ပုသိမ်‌ရောက်ပြီ...

ဟိုင်းကြီးကျောင်းမှာတော့ သူငယ်တန်းထဲက သူငယ်ချင်းတွေက အလယ်တန်းရောက်တဲ့အထိ မပြောင်းလဲပါပဲ။ ရန်ဖြစ်လိုက်ကြ၊ ပြန်ချစ်လိုက်ကြ။ ရန်ဖြစ်ရင် စာရေးခုံတွေပေါ်မှာ မျဉ်းတွေတားပြီး နေရာမကျော်ကြေး။ ရန်မဖြစ်ရင်တော့ ဘောပင်တွေ လဲရေးကြ။ ၇တန်းရောက်တော့ ဂါဝန်တလွှားလွှားနဲ့ ကြိုးခုန်တာကို ဆရာမတွေက ကန့်သတ်လိုက်တယ်။ ဟိုင်းကြီးကျောင်းဝင်းထဲမှာ အရင်တုန်းက ညောင်ပင်ကြီးတပင် ရှိတယ်။ အရောင်မဲမဲ အမွှေးထူထူနဲ့ ခူရားကောင်တွေထိရင် ယားလို့ ဆရာမတွေက အိမ်ကိုပြန်ပြီး အိမ်ချိုးခိုင်းတယ်။ နောက်တော့ ခုတ်ပစ်လိုက်တယ်။ ကျောင်းပိတ်ရက်တွေဆို ကျောင်းထဲသွားပြီး တူပုန်းတမ်း ဆော့ကြသေးတာ။ ကျောင်းဘေးမှာ ဘောလုံးကွင်းကြီး ရှိတယ်။ ကျောင်းပိတ်ရက်တွေ ဆီးသီးတွေခူးပြီး ပျော်ပွဲစားထွက်ရာ နေရာကြီးပေါ့။ သရက်သီးသီးချိန်ဆို ငရုတ်သီးအလှော်မှုန့်၊ အချိုမှုန့်၊ ဆေးသကြားထည့်ထားတဲ့ ငံပြာရည်ထဲ သရက်သီးစိတ်တွေကို သူငယ်ချင်းတွေ လုပြီး တို့တို့စားရတာ ကောင်းမှကောင်း။ ဘောလုံးပွဲရာသီမှာ ဟိုင်းကြီးအသင်းပါတဲ့နေ့ဆို အာရှမှာ မြန်မာကသာ အနိုင်ယူ ဗိုလ်စွဲရမည်ဆိုတဲ့ သီချင်းသံ ဘောလုံးကွင်းထဲက ပျံ့လွှင့်လာရင် တရွာလုံး လူကြီးကလေးမကျန် ဘောလုံးကွင်းထဲ ရောက်နေပြီ။ ကိုယ့်ရွာကများ ဂိုးသွင်းလို့ကတော့ ကွင်းထဲပြေးဝင်ပြီး အောင်ပွဲခံကြသေးတာ။ တခါတလေ ဘောလုံးပွဲ ပြီးသွားပေမယ့် ရန်ပွဲတွေကို ဆင်နွှဲကြသေးတာ။ ဟိုင်းကြီးက နှစ်စဉ် ဒိုင်းဆုရတယ်။

မကြီးတို့ ၈တန်းကျောင်းပြီးတဲ့နှစ်မှာ အထက်တန်းကျောင်းခွဲ ရတာ့မလို ကြားရတယ်။ အရင်က ပြင်ခရိုင်မှာ သွားတက်ရတာ။ ပြင်ခရိုင်မှာ သွားတက်မလား၊ ဒီမှာပဲ ဆက်တက်ရမှာလား ဖေတို့တော်တော် ဦးနှောက်စားရတယ်။ ဖေက ပုသိမ်မှာ သွားထားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ရွာမှာ ကျောင်းရတာကို တခြားမှာ သွားထားမလားပေါ့။ ဖေဆုံးဖြတ်တာ မှန်သွားတယ်။ ကိုယ့်ရွာက ကျောင်းခွဲမှာပဲ တက်ဖို့ အားခဲထားသူတွေ ကျောင်းမရတာ့ တနှစ်အောက်တယ်။ ဟိုင်းကြီးကနေ ပုသိမ်မှာ ကျောင်းစထားတာ ဖေနဲ့ဆရာမ(မကေသွယ်၊ မခိုင်တို့ အမေ)က ပထမဆုံးပေါ့။ အဲဒီကစလို့တတ်နိုင်ရင် ဟိုင်းကြီးက ကလေးတွေမှန်သမျှ ပုသိမ်၊ ရန်ကုန်တို့မှာ သွားထားတော့တယ်။ မကြီးတို့က ၉တန်းမှ ပုသိမ်ကို သွားထားပေမဲ့ စန်းထွန်းကိုတော့ ၈တန်းမှာ ပို့လိုက်တယ်။

ပုသိမ်မှာ ထ၂၊ ထ၆ က နာမည်ကြီးတယ်။ ထ၆က တရုတ်အများစု တတ်ကြပြီး ထ၂ကတော့ ဗမာများတယ်။ မကြီးတို့က ထ၂က ဆိုတော့ စန်းထွန်းလည်း ထ၂မှာပဲ။ စည်းကမ်းကောင်းသလို စာသင်ကောင်းတဲ့ ကျောင်းပါ။ ပါးကွက်မကွက်ရ၊ ဆံပင်ရှည် မထားရ၊ ကျောင်းစိမ်းမဝတ်ရင် ကျောင်းထဲမဝင်ရ၊ ကျောင်း၃ရက်လောက်ခွင့်မတိုင်ပဲ ပျက်ရင် အတန်းပိုင်ဆရာမကိုယ်တိုင် အိမ်ကိုလိုက်လာ၊ အရေးကြီးတဲ့ ၁၀တန်းဆိုရင် အချိန်ပိုတွေ ခေါ်၊ အခန်းအပြင်မှာ ဆရာမတွေ သူသင်မယ်၊ ငါသင်မယ် လုနေတဲ့ ကျောင်းပါ။ မကြီးတို့တုန်းက ထမီတိုတို ဝတ်တာ ခေတ်စားတယ်။ တိုတာများ ဒူးဝက်လောက်။ ထမီတိုတိုဝတ်လာတဲ့ ကျောင်းသူတွေဆို ကျောင်းပေါက်ဝ စောင့်တဲ့ ဆရာမက ခြေသလုံးကို ကြိမ်လုံးနဲ့ ခပ်စပ်စပ်လေးရိုက်လေ့ရှိတယ်။ ကျောင်းသူတွေက ကျောင်းပေါက်ဝ မရောက်ခင် ထမီကို ခြေသလုံးဝက်လောက်ပြင်ဝတ်ပြီး စစ်ဆေးရေးဆရာမကျော်ရင် ထမီက တိုသွားပြန်ရော။ စန်းထွန်းတို့ခေတ်ကျတော့ ထမီကို ရှည်ရှည်ဖုတ်သိမ်းဝတ်ကြတာ။ တံမြက်စည်းလှည်းစရာ မလိုဘူး ထမီနဲ့ လှည်းသွားလို့ ရတယ်။ ဆရာမတွေက ညည်းတို့အမတွေခေတ်က ထမီက တိုလို့ ညည်းတို့ခေတ်ကြတော့ ထမီက ရှည်လို့တဲ့။ ယောက်ျားလေးတွေက ချက်ပြ ုတ်ပုဆိုးဝတ်လို့။ ကျောင်းထဲက သိမ်ကြီးမှာ အတန်းလိုက် အလှည့်ကျ ဘုရားရှိခိုး၊ ပန်းကပ်၊ သစ်သီးကပ်၊ သောက်ရေလဲ လုပ်ရတယ်။ မိန်းကလေးတွေက ဘစ်စကစ်တွေ၊ သစ်သီးတွေ၊ ပန်းတွေ ကပ်ကျပေမယ့် ဘုရားရှိခိုးပြီးလို့ ဆွမ်းတော်စွန့်ပြီဆိုတာနဲ ယောက်ျားလေးတွေက ပြေးဦးကျတာပေါ့။ နိုင်ငံတော်သီချင်းကို တကျောင်းလုံး မညီမချင်း ဆိုရတာ မှတ်မှတ်ရရပါပဲ။ assembly ချိန်မှာဆိုရင် ကျောင်းသားတွေက ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းပြောတယ်။

မြို့အဝင် ရုပ်ထုဖွင့်ပွဲ၊ ဘာဖွင့်ပွဲ၊ ညာဖွင့်ပွဲဆိုရင် ၈တန်း၊၉တန်း ကျောင်းသားတွေ ချီတတ်ရတယ်။ ၁၀တန်းကျောင်းသားတွေက အရေးကြီးတော့ မလိုက်ရဘူး။ မနက်အစောကြီး ကျောင်းကိုလာ၊ ကျောင်းကနေ မြို့ပြင်ကို လမ်းလျှောက်။ ဖွင့်လှစ်ပေးမဲ့ အရာရှိတွေ လာအောင်စောင့်၊ အရာရှိတွေ ဖွင့်လှစ်ပြီး ပြန်သွားတော့မှ ပြန်ရတာ။ နေကပူ၊ လမ်းမှာ ဗိုက်ကဆာ၊ ရေကဆာ၊ ရှုးရှုးပေါက်ချင်၊ အီးအီးပါချင်။ နောင်ဆို ဘာဖွင့်ပွဲမှာ မလုပ်ပါစေနဲ့ ၊ ၁၀တန်းမြန်မြန် ရောက်ပါစေလို့ ဆုတောင်းမိတယ်။ ၁၉၉၇ - ၁၉၉၈ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းနွဲ့လက်ထက်မှာ ဧရာဝတီတိုင်းရဲ့ ဘက်စုံထူးချွှန်ဆု ရတယ်။

ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်က အေးချမ်းသာယာပြီး ရာသီဥတုကလည်း နေလို့တော်တော်ကောင်းတယ်။ အစားအသောက်ကောင်းပြီး ပုသိမ်သူပုသိမ်သားတွေက ဘာသာတရား ကိုင်းရှိုင်းလှတယ်။ ရွှေမော်ဓောဘုရားက ထီးသုံးဆင့် ရှိတယ်။ ရေကြည်၊ရေနောက်ကန်၊ ကန်သုံးဆင့်၊ ဂေါက်ကွင်း၊ ပုသိမ်တက္ကသိုလ်ရှိတယ်။ ချောင်းသာသွားရင် ပုသိမ်မှာ ခရီးတထောက်နားကြတာမို့ စည်ကားလှပါတယ်။ ခခကြီး ထမင်းဆိုင်၊ မြောက်ယာဉ်စွန်းတန်း ရေခဲမုန့်၊ ဗွက်ကြီးတန်းက ကော်ရည်၊ ထောင်ကုန်းနားက ဘိန်းမုန့်၊ ဈေးကြီးထဲက ကောက်ညှင်းအုန်းပြန်ပေါင်း၊ ကျားပျံကိတ်မုန့်၊ ရွှေမြင်းပျံ ဟာလဝါ၊ ပုသိမ်မုန့်ဟင်းခါး၊ ဝက်အူချောင်း၊ ဝါးရုံစာပေ။ ဆောင်းရာသီရောက်ရင် မြို့လယ်လမ်းမ နာရီစင်လမ်းကနေစပြီး တလိုင်းချောင်းနားအထိ ကမ်းနားလမ်းတလျှောက် ပိတ်ပြီး ညဈေးဖွင့်ပါတယ်။ မုန့်အစုံအလင်၊ ဟင်းသီးဟင်းရွက်၊ ပန်းတွေ ရောင်းကြတာ။ ကျူရှင်ကဆင်းရင် သူငယ်ချင်းတွေ ညဈေးမှာ မုန့်စားပြီး လမ်းလျှောက်ရတာ ပျော်စရာကောင်းပါတယ်။

သီတင်းကျွှတ်ဆိုရင် ကန်လမ်းကနေ စပြီး ဗျာဒိတ်ပေးကိုယ်တော်မြတ်စွာဘုရားကြီး ရပ်ကွက်အလိုက် ကြွချီလေ့ရှိတယ်။ မနက်အစောစော ထပြီး အာရုံဆွမ်း ကပ်ကြလေ့ရှိတယ်။ ဗျာဒိတ်ပေးကိုယ်တော်ကြီး ကြွချီပွဲပြီးတာနဲ့ ရှမ်းကုန်သည်ပွဲ။ နှစ်နှစ်တခါ ကျင်းပလေ့ ရှိပါတယ်။ ဗျာဒိတ်ပေးကိုယ်တော်ကြီးက ရှေ့ကကြွ နောက်က နွှားလှည်းယဉ်တွေပေါ်မှာ ချိတ်ထမီဝတ်ပြီး ပုသိမ်ထီးဆောင်းထားတဲ့ လှပျိုဖြူချောတွေ။ အချောဆုံးမိန်းကလေးနှစ်ယောက်က ပထမဆုံးလှည်းယှဉ်မှာ ဘုရင်နဲ့ မိဖုရားအသွင် ဝတ်စားပြီး ထိုင်ရတယ်။ နှစ်စဉ်နှစ်တိုင်း တလိုင်းချောင်းရပ်ကွက်က မမတွေက ဘုရင်နဲ့မိဖုရားလုပ်ရတယ်။ တလိုင်းချောင်းသူတွေက ချောတာကိုး။ နောက်ဆုံးမှ ရာဟုလာလှည်း။ တို့တွေကတော့ လှည်းယဉ်ပေါ်က မမတွေကို ငေးပြီး ဘယ်သူပိုချောတယ်နဲ့ ဝေဖန်ရေး၊ လေကန်ရေး။

နှစ်နှစ်တခါလောက် ရေကြီးရင် ကမ်းနားမှာ ရေဆော့တဲ့ ကလေးတွေနဲ့ စည်ကားနေတာပေါ့။ အရင်တုန်းက ဗိုလ်မြတ်ထွန်းတံတား မဆောက်ခင်ကတော့ ရန်ကုန်ကနေ ပုသိမ်ကို သွားရင် ညောင်တုန်း၊ စက္ကော့ရောက်ရင် ဇက်တွေနဲ့ ကူးရတယ်။ စက္ကော့က ပြောင်းဖူးပြုတ်၊ ငုံးဥပြုတ်၊ ငှက်ပျောခြောက်ကြော်တွေက တော်တော်စားကောင်းပါတယ်။ ဗိုလ်မြတ်ထွန်းတံတားဆောက်ပြီးတော့ အရင်က တနေကုန်သွားရတဲ့ ခရီးက ခုဆိုလေးနာရီပဲ ကြာတော့တယ်။ စက္ကော့မှာတော့ ခရီးတထောက် နားကြဆဲပါ။ စက္ကော့ကနေ ပုသိမ်သွားတဲ့လမ်းနဲ့ ဓနုဖြူ၊ဇလွန်သွားတဲ့လမ်း ခွဲသွားတယ်။

ဆိုင်ကယ်မပေါ်ခင်တုန်းကတော့ စက်ဘီးတဝီဝီပေါ့။ ခုတော့ ဆိုင်ကယ်တဝီဝီ ဖြစ်နေပြီ။ အဝေးသင်တွေ ဖြေချိန်ဆို တက္ကသိုလ်မှာ စည်ကားတာပေါ့။ ဆိုင်ကယ်စီး ပြိုင်ပွဲတွေတောင် ရှိတယ်။ ရန်ပွဲတွေနဲ့ မူးပြီး ဆိုင်ကယ်တွေမှောက်လို့ သေတာတွေရော ကြားရတာ အစုံပါပဲ။

မော်တင်ဘုရားပွဲချိန်ဆို ပုသိမ်ကမ်းနားမှာ မော်တင်ပွဲဆင်းမဲ့ သင်္ဘောတွေနဲ့ မမပုသိမ်သူ သီချင်းတွေ ပျံ့လွှင့်ပြီး စည်းကားနေတတ်ပါတယ်။

"ကျွန်တော့်မမ ပုသိမ်သူ ချောပုံယဉ်ပုံ လှပုံတမူ
......
ခင်မင်စရာလည်း ကောင်းလှသူ
ကျွန်တော့်မမ မမပုသိမ်သူ"

စန်းထွန်း
ဇွန် ၁၉၊ ၂၀၁၁။

No comments: