လူနဲ့‌ ‌ဖေ့ဘုတ်...

(ကြိုက်လွန်:လို့ Thwin Naung Soe's Facebook မှ ကူးယူဖော်ပြလိုက်ပါတယ်။)

တစ်ချို့လူတွေက ဖေ့စ်ဘုတ်ကို ကိုယ်ပိုင်ပြတိုက် လို သဘောထားကြတယ်။ ပုံလေးတွေတင်၊ ကိုယ်ကြိုက်တာလေးတွေရှာတင်၊ သီချင်းလေးတွေတင်၊ ဘယ်သူ like like, မ like like၊ ကိုယ် like တယ်။ ကိုယ်တင်ထားတာလေးပြန်ပြန်ကြည့်နေရတာ အမော။ ဘယ်သူမှ လာ မlike ရင်၊ ကိုယ်ဟာကို ပြန် like ထားတတ်သေးတာ။

တစ်ချို့ကျတော့ ဖေ့စ်ဘုတ်ကို ဧည့်ခန်းကရှိုးကေ့စ် လိုသဘောထားတယ်။ ရှိုးကေ့စ်ဆိုတာ ရှိတာလေးတွေ စီစီရီရီတင်ပြီးကြွားတဲ့နေရာမဟုတ်လား။ ဘွဲ့ယူ၊ မင်္ဂလာဆောင်၊ အိမ်ဝယ်၊ ကားဝယ်၊ ဂါဝန်အသစ်ဝယ်၊ ဘောင်ဘီဖင်ကျပ်ဝယ်၊ ဖိနပ်သစ်ဝယ်၊ ခရစ်ဒက်ကဒ်ရ၊ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်ဖုံ၊ နည်းစုံတယ်နော..။ (ငါ့တော့ သောက်ညင်ကပ်နေကြလောက်ပြီ.. ဟိ..ဟိ..။)

တစ်ချို့ကျပြန်တော့ ဖေ့စ်ဘုတ်ကို အိမ်သာ လိုသဘောထားကြတယ်။ အိမ်သာကို လူတွေက ပြဿနာဖြေရှင်းဖို့ လိုနေချိန်ကြမှသာ အပြေးအလွှားလာကြတာလေ။ ကျန်တဲ့အချိန်ကျတော့ မနေအပ်တဲ့ အရပ်လိုလို ကျဉ်ချင်ကြတာကလား။ ခုလည်း အဲသလိုပါပဲ။ လူပျို၊ အပျိုဘဝမှာတော့ ရည်းစားရှာချင်တော့ နေ့ရော ညရော ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်။ ရည်းစားလည်းရရော ဖေ့စ်ဘုတ်ကိုအဖက်မလုပ်တော့ဘူး။ အဲ… အိမ်ထောင်ပြုလို့ မင်္ဂလာဆောင်ပြန်တော့ ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်ဖြစ်ပြန်ရော..။ မဟုတ်ရင် မင်္ဂလာဆောင်ပုံတွေ တစ်အိမ်တက်ဆင်းလိုက်ပြနေရမှာပေါ့..။ အဲ.. မင်္ဂလာဆောင်ပြီး သွေးအေးသွားပြန်တော့ ဖေ့စ်ဘုတ်ခမျာ ချောင်ထိုးခံရပြန်ရော။ စောင့်ပေတော့ ကလေးရတဲ့အထိ။ အဲ.. ကလေးရပြီဆိုလို့ကတော့ ဖေ့ဘုတ်ပေါ်ပြန်ရောက်လာကြပြန်ပါရောမဟုတ်လား..။ ဖေ့စ်ဘုတ်ဘဝ သင်္ခါရပေါ့လေ။

တစ်ချို့တွေအတွက်တော့ ဖေ့စ်ဘုတ်က ယောက္ခမအိမ် လိုပဲဖြစ်နေပြန်တယ်။ ယောက္ခမများ မတော်မဖြစ်လို့တော်ရပေမယ့် တော်ယုံတော့ ပတ်ပတ်သက်သက်မလုပ်ကြတဲ့သဘောမဟုတ်လား။ အဲလိုပဲပေါ့။ အကောင့်တော့ သူများဖွင့် ကိုယ်ဖွင့် ဖွင့်ကြပြီး၊ တစ်လနေလို့လည်း တစ်ခါအလည်မလာ၊ လာပြန်တော့လည်း ဖင်ပူအောင်မနေကြတဲ့သူတွေပေါ့။ သူတို့အတွက် ဖေ့စ်ဘုတ်က ယောက္ခမအိမ် လေ။

အဲ… တစ်ချို့ကျပြန်တော့လည်း ဖေ့စ်ဘုတ်ကို ဘော့စ်(Boss) လိုသဘောထားကြပြန်ပါသေးတယ်။ ဒီနေ့ ဘယ်သွားတယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘယ်နေရာရောက်နေတယ်ဆိုပြီး မပြတ်တမ်း Report လုပ်ကြတယ်။ တစ်ချို့အတွက်တော့ ဖေ့စ်ဘုတ်က ဆရာဝန်ကြီး ကျလို့။ ဒီနေ့ အီးမပါဖြစ်ဘူး၊ ရှူရှူးတွေဝါတယ်၊ ခေါင်းတွေကိုက်တယ်၊ လည်ချောင်းထဲကပူတယ်၊ ဖင်ခေါင်းထဲကအေးတယ် နဲ့ လာလာပြောကြပြန်ရော။ တစ်ချို့လည်း တီးတိုးဖေါ် အဖြစ်မြင်ပြီး၊ ဒီနေ့ Moody ဖြစ်တယ်၊ ဒင်းတော့လား အစိမ်းလိုက်ကိုဝါးစားချင်တယ်၊ ဒီဘဝ သေတာအေးပါတယ်၊ ပျော်လွန်းလို့ဂျွမ်းတောင်ထိုးနေရတယ် ဆိုတာမျိုးတွေ လာလာပြောကြပြန်ပါရောလား။

တစ်ချို့တွေများကျတော့ ဖေ့စ်ဘုတ်ကို အမှိုက်ပုံကြီး လို ဖွထားတတ်ကြပြန်ရော။ ဘာမှန်းခွဲမရတဲ့ပုံတွေတင်၊ ဝါးတားတားပုံလည်းတင်၊ ခွေးပုံတင်၊ ကြောင်ပုံတင်၊ အရက်ပုလင်းပုံတင်၊ အကောင့်ပိုင်ရှင်က ဘယ်သူလည်းဆိုတာ မှန်းမရလောက်အောင်၊ တစ်ပြုံတစ်မကြီး အုပ်သင်းဖွဲ့တဲ့ပုံတွေချည်းရွေးတင်၊ ဝင်ကြည့်မိပလားဆို မူးနောက်နေအောင်ကို လုပ်ထားတတ်ကြတာကလား။

တစ်ချို့ တစ်ချို့တွေတော့ ဖေ့စ်ဘုတ်ကို Chat Room လုပ်ဖို့သုံးကြပြန်တယ်။ ဓါတ်ပုံတစ်ပုံအောက်မှာ ကွန်မင့်ပေးရင်းနဲ့ စကားလက်ဆုံတွေကျနေတတ်ကြတာမျိုး ကြုံဖူးမှာပေါ့။ ဟေ့ကောင်ကြီး မတွေ့တာကြာပေါ့ တို့။ ဟိုကောင်တွေနဲ့ရောတွေ့သေးလား တို့။ မင်းကတော့အရင်အတိုင်းပဲဟ၊ ခုဘယ်နိုင်ငံရောက်နေတုန်း တို့..၊ အဲဒီကနေစလိုက်ကြတာ ကွန်မင့်တွေအများကြီးဖြစ်ကုန်ရော..။ ဓါတ်ပုံရှင်ခမျာ ကွန်မင့်များလို့ မပျော်နိုင်ပါဘူး၊ မင့်ထားတာတွေက ပုံနဲ့မဆိုင်ဘဲကိုး။ သူတို့ဖာသာ စကားလက်ဆုံလာကျနေကြတာမှုတ်လား။

ဖေ့စ်ဘုတ်ကို ကာစီနိုတစ်ခု လို၊ စီးပွားရေးလုပ်ငန်းစုတစ်ခု လို သဘောထားတတ်တဲ့လူတွေလည်းရှိလေရဲ့။ တက်တက်ပြီး ဂိမ်းကစားကြတာကလွဲလို့ ဘာဆို ဘာမှ မလုပ်ကြဘူးတဲ့လေ။ အဲလိုကျတော့ အက်ပြီးထားတဲ့ သူငယ်ချင်းတွေက သောက်ရူးလား လို့ မေးရတော့မယ်။ (ဟိ..ဟိ.. ဒါက ရန်တိုက်ပေးတာ)။

ဆင်းရဲသား ဖေ့စ်ဘုတ်တန်းစား ဆိုတာလည်းရှိသေးတယ်။ ဆင်းရဲတော့ အကောင့် တစ်ခုကို လင်နှင့်မယား မျှပြီးသုံးကြရရှာတယ်လေ။ တစ်ယောက်တစ်ခုမရှိနိုင်ကြရှာတော့ ဒီလိုပဲ တိုးတိုးကြိတ်ကြိတ်ပေါ့..။

တစ်ချို့ကျတော့ ဖေ့စ်ဘုတ်သူရင်းငှားချ တာလည်းရှိတယ်။ လယ်ပိုင်ရှင်တွေ ကိုယ်တိုင်လယ်မလုပ်ဘူး၊ သူရင်းငှားကို သီးစားပေးပြီး လယ်လုပ်ခိုင်းတာမျိုးပေါ့။ ကိုယ့်အကောင့်ကို ကိုယ်ကမဝင်ဖြစ်ဘူး၊ တစ်ခြားတစ်ယောက်က ဝင်ဝင်ပြီး activities တွေလုပ် လုပ်ပေးရတာမျိုးပေါ့..။ အများအားဖြင့်တော့ ကောင်လေးတွေက ပိုင်ရှင်၊ ကောင်မလေးတွေက သူရင်းငှားလုပ်တတ်ကြတာပေါ့..။

ဘာပဲပြောပြော ကိုယ့်ကိစ္စနဲ့ကိုယ်များနေကြတဲ့ လူမှုနယ်ပယ်ထဲက မိတ်ဆွေတွေနဲ့ Keep in touch ဖြစ်နေဖို့တော့ ဖေ့စ်ဘုတ်က အများကြီး စွမ်းဆောင်ပေးနေတာအမှန်ပါပဲ။

သဟာဖြင့် သြဘာတို့ သူများတွေလုပ်သမျှကို ဘေးထိုင်ပြီး ဘုပြောနေသလားလို့ မေးကြတော့မယ်။ ကျုပ်မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါနော်။ ကျုပ်အတွက်တော့ ဖေ့စ်ဘုတ်က ပြတိုက်တစ်ခု။ အပေါ်မှာပြောခဲ့တာမျိုး ကိုယ်ပိုင်ပြတိုက်တော့ဟုတ်ဘူးဗျ။ အများကြည့်စေချင်လို့ လုပ်ထားတဲ့ပြတိုက်။ ပြတိုက်လေးလူစည်အောင်၊ နုတ်စ်တွေရေးရ၊ ပုံတွေ အော်ဂနိုက်ဇ်ဖြစ်အောင်တင်ရ၊ လူပျိုကြီးပြတိုက်မို့ လူအထင်မသေးအောင် ပြုပြင်နေရတာအမော။ ခုတော့ ဘုရားပေါ်က အလကားဝင်ရတဲ့ ဂေါပကပြတိုက်လောက်တော့ လူစည်ပါတယ်။

ဒါပေသည့် တစ်နေ့တစ်နေ့ ကျုပ်ပြတိုက် လူဘယ်လောက်လာလည်းရေတွက်ရတာ လောဘ။ ဘယ်သူတွေများ ဘယ်လိုမင့်သွားကြလည်း စောင့်ဖတ်ရတာလည်း မောဟ။ မတော်တရော် လာမင့်သွားလို့ မသိမသာ ပြန်တွယ်ရတာက ဒေါသ။ တစ်ခါတစ်ခါတော့တွေးမိသား၊ နိမ္ဗာန်ရောက်ကြောင်းလေးများ မျက်စပြစ်စတင်မယ်ကြံရင် ပထမဆုံးဖြတ်ရမှာ ဖေ့စ်ဘုတ်ပါလားလို့….။ သွပ်..သွပ်...သွပ်...

ခရက်ဒစ် - သြဘာ

ဧပြီ ၂၀၊ ၂၀၁၁။

No comments: