျင့်ရာ နေရာကြီးပေါ့ :) ။ ဘာသာပြန်မလုပ်လိုက်ရပေမဲ့ အမြတ်ကတော့ မြန်မာစာဖောင့်ရိုက်တတ်သွားတာပါပဲ။ canon ကင်မရာလေး ဝယ်တော့ ဟိုရိုက်ဒီရိုက် လက်ကလိပြီး မျက်စိနောက်အောင် ဖေ့ဘွတ်ပေါ်တင်။ ခုလည်း မြန်မာစာဖောင့်ရိုက်တတ်သွားတော့ အမြင်ကတ်လောက်အောင် ပို့စ်တွေ ရေးပြီး ဘလော့ပေါ်တင်။ ရုတ်ရုတ် လာမလုပ်နဲ့နော် အမြင်ကတ်ရင် ဘလော့မှာ ရေးပစ်လိုက်မယ်လို့ သူငယ်ချင်းတွေကို ခြိမ်းခြောက်တတ်သေးတာ :P ။

ပျင်းတယ်လို့ အော်နေသူများအတွက် အမြဲပေးတတ်တဲ့ အကြံညဏ်ကတော့ (လူတိုင်း သိပြီးသားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာကြီး လုပ်လိုက်ဦးမှ။) အဝတ်ဗီရိုရှင်း၊ အခန်းသန့်ရှင်းရေးလုပ်၊ အိမ်သာ၊ ရေချိုးခန်း သန့်ရှင်းရေးလုပ်၊ တချို့အင်္ကိၤျတွေကို လက်နဲ့လျှော်၊ မီးပူတိုက်။ အိမ်သာ၊ ရေချိုးခန်း၊ အခန်း သန့်ရှင်းသွားရင်၊ မီးပူတိုက်လို့ အနံ့မွှေးမွှေးရတာ စိတ်ကြည်နှုးစရာ ကောင်းပါတယ်။ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်၊ ဝထ္ထုဖတ်။ မီးဖိုချောင်ထဲ ဝင်ပြီး ချက်ပြ ုတ်။ လျှော့ပင်းထွက်၊ ဘုန်းကြီးကျောင်းသွား၊ သူငယ်ချင်းတွေဆီ သွား။ အားကစားလုပ်၊ သစ်ပင်စိုက်။ ဝါသနာပါရာ (ဘလော့ရေး၊ ဂီတာတီး၊ ဓာတ်ပုံရိုက်) လုပ်ပါ။ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေမှာ ကူညီလုပ်ကိုင်ပေးပါ။ သူတပါးကို ကူညီခြင်းက စိတ်ချမ်းမြေ့မှု ရပါတယ်။ တခုခုကို (ဂီတ၊ ဘာသာစကား၊ အတတ်ပညာ)သင်ယူလေ့လာပါ။ သင်ယူလေ့လာနေခြင်းက အယ်ဇိုင်းမား ရောဂါကို ကာကွယ်ပေးပါတယ်တဲ့။

ပတ်ဝန်းကျင်ကို ရှုစားပါ။ (ကိုယ့်ပတ်ဝန်းကျင်မှာ သစ်ပင်တွေ၊ ပန်းပွင့်တွေရဲ့ သာယာလှပမှုကို ခံစားပါ)။ ဖြစ်နိုင်ရင် မိသားစုနဲ့ တပတ်တခါ ဖုန်းပြောပါ။ မိဘတွေက တပတ်တခါ ဆက်လာမဲ့ သားသမီးဆီက ဖုန်းကို မျှော်နေကြတာပါ။ အဆင်ပြေရင် ခရီးထွက်ပါ။ အမြင်တွေ ပြောင်းပြီး လတ်ဆတ်တဲ့ အားအင်တွေ ရမှာပါ။ လှလှပပ ပြင်ပြင်ဆင်ဆင်နေပါ။ လှတပတလေး ပြင်ဆင်ထားတဲ့သူကို မြင်ရတာ စိတ်ချမ်းသာစရာပါ။ (ပြောသာပြောရတယ် ကိုယ်ကိုတိုင်က စုတ်တီးစုတ်ပြတ်ရယ် :D )။ ဓာတ်ပုံတွေ များများရိုက်ပါ။ ဓာတ်ပုံတွေကသာ ကိုယ့်ဘဝမှတ်တမ်းအနေနဲ့ ကျန်ရစ်တာပါ။ ပြံ ုးပါ။ အားရပါးရ ရယ်မောပါ။ မိတ်ဆွေတိုးအောင် လုပ်ပါ။ မိတ်ဆွေများရင် ကောက်တဲ့လမ်းတောင် ဖြောင့်သွားပါတယ်။ သူများက စတင်ပြီး မိတ်ဖွဲ့လာအောင် စောင့်မနေပါနဲ့။ ကိုယ်တိုင် ပြံ ုးပြနှုတ်ဆက်ပြီး စကားစတင်ပြောပြီး မိတ်ဖွဲ့လိုက်ပါ။ ဘယ်သူမှ ပြန်မနှုတ်ဆက်ဘဲ မနေပါဘူး။ သူများ ပြောတာ နားထောင်ပြီး မေးခွန်းကောင်းတွေ မေးပါ။ အတွေ့အကြုံသစ်တွေ ၊ ဗဟုသုတတွေ ရမှာ အသေအချာပါ။ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို ပတ်ဝန်းကျင်က လူတွေဆီက သိနိုင်ပါတယ်။

ပြသနာတခုခု ကြုံရင် မိဘ၊ မိတ်ဆွေတွေဆီက အကြံညဏ်တောင်းပါ။ ခေါင်းတခေါင်းပဲ စဉ်းစားတာထက် ခေါင်းအများကြီးဆီက အကြံညဏ်ကောင်းတွေ ရနိုင်ပါတယ်။ ရည်မှန်းချက် ထားပါ။ အချိန်ကြာချင် ကြာနိုင်ပေမဲ့ တနေ့ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်သလဲ။ ဘာသာရေးကို ငါးမိနစ်လောက်ဖြစ်ဖြစ် အချိန်ပေးပြီး လုပ်ဖြစ်အောင် လုပ်ပါ။ ဆုတောင်းပါ။ တနေ့ ငါးမိနစ်ပဲဖြစ်ဖြစ် တရားထိုင်ဖြစ်အောင် ကြိုးစားပါ။ ဘုရားစင်ရှေ့မှာ ထိုင်မှ တရားထိုင်တာ မဟုတ်ပါဘူး။ ငြိမ်ငြိမ်လေး ငါးမိနစ်လောက် နှာသီးဝကို မှတ်နေရင်ပဲ အတော်ဟုတ်နေပါပြီ။ စိတ်ဖိစီးမှုတွေ များလှတဲ့ လောကမှာ ငါးမိနစ်လောက် ဘာမှ မတွေးဘဲ စိတ်ရောကိုယ်ပါ အနားယူဖို့ လိုအပ်ပါတယ်။

ပျင်းဖို့တောင် အချိန်မရှိတော့ဘူး လုပ်စရာတွေ များမှများနော်။

စန်းထွန်း
ဇူလှိုင် ၁၇၊ ၂၀၁၁။

နားလည်‌ပေးလှည့် ...




"ကိုဟန်သစ်ငြိမ်ရေးထားတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းလေးပါ။ ကျနော်နဲ့ Lit elephant တို့ဆိုထားတာပါ။ ကိုယ်ပိုင်သံစဉ် စုံတွဲသီချင်းလေးဆိုချင်လို့ ကျနော် ရေးဖို့ကြိုးစားခဲ့တာ ဘယ်တုန်းကမှမအောင်မြင်ခဲ့ပါဘူး။ အစ်ကို ဟန်သစ်ငြိမ်ရေးပေးမှပဲ ဆိုခွင့်ရတာပါ။ သီချင်းလေးအတွက် ကိုဟန်သစ်ငြိမ်နဲ့ နားဆင်ပေးမယ့် သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ :)"

ကိုရန်နိုင်ရဲ့ ကိုယ်ပိုင်သံစဉ် "နားလည်ပေးလှည့်" သီချင်းလေးကို ကြိုက်လို့ သူငယ်ချင်းတွေနဲ့ အတူတူ နားဆင်ရအောင် ဘလော့ကနေ ရှယ်လိုက်ပါတယ်။

ဖေ.ဘွတ်က လင့်ပါ။
ဖေ့ဘွတ်မှာတော့ Yan Naing Aung လို့ အပ်ထားရင် သူ့သီချင်းတွေကို ဖေ့ဘွတ်ကနေ နားဆင်လို့ ရနိုင်ပါတယ်။

ယူကျူလင့် ပါ။

အစားကောင်းကောင်းစားရရင် ချစ်သောသူကို သတိရတယ်လို့ ဆိုကြသလို စာကောင်းကောင်းလေးများ ဖတ်ရရင်၊ သီချင်းကောင်းကောင်းလေးများ နားထောင်ရရင်လည်း ချစ်သူငယ်ချင်းများကို နားထောင်စေချင်ပါတယ်။

စန်းထွန်း
ဇူလှိုင် ၁၆၊ ၂၀၁၁။

ငါမှားတာရှိရင်...

အလုပ်သာ လုပ်ခဲ့ရမယ်ဆိုရင် သူတို့ကို ကျွှေးနိုင်မှာ။ မနေ့ကတော့ ဆူနမ်နဲ့ ရာမား ချက်ပြုတ်တာကို မိုင်းနဲ့တို့က ဘေးကနေ ဝင်ရှုပ်။ ကိုယ့်မှာ ရှိတဲ့ဟင်းနဲ့ သူ့မှာ ရှိတဲ့ဟင်းတွေ လဲစားဖို့ ထမင်းပေါင်းအိုးကိုယ်ဆီဆွဲပြီး ချီတက်သွားတာက ဆူနမ့်အခန်းကို။ စကားတပြောပြောနဲ့ တီးလိုက်ကြတာ ထမင်းက တက်တက်ပြောင်။ အခန်းတွင်း ပစ်ကနစ်ဆိုပါတော့။ နောင် ဘယ်အချိန်မှ ဒီလိုမျိုး ပြန်ဆုံရမယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း ကိုယ့်အတွက် သူတို့တွေက ပရော်ဖက်ဆာကို သွားပြောပေးတော့ ဘာတွေပြောလည်းဆိုတာကို သတင်းနှိုက်ရတာပေါ့။

စီနီယာ နီပေါ၊ ပါကစ္စတန်၊ တရုတ်သုံးယောက်လည်း အမှတ်နည်းသွားပေမဲ့ သူငယ်ချင်းတွေ သွားပြောလို့ ကျောင်းမှာ နေပြီး ဆက်တက်လို့ရတယ်။ ကိုယ့်အလှည့်ကျမှ ဘယ်လိုဖြစ်တာပါလိမ့်။ ကျောင်းကနေ ထွက်ခွာခိုင်းမယ်လို့ မထင်ထားတာပါ။ သူငယ်ချင်းတွေက တော်တော့်ကို ကြိုးစားပန်းစား ကျောင်းကနေ မထွက်ရအောင် အစွမ်းကုန် ကြိုးစားပေးတာပါ။ ဒါပေမဲ့ အကြောင်းပြချက်က အမှတ်ကြောင့် မဟုတ်ပဲ စည်းကမ်းလျော့နည်းလို့တဲ့။

တို့ကလည်း တို့။ သူတို့ရဲ့ တရားထိုင်တာကို ကွန်ပလိမ်း သွားတက်ထားတာကိုး။ မြန်မာပြည်မှာ နေတုန်းကတော့ ကွန်ပလိမ်းဆိုတာကို မသိတာပါ။ စင်္ကာပူမှာ သုံးနှစ်လောက် နေပြီးချိန်မှာ ကွန်ပလိမ်းဂဲလ် ဖြစ်နေပါရောလား။ ကဲ ခုတော့ မှတ်ပြီလား ကွန်ပလိမ်းတက်တဲ့ အကျိုးကျေးဇူးတွေ။

ပရော်ဖက်ဆာက ဘယ်လိုတောင် ပြောလဲဆိုတော့ ဒီကျောင်းနဲ့ တို့နဲ့ မသင့်တော်ဘူးတဲ့။ တလ တဘာသာ သင်တဲ့ကျောင်းမို့လို့ တိုးတက်မှုနည်းတဲ့ တို့နဲ့ မကိုက်ညီဘူးတဲ့။ အကောင်းဆုံး အကြံညဏ်က တခြားကျောင်းပြောင်းပါတဲ့။ တို့က အမေရိကားမှာ မအောင်မြင်နိုင်ပါဘူးတဲ့။ တသက်နဲ့တကိုယ် တခါမှ ဒီလို ဆရာမျိုးမကြုံဖူးပါဘူး။

NUS မှာ ကျောင်းတက်တုန်းကလည်း အမှတ်နည်းသွားလို့ ဘွဲ့မရတဲ့ သူငယ်ချင်းတွေ ရှိပေမဲ့ နင်တို့ ဒီကျောင်းနဲ့ မကိုက်ညီဘူး၊ ကျောင်းပြောင်း၊ နင်တို့ စင်္ကာပူမှာ အောင်မြင်မှာ မဟုတ်ဘူးလို့အပြောခံရတယ်လို့ မကြားမိပါဘူး။

တို့ကိုယ်တင် အဲဒီလို ပြောတာ မဟုတ်ဘဲ သူငယ်ချင်းတွေကိုလည်း ဒီလိုပြောတာတဲ့။ သဘောကောင်းတဲ့ ပရော်ဖက်ဆာက ဒီလို စိတ်ဆိုးမာန်ဆိုးပြောတော့ သူငယ်ချင်းတွေတောင် အံ့သြသွားတယ်။ အခန်းထဲမှာလည်း သူ့ကို ဘာမှ မဆန့်ကျင်ပါဘူး။ အချိန်မှန်မှန်လည်း အတန်းတက်ပါတယ်။ အခန်းထဲက ဘော်ဘော်တွေနဲ့လည်း အဆင်ပြေပါတယ်။ သူငယ်ချင်းတွေရဲ့ မှတ်ချက်ကတော့ တို့ရဲ့ အပြုအမူ တခုခု၊ စကားတခွန်းက သူ့ကို စိတ်ဆိုးစေလို့ ဖြစ်မှာပေါ့တဲ့။ လူတယောက်ကို နင် အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောထွက်လောက်ရအောင် ဘာတွေကများ သူ့ကို နာကြည်းစေတာပါလိမ့်။ ဘာကြောင့် ဖြစ်သွားရတယ်ဆိုတာ မသိပေမဲ့ကိုယ်ကတော့ မမုန်းပါဘူး။ စိတ်မကောင်းဘဲ ဖြစ်တာပါ။ လူတယောက်ရဲ့ အနာဂတ်ကို ဘယ်သူသိနိုင်တာမို့လို့ နင်မအောင်မြင်နိုင်ဘူးလို့ ပြောတာတော့ နည်းနည်းလေးများ မလွန်ဘူးလား။ နည်းနည်းလေး မဟုတ်ဘူး။ အများကြီး လွန်တာပါ။

သူပြောသလို ကျောင်းပြောင်းဖို့ ကြိ ုးစားကြည့်ဖူးပါတယ်။ ကျောင်းပြောင်းဖို့ဆိုတာ ငှက်ပျောသီးအခွံနွှာသလို မလွယ်လှပါဘူး။ သူတို့သက်မှတ်ထားတဲ့ စံညွှန်းတွေရှိမှ ကျောင်းလျှောက်။ Grading၊ Transcript၊ Tofel၊ Gmat လိုတယ်။ နောင်နှစ်တက်ဖို့ကို ဒီနှစ်လောက်က လျှောက်မှ။ ဟိုဖက်ကျောင်းရပြီဆိုရင် ဒီဖက်ကျောင်းဟောင်းက အကြွှေးတွေ ရှင်း၊ ကျောင်းအသစ်ကို ပိုက်ဆံသွင်း။ နောက်တကြိမ် ပြန်လာလို့လည်း လက်မခံဘူးလို့ ပြောလို့ မရတာ။ ကဲ ခုတော့ ဘာတတ်နိုင်သေးလဲ ပရော်ဖက်ဆာ။ ဒုက္ခသည်တွေကို ကူညီတဲ့ အဖွဲ့အစည်းရဲ့ websiteကို ကူညီလုပ်ကိုင်ပေးရင်း တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံကောင်းတွေ ရခဲ့တယ်လို့ ဆိုရင် အားလုံးက ဝမ်းသာအားရ ကြိုဆိုပြီး ကိုယ့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပေမဲ့ မုဒိတာမပွားနိုင်တဲ့ ပရော်ဖက်ဆာကို မြင်ရတော့လည်း သူအမြင်မပြောင်းသေးပါလား။ လစာကောင်းကောင်း၊ ရာထူးကြီးကြီးရပြီး အောင်မြင်တာကို မြင်သွားတဲ့အထိ ပရော်ဖက်ဆာကို အသက်ရှည်စေချင်ပါတယ်။ သူပြောတာတွေ လုံးဝမှားတယ်ဆိုတဲ့အကြောင်း သက်သေပြချင်ပါတယ်။ ပရော်ဖက်ဆာကို ကြည့်ပြီး အရမ်းကောင်းတယ်ဆိုတဲ့ သူတို့ရဲ့ transcendental meditation ဆိုတာကို ယုံမှားသံသယ ဝင်မိတယ်။

ကိုယ်ကလည်း ကိုယ်။ ကိုယ်မကြိုက်ရင်၊ နားကြားကတ်ရင် နှက်တတ်ပါတယ်။ တခါက အမ်ဘီအေတယောက် လစာကလည်း သာမန် အမ်ဘီအေ၊ အမ်ဘီအေနဲ့ မာန်တက်နေတာ။ မြန်မာပြည်ကဘွဲ့က ဘာမှ သုံးစားလို့မှ မရတာ။ နိုင်ငံခြားက ဘွဲ့ကမှ အထင်ကြီးစရာပါ။ နိုင်ငံခြားက ဘွဲ့ရ၊ လစာတွေအများကြီးရတဲ့ သူက ကြွှားရင် သြော် ကြွှားမှာပေါ့ ကြွှားသင့်တာကိုးလို့ လက်ခံနိုင်သေးတယ်။ တနေ့NUS Business School က အမ်ဘီအေ တက်ပါလား မကြီး။ ဝင်ခွင့်ကလည်း အရမ်းခက်တာ။ ကျောင်းပြီးရင်လည်း လစာသောင်းချီရတယ်လို့ ကြားအောင် ပြောလိုက်တော့မှ တခါတည်း အမြီးကုပ်။ နောက်ဆို အမ်ဘီအေလို့ ယောင်လို့တောင် မဟတော့ဘူး။ အဲ နောင်လမ်းတွေ့ရင်တော့ နှုတ်မဆက်တော့ဘူး။ အနှက်ကောင်းလို့ သူငယ်ချင်းရမဲ့အစား ရန်သူရသွားတယ် :D ။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ ယှဉ်ရင် ဒီကျောင်းက ကောင်းပါတယ်။ NUSနဲ့ ယှဉ်ရင်တော့ NUSက အများကြီး သာပါတယ်။ ဒီကျောင်းကို စရောက်ကတည်းက မကြိုက်တာတွေ အတော်များပါတယ်။ မကြိုက်ဘူးဆိုတာ ဖွင့်မပြောပေမဲ့ ကိုယ့်ရဲ့အမူအရာ၊ ကိုယ့်စကားတွေက ဖော်ပြပေးနေပါလိမ့်မယ်။ ကိုယ်က သတိမထားမိလို့သာ။ စမိပြီဆိုတော့လည်း နောက်မဆုတ်ချင်တော့ပါဘူး။ ပိုက်ဆံတွေ အများကြီး ကုန်ပြီးပြီကိုး။ တို့လိုမျိုး နောင်တမရ ရအောင် သေသေချာချာ စဉ်းစားပြီးမှ ရွေးချယ်စေချင်ပါတယ်။ အချိန်ကုန်၊ လူကုန်၊ ပိုက်ဆံကုန်။ ကိုယ်နဲ့ အဆင်မပြေပေမဲ့ တခြားသူနဲ့ အဆင်ပြေချင် ပြေမှာလေ။

ကိုယ်နဲ့ အဆင်ပြေရင် ကောင်းတယ်လို့ ပြောပြီး အဆင်မပြေရင် မကောင်းဘူးလို့ ပြောကြတဲ့ လောကကြီးမှာ ဒီလို ဖြစ်တော့လည်း လူသားဆန်စွာနဲ့ဒီကျောင်း မကောင်းဘူးလို့ ပြောရင် အားလုံးနားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။

ပြောလိုက်တဲ့ စကား၊ အမူအရာတွေက ပြောတဲ့သူမှာ ဘာမှ မခံစားရပေနဲ့ အပြောခံရသူက တော်တော်ကို့ ထိခိုက်သွားပါတယ်။ အမ်ဘီအေကိုပဲ ကြည့်။ တမင်တကာရည်ရွယ်၍သော်၎င်း၊ မရည်ရွယ်၍သော်၎င်း အမူအရာအားဖြင့်၊ စကားအားဖြင့်၊ စိတ်အားဖြင့် စော်ကားခဲ့တာများရှိရင်၊ ထိခိုက်နာကျဉ်စေတာများရှိရင် မလိမ်မိုး မလိမ္မာ အမိုက်အမဲလေးမို့ ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်။ ဝမ်းနည်းမှုတွေ၊ သိမ်ငယ်မှုတွေ၊ အားငယ်မှုတွေ၊ မသေချာမရေရာမှုတွေ၊ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးကာ ဘဝနဲ့ရင်းပြီး၊တန်ဖိုးကြီးကြီး ပေးဆပ်ခံစားပြီးမှ ရလာတဲ့ ဘဝအသိကတော့ ဘယ်သူ့ကိုမှ ကိုယ့်ကြောင့် စိတ်မထိခိုက်စေပါနဲ့။ နှုတ်ချိုပြီး ယဉ်ကျေးလိမ္မာပါ။

စန်းထွန်း
ဇှုလှိုင် ၁၅၊ ၂၀၁၁။

မျက်မှန်...

ဒုက္ခသည်တွေကို တွေ့ရတော့မှ သူတို့ရဲ့ အခက်အခဲတွေ သိလာရော။ ဘာသာစကားအခက်အခဲ၊ အလုပ်အကိုင်ရှားပါးနေချိန်မှာ အလုပ်တခုရဖို့ ရုန်းကန်နေရတာတွေ၊ ကိုယ်တောင် တိုးတက်ပါတယ်ဆိုတဲ့ စင်္ကာပူမှာ နေခဲ့တာတောင် ဒီရောက်တော့ ဒီရဲ့ ဓလေ့စရိုက်တွေ၊ ထုံးတမ်းစဉ်လာတွေ၊ ဥပဒေနဲ့ အညီ နေတတ်အောင် နေဖို့ ကြိုးစားနေရဆဲ။ သူတို့အတွက်တော့ အခက်အခဲတွေ အများကြီး။ သူတို့နဲ့ ယှဉ်ရင် ကိုယ့်အခက်အခဲက စာမဖွဲ့လောက်စရာ။

အနားယူပြီးတော့ ရတဲ့ သတင်းအချက်အလက်တွေ မူတည်ပြီး ဘာလုပ်သင့်လဲ ဆုံးဖြတ်ချက် ချက်ရတာ့တယ်။ သွေးပူနေချိန်မှာ ဆုံးဖြတ်ရင် မှားသွားမှာလေ။ ဘာလုပ်သင့်တယ်ဆိုတာ သိပြီး လုပ်သင့်လုပ်ထိုက်တာကို မဆိုင်းမတွ လုပ်။ နောက်တလှမ်း နောက်ဆုတ်တာဟာ ရှေ့ကို နှစ်လှမ်း လှမ်းဖို့ အားယူတာပါ။ တကြိမ် မအောင်မြင်ရင် နောက်တကြိမ် ကြိုးစားပါ။ မအောင်မြင်သေးရင် အကြိမ်ကြိမ် ကြိုးစားပါ။ မကြိုးစားဘူးဆိုမှသာ တကယ် ဆုံးရှုံးသွားတာပါ။ လဲကျရင် ပြန်ထဖို့ ကြိုးစားပါ။ ပြန်မထဘူးဆိုရင် ဆိုရင်တော့ သူများနင်းတာ ခံရမှာပဲ။ ပြန်ထဖို့ ကြိုးစားရင်တော့ လက်ကမ်းကြိုဆိုကြမှာပါ။

ကြက်နာကျပြီဆို ကြက်တွေ တော်တော် သေပါတယ်။ မသေဘဲ ကျန်နေတဲ့ ကြက်တွေကတော့ အတော်ခံနိုင်ရည်ကောင်းပြီး နောင်ကြက်နာကျပြီဆို မသေတော့ဘူး။ အခက်အခဲတွေက ကိုယ့်ရဲ့ အရည်အချင်းကို တိုးတက်စေတာပါ။ အခက်အခဲတွေကြောင့်သာ စိတ်ဓာတ်တွေ ကြံ့ခိုင်လာပြီး ရင့်ကျက်လာတာပါ။

အရင်က ရုပ်ဆိုးအကျီးတန်နေတာတွေက ခုတော့လည်း သာယာလှပနေလို့။ နွေရာသီရဲ့ နေရောင်ခြည်အောက်မှာ သစ်ပင်တွေကလည်း စိမ်းလန်းနေလို့၊ ပန်းတွေကလည်း ဖူးပွင့်နေလို့၊ ငှက်ကလေးတွေရဲ့ အသံကလည်း ငြိမ့်ညောင်းသာယာနေလို့၊ သူငယ်ချင်းတွေရဲ့ အပြုံးကလည်း ခင်မင်စရာကောင်းနေလို့၊ မိတ်ဆွေသစ်တွေ တိုးနေလို့။ ဘဝဆိုတဲ့ကျောင်းမှာ တနေ့တနေ့ မရိုးနိုင်တဲ့ အသိပညာတွေ ရနေပါတယ်။ အမှန်က အရာအားလုံးက အရင်ကလည်း ဒီအတိုင်း အခုလည်း ဒီအတိုင်း။ ကြည့်တဲ့ အမြင်ကသာ ကွာတာပါ။ အစိမ်းရောင် မျက်မှန်တပ်ပြီး ကြည့်ရင် အစိမ်းပဲ မြင်ရသလို အပြာရောင် မျက်မှန်တပ်ကြည့်ရင် အပြာရောင်ပဲ မြင်ရတာပါ။ အစက မချစ်တဲ့ မျက်စိနဲ့ ကြည့်တော့ အရာအားလုံးက မချစ်မနှစ်သက်စရာ ကောင်းတာပါ။ ခုတော့ ချစ်တဲ့မျက်စိနဲ့ ကြည့်လို့ အရာအားလုံးက ချစ်စရာကောင်းလို့။

စန်းထွန်း
ဇှုလှိုင် ၁၃၊၂၀၁၁။

စေ◌ျးအကြီးဆုံး မွေးနေ့လက်ဆောင်...

ကျောင်းသားအယောက် ၅၀ကျော်မှာ ရှားရှားပါးပါး ပါတာက ကျောင်းသူ ၅ယောက်။ Eritrea နိုင်ငံက အာရိယန်ကလွဲရင် တို့လေးယောက်က တတွဲတွဲ။ မိုင် နိမ်း အစ်စ် မိုင်းလို့ နှုတ်ဆက်တာနဲ့ သူ့နာမည်ကို တခါတည်း မှတ်မိစေတဲ့ မိုင်းဖန်လို့ ခေါ်တဲ့ ဗီယက်နမ်မလေး၊ ဆူနမ်နဲ့ ရာမား နီပေါမလေးတွေနဲ့ တို့။ အုပ်စုထဲမှာ မွေးနေ့ အရင်ကြုံတာက မိုင်းရဲ့ မွေးနေ့။ ဘာလက်ဆောင်ပေးရင် ကောင်းမလဲလို့ ခေါင်းချင်းဆိုင်ကြတာပေါ့။

အစားသောင်းကျန်းတဲ့ မိုင်းကို အစားဝယ်ပေးရအောင်လည်း သူစားတာ ကိုယ်မစားနိုင်သလို ကိုယ်စားတာလည်း သူမစားနိုင်။ ရေလုံပြုတ် ဗီယက်နမ်စာတွေကို မစားနိုင်သလို ဟင်းတိုင်း မဆလာနဲ့ အာလူးပါတဲ့ နီပေါစာကို မစားနိုင်။ အင်္ကီျဝယ်ပေးရအောင်လည်း ကိုယ့်အတွက်တောင် ဆိုဒ်မရှိတာ မော်ဒယ်လိုပိန်တဲ့ မိုင်းအတွက်တော့ အတော့်ကို ရှာဖွေနိုင်မှ။ ကိုယ်ရွေးပေးတဲ့ ဒီဇိုင်းကိုလည်း သူကြိုက်ဦးမှ။ တို့ဒီကို လာခါနီး ပြုံးမြတ်လက်ဆောင်ပေးလိုက်တဲ့ ခွေးရုပ်လေးကို ပြလိုက်တော့ အားလုံးက တညီတညွှတ်တည်း အရုပ်လက်ဆောင် ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။



wall mart ကို သွားတဲ့နေ့ သုံးကောင်သား အရုပ်ရှာပုံတော် ဖွင့်ကြတာပေါ့။ အရုပ်ကြီးကြီး ပေးချင်ပေမဲ့ သယ်ရလွယ်တဲ့ အရုပ်သေးကိုပဲ ရွေးလိုက်ကြတယ်။ ပန်းရောင်ကြိုက်တဲ့ မိုင်းအတွက် ပန်းရောင်လိုချင်ပေမဲ့ ခဲရောင်ပဲ ရှိတယ်။ မိုင်းကလည်း ကြိုက်တယ်တဲ့။ ဈေးကလည်း ကြီးလိုက်တာ ၅ ကျပ်တောင်။ ၃ယောက်နဲ့ စားတော့ တယောက် ၁ကျပ်ကျော်ကြီးများတောင် ကျတယ် :P။ မွေးနေ့လက်ဆောင်နဲ့ အကြောင်းတိုက်ဆိုင်တိုင်း ဒီအကြောင်း ပြောဖြစ်တယ်။ ကြားရတဲ့သူတိုင်းကလည်း မပြုံးဘဲ ဝါးလုံးကွဲ ရယ်ကြတယ်။ တန်ဖိုးနည်းပေမဲ့ အမှတ်တရတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ သူငယ်ချင်း သံယောဇဉ်တွေနဲ့ တန်ဖိုးကြီးကြီးပေးရတဲ့ ဈေးအကြီးဆုံးမွေးနေ့လက်ဆောင်အဖြစ် တို့တသက်မှာတော့ အမှတ်တရ ဖြစ်နေမှာပါ။



တန်ဖိုးအကြီးဆုံး မွေးနေ့လက်ဆောင်။

စန်းထွန်း
ဇူလှိုင် ၁၁၊ ၂၀၁၁။

ခလုတ်ထိမှ...

ခလုတ်ထိမှ အမိ တရုံသာမက ဘုရား၊ တရား၊ သံဃာ အားလုံးကိုပါ တတာပါ။ internship ဆင်းတုန်းက allowance ကို intern ဆင်းတဲ့ ကုမ္ပဏီက မပေးတော့ဘူးဆိုတဲ့နေ့ အေးပို၊ အီးတီ၊ စန်းထွန်း သုံးကောင်သား toa payoah ဘုန်းကြီးကျောင်းကို ပြေးကြတော့တာပဲ။ နောက်တော့လည်း allowance ကို ကျောင်းက ပေးလို့ အဆင်ပြေသွားတော့ ဘုန်းကြီးကျောင်းကို ယောင်လို့တောင် ခြေဦးမလှည့်ကြတော့ပါ။

ကျောင်းပြီးလို့ အလုပ်ရှာတော့လည်း ဝင်လိုက်တဲ့ ဓိဌာန်၊ စိတ်လိုက်တဲ့ ပုတီး၊ ရွတ်လိုက်တဲ့ ပဋ္ဌာန်း ။ ဘုရား၊ တရား မြဲနေတာ။ ဘုရား၊ တရား၊ သံဃာ၊ နတ်တွေပါ အကောင်းမနေရ။ ကုမ္ပဏီကြီးကြီး၊ လစာကောင်းကောင်း ရပါလို၏လို့ ဆုတောင်းနေတာ။ bugis က ကွမ်ရင်မယ်တော်၊ tanjong pagar နား Hock Teck See Temple က စင်္ကာပူ ကျွှန်းစောင့်နတ်ဆိုတာပါ အကောင်းမနေရ။ တို့တွေ နားပူနားဆာတိုက်နေတာ။ ဟော အလုပ်ရသွားပြန်တော့လည်း မေ့သွားကြပြန်ရော။

အဲ အလုပ်၊အိမ် တခုခု အဆင်မပြေရော ဘုရား၊ တရားကို သတိရပြန်ရော။ အဆင်ပြေပြန်တော့လည်း မေ့သွားပြန်ရော။ ဒီလိုနဲ့ ဂျာအေးသူ့မေရိုက်ရော။ ဆရာတော်ကို လာဖူးကြတဲ့ နွားလှည်းတွေက ကျကျန်တဲ့ နွားချီးတွေကို ကျုံးနေရတဲ့ ကပ္ပိယ ညည်းညူသံကို ကြားတော့ ဆရာတော်ကြီး "ပေးပေး ဒကာ မကျုံးချင်ရင် နေပါ။ ဦးပဉ္ဖင်း ကျုံးလိုက်ပါ့မယ်။ ဝေယျာဝဇ္ဇကုသိုလ် လုပ်ခွင့်ကြုံပြီ။" လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သတဲ့။ ဒါကြောင့် ရေချိုးခန်းမှာ ဆံပင်တွေ တွေ့တဲ့အခါ၊ မီးဖိုချောင်မှာ အမှိုက်တွေ တွေ့တဲ့အခါ (သူများဟာတွေဆိုတော့ ရွံမှာပေါ့) ဝမ်းသာလိုက်ပါ။ ငါတော့ ဝေယျာဝဇ္ဇ ကုသိုလ်လုပ်ခွင့် ကြုံပြီလို့။ သူငယ်ချင်းတယောက်က ပြောတယ်။ အခက်အခဲဆိုတာရှိမှ ဘုရားကို မမေ့မှာတဲ့။ အခက်အခဲကြုံရင်တော့ တွေးလိုက်ပါ။ ငါတော့ ဘုရား၊ တရား လုပ်ခွင့်ကြုံပြီလို့။

မြန်မာပြည်မှတော့ ကုသိုလ်ကံက မသိသာပါဘူး။ အရင်ကလည်း ဒီအတိုင်း နောင်နှစ်တွေ ကြာလည်း ဒီအတိုင်းပါပဲ။ စင်္ကာပူမှာတော့ ကံက အရမ်းသိသာပါတယ်။ ကိုယ့်ထက် တော်ပေမဲ့ ကိုယ့်လောက် အလုပ်ကံ မဆင်မပြေတာတို့။ ကိုယ့်လောက် မတော်ပေမဲ့ ကိုယ့်ထက် လစာကောင်း၊ ကုမ္ပဏီကောင်းမှာ ရတာတွေ ကြုံရတော့ ကံဆိုတာကို တကယ်ယုံလာပါတယ်။ လစာနည်းတဲ့သူက လစာများတဲ့သူကို အားကျ။ ပင်ပန်းလည်း ပိုက်ဆံအများကြီးရတော့ ပင်ပန်းရကျိုးနပ်တယ်ပေါ့။ လစာများတဲ့သူကလည်း ဒီလောက် ပင်ပန်းတာ ဘဝကြီးက ဘာအဓိပ္ပာယ် ရှိတော့မှာပဲ။ လစာနည်းနည်းရပြီး အေးအေးဆေးဆေးပဲ နေလိုက်ချင်တော့တယ်လို့ ငြီးကြတယ်။

ကိုယ့်အထက် မန်နေဂျာက ကိုယ့်ကို ထုထောင်းရင် တွေးလိုက်ပါ။ အရင်ဘဝက ငါ သူ့ကို ထုထောင်းထားလို့ နေမှာလို့။ လစာနည်းနေရင်လည်း ဟိုဘဝက လှုဒန်းထားသလောက် ကိုယ်ရတာလို့ တွေးလိုက်ပါ။ ဉာဏ်မကောင်းဘူးဆိုရင်လည်း အခု လေ့လာဆည်းပူးနေလို့ နောင်ဒီထက် ဉာဏ်ကောင်းတော့မှာလို့ တွေးလိုက်ပါ။ အိမ်ရှင်မတွေကလည်း တနေ့တနေ့ အိမ်အလုပ်တွေပဲ လုပ်နေရလို့ စိတ်ညစ်မနေရပါနဲ့။ အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့ မိန်းမတွေက အိမ်ရှင်မဘဝကို အားကျနေတာ။ လုပ်ရိုးလုပ်စဉ် အလုပ်တွေကို လုပ်ရင်း ကုသိုလ်ရနေတာက မင်း၊ အိမ်ရှင်မ၊ ဘုန်းကြီးတဲ့။ အရင်ဘဝက ကံတွေကို ပြင်လို့ မရပေမဲ့ ပြင်လို့ရနိုင်တာက အခုလက်ရှိ ကိုယ့်ရဲ့ အချိန်ကို ဘယ်လိုနည်းနဲ့ တန်ဖိုးရှိအောင် အသုံးချရမှာလဲပါ။

ဟုတ်ကဲ့ စန်းထွန်းကတော့ ခလုတ်ထိရင် အားလုံးကို တတတ်ပါတယ်။

စန်းထွန်း
ဇူလှိုင် ၁၁၊ ၂၀၁၁။

တရဲ..တရဲ

ငယ်ငယ်တုန်းကတော့ သရဲတဘက်တွေအကြောင်း၊ စုန်းတွေအကြောင်းကို ပုံပြင်အဖြစ် ကြားဖူးပါတယ်။ တချို့သူငယ်ချင်းဆိုရင် သရဲပုံပြင် အပြောကောင်းတာ ကိုယ့်မှာ ညမှောင်ရင် အိမ်သာကို တယောက်ထဲ မသွားရဲတော့တဲ့အဖြစ်။

စင်္ကာပူမှာတော့ သရဲလဆိုတာ ရှိတယ်။ အဲဒီလဆို သရဲတွေ ထွက်ကြတယ်လို့ ဆိုကြတယ်။ သရဲလိုက်ရှာတဲ့ အဖွဲ့လည်း ရှိတယ်။ ခရမ်းရောင်(North East Line) ရထားလိုင်းမှာဆို Potong Pasir (NE 10)နဲ့Serangoon (NE 12) ကြားမှာ ဘူတာ NE 11 က ပျောက်နေတယ်။ အရင်က ရှိတယ်။ သင်္ချိုင်းကုန်းကို ဖျက်ပြီး ဆောက်ထားတာ။ နောက်တော့ ရထားလာရင် ဖြတ်ပြေးတာတို့ ဘာတို့တွေ့လို့ ဖျက်လိုက်တာလို့ ကြားတယ်။ စင်္ကာပူကျောင်းက သူငယ်ချင်းတွေပြောတဲ့ သရဲအကြောင်း ကြားရပြန်တယ်။ ပြည့်ပြည့်ဆို နေ့ခင်းဖက် သူအိပ်နေတုန်း တရုတ်လိုလို လူတယောက်ကို မြင်လို့တဲ့။ မိန်းကလေးနေတဲ့အိမ်မှာ ဘယ်ကယောကျ်ားလေးက ရောက်လာပါလိမ့်ပေါ့။ အီးတီကတော့ သူ့အိမ်မှာ သရဲမြင်လို့ လန့်ပြီး ဖျားပါရောလား။ တရုတ်တယောက်ကတော့ မနက် ၁နာရီ၊ ၂ နာရီလောက် ကျောင်းကနေ သူ့အိမ်ကို ပြန်ရင် အင်္ကျီဖြူဝတ်ထားတဲ့ မိန်းမတယောက် သူ့နောက်ကို လိုက်လို့တဲ့။ သရဲမှန်း မသိဘူး။ ခုခေတ် တရုတ်တွေက ဘာသာမဲ့ ကွန်မြူနစ်တွေ။ ကျောင်းမှာလည်း ဒေးဗစ်ဆိုတဲ့ သရဲရှိတယ်လို့ ကြားတယ်။

ပ‌ရောဂျက်မပြီးလို့ ကျောင်းမှာ ညအိပ်ရတဲ့ ညတွေဆို ည၁၂နာရီကျော်ရင် အိမ်သာကို တယောက်တည်း မသွားရဲဘူး။ အဖော်တယောက်ပါမှ သွားရဲတယ်(ဗန္ဓုလသွေးပါတယ် :D)။ တခါက ဖျပ်ခနဲ မီးမှောင်သွားလို့ အိပ်ချင်နေတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိဘူး ပြေးလိုက်တာ တန်းနေတာပဲ။ မိန်းခလုတ်ကျတာလား၊ တယောက်ယောက် စတာလား မသိတော့ပါဘူး။

discussion room ထဲမှာ တယောက်တည်း ရှိနေတုန်း ဒေါက်ဒေါက်နဲ့ တံခါးခေါက်သံကြားတယ်။ တံခါးကို ကြည့်တော့လည်း ဘယ်သူမှ မရှိဘူး။ နောက် ခဏကြာတော့ ဒေါက်ဒေါက် ကြားရပြန်ရော။ တံခါးဖွင့်ပြီး အပြင်ထွက်ကြည့်တော့လည်း ဘယ်သူမှ မရှိဘူး။ နောက် ဒေါက်ဒေါက်ကြားရပြန်တော့ သည်းမခံနိုင်တော့ဘူး။ ကိုစိုင်းတို့၊ ကောင်းကောင်းတို့ စနေသလားပေါ့။ သူတို့အခန်းသွားရှာတော့လည်း သူတို့တွေ ညစာသွားစားတယ်တဲ့။ အခန်းတွေက ကပ်နေတော့ တခါတလေ ဘေးခန်းက အသံတွေကို ကိုယ့်အခန်းကလို့ ထင်မိတတ်တယ်။ ညစာစားတဲ့သူတွေ ပြန်လာတော့ အဲဒီအကြောင်း ပြောပြတော့ မေသူက ဟုတ်လို့လား အမ၊ ဒီနေရာက ကြားရတာမလားတဲ့။ ဟုတ်တယ် အဲဒီထောင့်နားလေးကပဲ။ နောက်တော့မှ သိရတာက သူတို့ တရုတ်တွေက QQ နဲ့ chat ကြတယ်။ gtalk မှာဆို တတုန်တုန်မြည်ပေမဲ့ QQမှာက ဒေါက်ဒေါက်လို့ မြည်တယ်။ အဲဒါကို မသိတော့ တံခါးလာလာခေါက်တယ်လို့ ထင်နေတာကိုး။

တခါက ညနေစောင်း team 11 အခန်းမှာ တယောက်တည်း ရှိနေတုန်း ကွန်ပြူတာနှိပ်သံ တဖျောက်ဖျောက်ကြားတယ်။ အခန်းပတ်ပတ်လည်ခုံတွေပေါ်မှာက desktop computer တွေ။ အလယ်အဝိုင်းခုံတွေမှာက laptop တွေ တင်ထားကြတာ။ ကိုယ်က desktop ကို သုံးနေတာ။ အသံက အဝိုင်းခုံထားတဲ့ laptop တွေဆီက အသံ။ လှည့်ကြည့်လိုက်ရင်လည်း ပျောက်သွားပြန်ရော။ ဒါပေမဲ့လည်း တခြားအခန်းက အသံကိုလည်း ထင်ယောင်ထင်မှား ဖြစ်တတ်သေးတာမလား။ error တက်နေလို့ လူက ကွန်ပျူတာထဲ ဝင်လုမတတ်။ error နဲ့ အသည်းအသန် နပန်းလုံးနေတာ။

မေသူရောက်လာတော့မှ အမတယောက်တည်းလားတဲ့။ အင်းဆိုတော့ အမ ဒီအခန်းက ဒေးဗစ်အခန်းလေဆိုတော့မှ ဘုရား ဘုရား ကြောက်လိုက်တာ။ အစကတော့ error နဲ့ နပန်းလုံးနေတော့ ကြောက်ရကောင်းမှန်းမသိ။ သိတော့မှ ကြောက်လိုက်တာ။ နောက်ဆို အဲဒီအခန်း ဘယ်တော့မှ တယောက်တည်း မသွားတော့ဘူး။

စင်္ကာပူမှာတော့ သရဲလိုက်ရှာတဲ့ အဖွဲ့ရှိတယ်။ (ကိုညီလင်းသစ်ရဲ့ စာမျက်နှာသစ်ဖွင့်မယ်ဆိုရင်ကို ဖတ်ပြီး လုပ်ထားတာ။ ကျေးဇူး ကိုညီလင်းသစ်။) သရဲရှာတဲ့ စက်ကလေးက သရဲ ရှိနေရင် စက်ကလေးက ပြတယ်တဲ့။ စင်္ကာပူက သရဲလိုက်ရှာတဲ့အကြောင်း တင်ဆက်ထားတဲ့ ဂျာမန်ရုပ်သံသတင်းကို yahoo မှာ ဖတ်လိုက်ရတယ်။ စိတ်ပါဝင်စားသူများအတွက် လက်တို့ပြီး သတင်းပေးလိုက်ပါတယ်။ စန်းထွန်းကိုတော့ အဖေါ်လိုက်ဖို့ မခေါ်လေနဲ့။ မလိုက်ရေးချ မလိုက်။ မီးမီး ကြောက်ကြောက် :P။

စန်းထွန်း
ဇူလှိုင် ၁၀၊ ၂၀၁၁။

နှစ်ခါလုပ်မှ...

အမေရိကားကို ကျောင်းသွားတက်မယ်ဆိုတော့ အိမ်က တို့အတွက် ဗေဒင်တွက်ပေးတယ်။ ဘာတွေဟောလဲ မမှတ်မိတော့ပေမဲ့ နှစ်ခါလုပ်မှ အောင်မြင်မယ်လို့ ဟောလိုက်တာပဲ မှတ်မိတယ်။ (ကောင်းတာတွေပဲ မှတ်မိတယ် ဆိုးတာတွေကို မေ့သွားရော :)။ )ဝင်ခွင့် စာမေးပွဲကို အွန်လိုင်းကနေ နှစ်ခါ ဖြေရတယ်။ ပထမအကြိမ် ဖြေတုန်းက မေးခွန်းကို ကြည့်ပြီး ဘာဖြေရမှန်း မသိလို့ စာတွေ ပြန်ဖတ်နေတာနဲ့ အချိန်စေ့သွားရော။ ဒုတိယအကြိမ်ကျတော့ စနေနေ့ ရုံးမှာ။ တပတ်ခြား စနေနေ့တဝက်ရုံးတက်ရတဲ့ရတွေဆို သိပ်ပျော်ဖို့ကောင်းတာ။ ဘာအလုပ်မှ မလုပ်တော့ပဲ သတင်းတွေ၊ ဖေ့ဘွတ်တွေ၊ ဝထ္ထုတွေ၊ ဘလော့တွေကို အေးအေးဆေးဆေး နားအေးပါးအေး ဖတ်တော့တာ။ သူဌေးတွေ မရှိတော့ ထင်တိုင်း ကြဲကြလေသတည်းပေါ့။ ဒီတခါတော့ သေသေချာချာဖြေတော့ အောင်ပါလေရော။

အောက်တိုဘာမှာ ဝင်ခွင့်ရပေမဲ့ ဗီဇာလျှောက်ဖို့ I20 form ပို့ပေးတာက စက်တင်ဘာမှာ။ ရုံးကိုတလနိုးတစ်မပေးရင် တလစာလျှော်ရမှာလေ။ လျှော်စရာ ပိုက်ဆံက မရှိ။ ဒါနဲ့ ဖေဖေါ်ဝါရီကို ရွှေ့လိုက်တာ့ I20 form ကို နောက်တကြိမ် ပြန်ပို့ပေးရပြန်ရော။ ဗီဇာ မလျှောက်ခင် Visa Waiver Program ထဲ ဝင်ပြီး ပိုက်ဆံတရာကျော် သွင်းရသေးတယ်။ တခါလျှောက်ရင် အမေရိကန်ဒေါ်လာ နှစ်ရာအပြင် တက္ကစီဖိုး၊ မုန့်ဖိုး၊ ဓာတ်ပုံဖိုး။ မနက် ၇ နာရီလောက်ကတည်းက သံရုံးအပြင်မှာ ငုတ်တုတ် စောင့်ရတာ။ ဒါတောင် အင်တာဗျူးအတွက် appointment ယူပြီးသား။ ရဲတိုက်ကြီးလို ခံ့ညားလှတဲ့ သံရုံးထဲရောက်တော့လည်း စောင့်။ cash တို့၊ net ကဒ်နဲ့ ပေးလို့ မရဘဲ ဘဏ်ကနေ traveller cheque တို့နဲ့ပဲ ပေးလို့ရတာ မသိလို့ ဘဏ်ကို တက္ကစီနဲ့ ပြေးပြီးဝယ်။ တနာရီအတွင်း အပြေးပြန်လာ။ ပြီးရင်လည်း စစ်လိုက်ဆေးလိုက်တာ တရားခံကို စစ်နေဘိအလား။ အချိန်ကုန် လူပင်ပန်း နေ့တဝက်လောက် သွားရော။ အောင်မလေး တော်ပါသေးရဲ့ ဗီဇာကို နှစ်ခါမလျှောက်ရဘဲ တခါတည်းနဲ့ အောင်လို့။ နောက်တခါများ ထပ်လျှောက်ရရင်တော့ မလွယ်ကြောပဲ။

ကျောင်းရောက်လို့ ရေးဖြေစားမေးပွဲကိုလည်း နှစ်ခါဖြေမှ အောင်တယ်။ ဘာသာတခုကိုလည်း အမှတ်နည်းသွားလို့ နောက်တကြိမ် ပြန်တက်ရပြန်ရော။ တောက် ဗေဒင်မှားအောင် လုပ်မယ်ဆိုမှ မှန်သွားပြန်ပြီ :D ။

ကျောင်းပြီးလို့ အလုပ်ရှာရင်တော့ နှစ်ခါလျှောက်စရာတော့ မဟုတ်နိုင်ဘူး။ offer နှစ်ခုရမှာပဲ ဖြစ်ရမယ်။ ဟိုဟာရွေးရနိုး ဒီဟာရွေးရနိုး ဖြစ်မှာ မြင်ယောင်သေး :D ။ နောက်တခုကတော့ ဘလော့ပေါ်မှာ မပြောတော့ပါဘူး။ အွန်လိုင်းမှာ တွေ့ကြတော့မှ လက်တို့ပြီးသာ မေးလိုက်ပါ။ ပေါရဲလိုက်တာနော်။ သည်းခံပြီး ခွင့်လွှတ်ကြပါခင်ဗျာ။ သူ့ခမျာ ဖြစ်ချင်တာတွေကို ဘလော့ကနေ ရင်ဖွင့်နေရတာမလား :P ။

စန်းထွန်း
ဇူလှိုင် ၉၊ ၂၀၁၁။

လိုချင်တာက...

မနေ့က သူငယ်ချင်းတယောက်နဲ့ ချက်တော့ အလုပ်အသစ်ပြောင်းပြီ လစာတော့ အကောင်းစားမဟုတ်ဘူးအမတဲ့။ လူတိုင်း လိုချင်တာက ကုမ္ပဏီကြီးကြီး၊ လစာကောင်းကောင်းမှာ လူတိုင်း လိုချင်ကြတာပေါ့နော်။ ဒါပေမယ့် ကိုယ်လုပ်နိုင်တာက အင်တာဗျူးမှာ အကောင်းဆုံးဖြေနိုင်တာပဲ ရှိတယ်။ ကိုယ်ရွေးချယ်လို့မှ မရတာနော်။ သူတို့ရွေးတာကို ခံရတာလေ။ တခါတလေ ရွေးချယ်နိုင်ခွင့်ရှိရင်တော့ offer ပေးတဲ့ အထဲကမှ ကောင်းမယ်လို့ ထင်ရတာကို ရွေးရတာမလား။ အလုပ်ထဲမှာ ကြိုးစားလုပ် ဒါပဲ တတ်နိုင်တယ်။ ကိုယ့်ကံပဲပေါ့။

ကုမ္ပဏီကောင်းကောင်း၊ လစာကောင်းကောင်းရတဲ့သူတွေကို ကြည့်ပြီး ငါ့ကျတော့ ဘာလို့မရပါလိမ့်လို့ တခါတလေ တွေးမိပါတယ်။ အဲဒီအခါ ကိုယ့်လောက် အဆင်မပြေသေးတဲ့သူတို့ကို မြင်ရတဲ့အခါ ကံကောင်းသေးတယ်လို့ တွေးမိတယ်။ အမြင့်ကို ကြည့်ရင် မောပြီး အောက်ကို ကြည့်ရင်တော့ စိတ်ချမ်းသာရတယ်။ အမြဲကြိုးစားနေတဲ့သူအတွက် အခွင့်အရေးတို့၊ တက်လမ်းတို့ ဆိုတာ တချိန်ချိန်တော့ ရှိလာမှာပါ။ မကြိုးစားဘူးဆိုမှသာ တကယ်ဆုံးရှုံးသွားတာ။

အလုပ်မရှိတာထက်စာရင် လစာနည်းနည်းပဲရရ အလုပ်ကလေးရှိတာ ဝမ်းသာစရာပါ။ အလုပ်တခုခုရှိနေမှ ဘဝလေးဟာ အဓိပ္ပာယ်ရှိနေတာပါ။ ကျန်းမားရေး ကောင်းတာကလည်း ဝမ်းသာစရာပါ။ စားချင်တာကို စားနိုင်တာလည်း ဝမ်းသာစရာပါ။ အဖေ အမေလို့ တစရာ မိခင်၊ ဖခင်တွေ ရှိတာလည်း ဝမ်းသာစရာပါ၊ ရန်ဖြစ်ရမဲ့ ညီအကို မောင်နှမ ဆွေမျိုးတွေ ရှိတာလည်း ဝမ်းသာစရာပါ။ ရင်ဖွင့်ရမဲ့ သူငယ်ချင်းတွေ ရှိတာလည်း ဝမ်းသာစရာပါ။ စိတ်အနှောင့်အယှက်တွေပေးတဲ့ လူတွေရှိတာလည်း ဝမ်းသာပါ။ သူတို့ကြောင့်သာ ဘဝမှာ အခက်အခဲကို ခံနိုင်ရည်စွမ်း၊ သည်းခံနိုင်တဲ့ အရည်အချင်းတွေ တိုးတက်လာတာမလား။ လူ့ဘဝဆိုတာကို သင်ပေးတဲ့ သူတွေရှိတာလည်း ဝမ်းသာလိုက်ပါ။ ဝါသနာပါတာတွေ လုပ်နေရတာလည်း ဝမ်းသာစရာပါ။ ထမင်းနပ်မှန် စားနေရတာလည်း ဝမ်းသာစရာပါ။ စာတွေ ဖတ်တတ်တာလည်း ဝမ်းသာစရာပါ။ အသည်းကွဲနေရင်လည်း မကြာခင် ဒီထက်ကောင်းတဲ့ တယောက်ရမှာမို့လို့ ဝမ်းသာလိုက်ပါ :)။ ရှာကြံရင် ဝမ်းသာစရာတွေ တော်တော်များပါတယ်။ ရှာကြံပြီး ဝမ်းသာနိုင်ကြပါစေ။

စန်းထွန်း
ဇူလှိုင် ၈၊ ၂၀၁၁။

နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း...




သြဂုတ်၂ ရက်မှ ကျောင်းတက်ရပေမယ့် ဇူလိုင် ၁၄ ရက်နေ့ ကျောင်းအပ်ရမှာမို့ အဲဒီမတိုင်ခင် အပြေးအလွှား စင်္ကာပူကို ရောက်လာခဲ့ရတယ်။ ကျောင်းအပ်ရမယ့် မနက် ၈နာရီခွဲလောက် clementi က ကျောင်းရှယ်တယ်ရှိတဲ့နားမှာ သွားစောင့်။ ပြား ၆၀ ပေးစီး၊ ထိုင်ခုံပြည့်နေလို့ကတော့ ကားတံခါးပိတ်ပြီး နောက်တစီးစောင့်ပဲ။ ရန်ကုန်မှာလို မတ်တပ်ရပ်စီးချင်တာတောင် မရ။ ကျောင်းရောက်တော့လည်း security counter မှာ မေးပြီး သတ်မှတ်ထားတဲ့ အခန်းသွားပြီး စနစ်တကျ ကျောင်းအပ်။ ပြီးရင် ICA သွားပြီး student pass လျှောက်။ ဘဏ်ကိုသွားပြီး student loan လျှောက်။

ကျောင်းဖွင့်လို့ အခန်းထဲရောက်တာနဲ့ ဘယ်အခန်း ဘယ်အုပ်စု သတ်မှတ်ပြီးသားပဲ။ ကျောင်းသား ၁၀၀မှာ မြန်မာက ၆၀ကျော်၊ တရုတ်က ၂၀ကျော်၊ ဘရူနိုင်းက အရာရှိတွေက ၁၀၊ အိန္ဒိယ ၃၊ ဘင်္ဂလားဒေ့ရှ် ၁၊ အင်ဒိုနီးရှား ၃၊ အီရန် ၁၊ စင်္ကာပူ ၁။ ကိုယ်တို့အုပ်စုမှာက မြန်မာ ၅ယောက်၊ တရုတ် ၃ယောက်။ စာသင်တဲ့အခန်းက theatherမှာ။ စာသင်ပြီးရင် ကိုယ့် discussion room ထဲ သွားနေ။ ‌locker တယောက်တခုစီ ရတယ်။ locker ထဲမှာ စာအုပ်တွေ၊ မုန့်တွေ၊ ခေါက်ဆွဲခြောက်ဘူးတွေ၊ ဖိနပ်တွေ အကုန်ထားတာ။ ကော်ဖီ၊ တီး အကုန်ရှိတယ်။ စာသင်ချိန်မှာ အိပ်ငိုက်လို့၊ ဗိုက်ဆာလို့ နဲ့ တနေ့တနေ့ သောက်လိုက်တဲ့ကော်ဖီ။ အလကားမို့သာပဲ တခွက်တကျပ် ဆိုရင်တော့ မွဲပြီ။ ကျောင်းကရေက ရေသန့်မို့လို့အိမ်က ရေထက် သောက်လို့ကောင်းတယ်။ ကျောင်းကပြန်ရင် ရေဗူးအပြည့် ရေသယ်တယ်။ ကျောင်းတွင်းပြေးတဲ့ shuttle ရှယ်တယ်ကို အလကားစီးလို့ရတယ်။ Business School၊ စာကြည်ည့်တိုက်တို့ သွားချင်ရင် ရှယ်တယ် A ၊ B စီးရုံပဲ။


Team 12 SA 29

ကျောင်းသားကဒ်က နှစ်ကဒ် ရတယ်။ ISS နဲ့ NUS။ စာကြည့်တိုက်မှာ စကားမပြောရ။ တိတ်ဆိတ်နေလို့ တခါတလေ ကောင်းကောင်းအိပ်ချင်ရင် စာကြည်ည့်တိုက်မှာ သွားနှပ်ကြတယ်။ လုံခြုံရေးက လာနှိုးတယ်။ ကျောင်းက အင်တာနက် ကွန်နက်ရှင်း ပိုကောင်းလို့ တရုတ်တွေဆို ကျောင်းမှာ ရုပ်ရှင်လာကြည့်ကြတယ်။

printer ကလည်းဖရီး ကြိုက်သလောက်ထုတ်။ printer မှာ စာရွက်ကုန်နေလို့ security counter မှာ ကျောင်းသားကဒ်ပြလိုက်ရင် A4 တထုပ်ပေးတယ်။ ကျောင်းကဟာတွေ အမကောင်းတာ ဟိုတလောက အိမ်ပြောင်းတော့ ပစ္စည်းတွေ ရှင်းကြတော့ တွေ့တာက A4 တထုပ်။ ည ၁၀နာရီကျော်မှာ ကျောင်းကနေ clementi mrt အထိ ရှယ်တယ်ရှိတယ်။ နောက်ဆို နောက်ဆုံးကား ည ၁၁နာရီ ၃၅ ကား နဲ့ပဲ ပြန်ကြတော့တယ်။ တခါတလေ ပရောဂျက်မပြီးလို့ ကျောင်းမှာတောင် ညအိပ်ရတာတောင် ရှိတယ်။ အဲဒီညတွေမှာ လက်ဖက်သုပ် သုပ်စားရတာ ပျော်ဖို့ ကောင်းမှကောင်း။



စနေ၊ တနင်္ဂနွေမှာလည်း ကျောင်းမှာ။ ကိုဇော်မျိုးအောင်က ဟင်းချက်ကောင်းတယ်။ သူချက်လာရင်တော့ ဝိုင်းတီးကြတာပေါ့။ တို့တွေအုပ်စုက မိန်းကလေးတွေက မချက်တတ်ဘူးလေ အိအိကလွဲရင်။ ကိုဇော်မျိုးအောင်က ကြက်သားချက်မှာမို့လို့ ထမင်း၆ယောက်စာလောက် ချက်ဖို့ ဘကို ခိုင်းတယ်။ အလွယ်ဆုံး ဆန်ကို ပေါင်းအိုးထဲ ထည့်ပြီး ချက်တာကို ဘက ဆန်မရှိလို့နဲ့ အင်းအဲ လုပ်နေလို့။ သူချက်လာတော့လည်း ကောင်းလိုက်တာလို့ ပြောပြီး ဝိုင်းတီးကြတာပေါ့။ ပန်းကန်ဆေးတာ မပြောင်လို့ ညွှန်ကြားနေတဲ့ ကိုဇော်မျိုးအောင်ကို သူများဆေးတာ မကြိ ုက်ရင် သူ့ဘာသာ ဆေးပေါ့နဲ့ မကြားတကြား ပြန်ပတ်နေတာ။ ပေါ်တင်လည်း မပြောရဲဘူးလေ သူချက်လာတာမလား။

တို့အုပ်စုထဲက မိန်းကလေးတွေက မိန်းကလေးမဆန်သလောက် ယောကျ်ားလေးတွေက စည်းစနစ်ရှိပါတယ်။ project paper တွေကို ဘက ကြက်ယက်သလို ယက်ပြီး ရှာလို့ဖွသမျှကို ကိုစိုင်းက သိမ်းရတာ။ ဟိုဟာ မေ့ကျန်၊ ဒီဟာ မေ့ကျန်ရင် ဘ၊ ပြည့်ပြည့်၊ စန်းထွန်း။ ကိုစိုင်း၊ ကောင်းကောင်း၊ အေကေ၊ ကိုဇော်မျိုးအောင်တို့က သိမ်းပေးရတာ။ တခါက ဘက လမ်းလျှောက်တာ လိမ်လျှောက်နေလို့ ကိုစိုင်းက ဟဲ့ကောင်မလေး နင့်ဖိနပ်ပြဆိုလို့ ပြတော့ ဒေါက်မရှိတော့ဘူးလေ။ ဒေါက်မရှိလို့ ဘဲသွားသလို ယက်ကန်ယက်ကန် ဖြစ်နေတာကို မသိဘူးလေ။ စီးတဲ့သူက မသိဘဲ ကိုစိုင်းပြောမှ သိလို့ ဘ့မှာ ရှက်လိုက်တာလေ။


ကျောင်းက team work လုပ်တတ်အောင် သင်ပေးတယ်။ ဘာလုပ်လုပ် team နဲ့ပဲ။ တယောက်တည်း အောင်မြင်အောင် မလုပ်နိုင်ဘူး။ အရာရာ team နဲ့ လုပ်တတ်မှ အောင်မြင်မှာလေ။ ကိုယ်ဘာလုပ်ချင်ချင် team နဲ့ အရင်တိုင်ပင်ရတယ်။ အစကတော့ ငြင်းကြခုန်ကြ။ နောင်တော့ ဘာလာလာ agree ပဲ။ ငြင်းခုန်ရမှာ မောလွန်းလို့။ တို့team မှာက မြန်မာနဲ့ တရုတ်တွေပဲဆိုတော့ assignment တခုပေးရင် မြန်မာတွေက ခေါင်းချင်းဆိုင် အရင်တိုင်ပင်၊ ပြီးမှ တရုတ်တွေကို အင်္ဂလိပ်လိုပြော။ တရုတ်တွေက တရုတ်လိုပြန် ကွိစိကွစိ ငြင်းကြ၊ ပြီးရင် တရုတ်တယောက်က အင်္ဂလိပ်လို ပြန်ပြော။ များသောအားဖြင့် အချိန်တွေက ဘာသာပြန်နေတာနဲ့ကို ကုန်နေတာပဲ။

အမေးအမြန်းထူတဲ့ မိုက်ကယ်တယောက် ရှေ့ဆုံးတန်းမှာ ထိုင်ငိုက်ပြီး ဇက်ကျိုးနေတာ။ နှိုးတာနဲ့ မေးခွန်းမေးလို့ တို့တွေမှာ ရယ်လိုက်ကြတာ အိပ်ငိုက်တာတောင် မေးခွန်းမေးမပျက်လို.။


တရုတ်တွေက ညစ်ပတ်တယ်။ အင်္ကျီတထည်ကို ၃ရက်လောက် ဝတ်တယ်။ တရုတ်ပြည်မှာက အေးတော့ ချွှေးမထွက်တော့ ဟုတ်တာပေါ့။ စင်္ကာပူမှာက ဒီလောက်ပူတဲ့ဟာကို။ အုပ်စုထဲက အငယ်တရုတ်လေးကို မေးတော့ သူရော၊ သူ့မိသားစုရော အင်္ကျီလဲပါတယ်တဲ့။ အငယ်တရုတ်မလေးကတော့ အင်္ကျီဖြူတထည်ကို တပတ်လောက် မဲနေအောင် ဝတ်တယ်။ အဲ presentation တွေ ဆိုရင်တော့ ပျံနေအောင် ဝတ်တယ်။

အိအိတို့ အုပ်စုထဲက တရုတ်လေးကတော့ သူတက္ကသိုလ် တက်နေစဉ်တလျှောက် အင်္ကျီနှစ်ထည်ပဲ၊ ဘောင်းဘီနှစ်ထည် ရှိပါသတဲ့။ အင်္ကျီဆိုလည်း ဈေးကြီးတဲ့ ဘောလုံးသမား အင်္ကျီတွေ။ ဘယ်ဓာတ်ပုံကြည့်ကြည့် အဲဒီအင်္ကျီတွေပဲ။ သူတို့ရဲ့ ကောင်းတဲ့အချက်က အချိန်လေးစားတာ။ ချိန်းထားတဲ့ အချိန်မရောက်မှီ ၁၀မိနစ်လောက်ကတည်းက ရောက်နေတတ်တယ်။ သူတို့ကျောင်းမှာ ကတည်းက အဲလို ဖြစ်အောင်ထရိန်းထားတာတဲ့။ မြန်မာတွေကတော့ ချိန်းတာထက် အမြဲနောက်ကျ။ ကိုစိုင်းက ဆူတတ်တယ် နင်တို့တွေ ချိန်း ပြီးရင် နောက်ရွှေ့ တရုတ်တွေက ရောက်နှင့်နေပြီ။ ကွန်မြူနစ်နိုင်ငံမို့လို့ ဘုရားမယုံကြည်ဘဲ လက်တွေ့သိပ္ပံကိုသာ ယုံကြသတဲ့။


တခါတလေလည်း စိတ်တိုတာ၊ ဒေါသထွက်ရတာတွေ ရှိတာပေါ့။ ကောင်းကောင်းက ငါ ငါ့တို့အုပ်စုထဲက တရုတ်မကို ဆဲခဲ့တယ်။ ဟယ် ဟုတ်လား ဘယ်လို ဆဲခဲ့လဲပေါ့။ ဟီးဟီး ခွေးစုတ်မတဲ့။ ဟိုက ဆဲတယ် မထင်ဘဲ ရီသွားတယ် ထင်ဦးမယ်။

အအေးပိုင်းက လာတဲ့ တရုတ်တွေနဲ့ အပူပိုင်းက လာတဲ့ မြန်မာတွေ အဲဒီမှာ စတွေ့ကြတာပေါ့။ တရုတ်တွေက ပူလို့ အဲကွန်းကို တင်လိုက် အအေးမခံနိုင်တဲ့မြန်မာတွေက အဲကွန်းကို လျှော့လိုက်နဲ့ ကြံ ုသူဦးစတမ်း။ အဲကွန်းခမျာ အကောင်းမနေရ လာတိုးလိုက် လာလျှော့လိုက်နဲ့။ လူသာဆိုရင် ထရိုက်မယ်။

project ပြီးလို့ presentation မှာ team က လူအကုန် presentation လုပ်ရတယ်။ လူအများရှေ့မှာ ထွက်ပြောရတော့ စစချင်း ရင်တွေပန်းတွေတုန်၊ အသံတွေထစ်။ ဘာပဲဖြစ်ဖြစ် လူရှေ့ထွက်ရတာ့ အနည်းနဲ့အများ ရှော့ရှိတာပါပဲ။ presentation နေ့ဆို အကုန် formal dress တွေနဲ့ လှနေတာ။


စန်းထွန်းရဲ့locker ထဲမှာ ဒေါက်ဖိနပ်တရန်ရှိတယ်။ presentation နေ့ဆို locker ထဲက ဒေါက်ဖိနပ်ကို ထုတ်စီး ပြီးရင် locker ထဲ ပြန်သိမ်း။ shuttle စီးတဲ့နေ့ဆို လမ်းသိပ်မလျှောက်ရတော့ ဒေါက်ဖိနပ် စီးဖြစ်တယ်။ များသောအားဖြင့်က နောက်ဆုံးကားနဲ့ ပြန်တာဆိုတော့ ကျောင်းကနေ ကားမှတ်တိုင်အထိ ၁၀မိနစ်လောက် လမ်းလျှောက်ရတယ်။ ကျောင်းက တောင်ကုန်းပေါ်မှာဆိုတော့ ကျောင်းရှေ့ရောက်ရင်တော့ ဟောဟဲပဲ။ နေ့တိုင်းလမ်းလျှောက်ရတော့ ဒေါက်ဖိနပ်နဲ့ ဘယ်ရှိုးထုတ်နိုင်ပါ့မလဲ။ formal dress ဝတ်တဲ့နေ့ဆို အပေါ်က formal အောက်ကခြေညှပ်ဖိနပ်နဲ့ အတော်ကိုးရိုးကားယားနိုင်တဲ့ အဖြစ်။ ကျောပိုးအိတ်နဲ့ ကွန်ပျူတာက တဖက် ဘယ်လိုလုပ် ပဲများနိုင်ပါ့မလဲ။ တွေ့ရှိချက်အရ mrt က စက်လှေကားတွေက အမြန်ဆုံးပဲ။ ဒါကိုတောင် နှေးတယ်ထင်ပြီး ပြေးတက်နေတာ နောက်ဆုံးရထားမှီအောင်။

စင်္ကာပူက ဖိနပ်ဘယ်လောက်စားလဲဆိုရင် ဘယ်တော့မှ မပြတ်တဲ့ scroll ဖိနပ်အထူတောင် ပါးရောပဲ။ တရန်ဆို ၃လ ခံရင် အတော်ဟုတ်နေပြီ။ မကြီးက bata က ဖိနပ်လေး ဝယ်ပေးထားတယ်။ အဲဒီဖိနပ်ကတော့ အတော်ခံ မပြတ်လို့ အမုန်းစီးရတယ်။


NUS Business School က canteen မှာ တုံယမ်းဟင်းချိုနဲ့ young to fu က အတော်ကောင်းတယ်။ Art & Science School က ကုန်းဘောင်ကြီး၊ မာလာကြီးနဲ့ steam boat ကောင်းတယ်။ တပွဲ ၅ ကျပ် steam boat ကို ဈေးများတယ်ဆိုပြီး ထမင်းတပွဲ ထပ်ဝယ်ပြီး တယောက်တဝက် စားကြသေးတာ။ steam boat မှာလည်း ပုဇွန်ဆိုနှစ်ကောင်၊ အသားတုဆိုနှစ်လုံး ထည့်ပေးတော အဝေမတတ်လို့ ရန်ဖြစ်စရာ မလိုဘူး။ Engineering School က canteen က နာမည် အကြီးဆုံးပဲ။ ကိုရီးယားစာ၊ ဂျပန်စာ အကုန်ရတယ်။ နောင် အလုပ်လုပ်တော့မှ ကျောင်းက အစားအစာတွေက အရသာရှိပြီး ဈေးချိုမှန်း သိတာ။ တခါတလေ ကျောင်းကိုပြန်ပြီး အဲဒါတွေ စားချင်မိတယ်။

စာမေးပွဲဖြေရင်တော့ NUS hall ထဲမှာ ဖြေရတယ်။ အမှတ်စာရင်းကိုလည်း စာအိတ်နဲ့ အသေအချာ ပေးတာ။ အားလုံး ၂.၂ ရမှ အောင်တာ။ အမှတ်မမှီရင် ကျောင်းမှာ နေခိုင်းပြီး project တွေ လုပ်ခိုင်းတယ်။ ပြီးရင် course ပြီးဆုံးအောင် တက်ခဲ့ကြောင်း certificate ပေးတယ်။ အားကစားခန်းမတွေ သွားကစားလို့ ရပေမယ့် အားကစားဆို ဝေးဝေးက ရှောင်လို့ အားကစားခန်းမဘေးက တခါပဲ ဖြတ်သွားဖူးတယ်။

Graduation Day AD Project Team 2

internship မဆင်းခင် တလအလိုမှာ ကျောင်းမှာ AD project လုပ်ရတယ်။ ရုံးချိန်အတိုင်း ရုံးတက် ရုံးဝတ်စုံဝတ်ရတယ်။ ဒီကျောင်းရောက်မှပဲ team work ဆိုတာ ကောင်းကောင်းသိသွားတော့တယ်။ ပြီးရင် ကျောင်းကလွှတ်တဲ့ ကုမ္ပဏီမှာ internship ဆင်းရတယ်။ allownce ပေးပါတယ်။ ကိုယ်ဘာတွေ လုပ်နေတယ်ဆိုတာ အပတ်တိုင်း report ရေးပြီး supervisor ဆီ တင်ရတယ်။ internship ပြီးရင် ကျောင်းကို ပြန်လာပြီး ကိုယ်ဘာတွေ လုပ်ခဲ့တယ်ဆိုတာ presentation ပေးရပြန်တယ်။ documentation ကလည်း အရေးကြီးတယ်။ ကိုယ်. project ဘယ်လောက်ကောင်းကောင်း documentation ကိုကြည့်ပြီး ဆုံးဖြတ်တာလေ။ error တက်နေရင် အခန်းပေါက်စေ့လိုက်ပြီး error ရှင်းခိုင်းတာ။ တယောက်ယောက်ကတော့ ရှင်းပေးသွားတာပဲ။

ကျောင်းက ကြည့်ရင် သေးသလို ထင်ရပေမယ့် အဆောက်အဦး ဒီဇိုင်း၊ အခန်းဖွဲ့စည်းထားပုံ၊ အလင်းရောင်ရအောင် တည်ဆောက်ထားပုံတွေက အတော်ကောင်းပါတယ်။ ကျောင်းမှာ graduate diploma in system analysis ၊ master of software engineering, knowledge engineering ၊ diploma in project management တွေ ရှိတယ်။ နာမည်ကြီးလို့ ဘရှုနိုင်းက အရာရှိတွေကို အစိုးရက ပညာတော်သင် လွှတ်တယ်။ ဘရှုနိုင်းနိုင်ငံက ချမ်းသာတော့ ပညာတော်သင်ကျောင်းသားတွေကို အထောက်အပံ့ ကောင်းကောင်းပေးတယ်။ အဲ စာမေးပွဲကျလို့ကတော့ ပြစ်ဒဏ်ပေးတာတဲ့။ တခြားနိုင်ငံက အစိုးရဝန်ထမ်းတွေအတွက် သင်တန်းတွေ ရှိတယ်။

 Internship Team 19


Internship Project last reporting day
Feb 16, 2009 Internship Briefing Day

ပညာတွေ အများကြီးရ၊ စိတ်ညစ်ဖို့လည်းကောင်း ပျော်စရာလည်းကောင်းတဲ့ ကျောင်းကြီးကို သတိရမိပါတယ်။

စန်းထွန်း
ဇူလှိုင် ၆၊ ၂၀၁၁။