BloodBank@HSA မှာ တနေ့တာ...



"သွေးလှူ၍ အသက် ကယ်ပါ" ဆိုပြီ: ရောက်လာတဲ့ Forward Mail လေးတွေက သွေးလှူချင် စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်ခါမှ သွေးမလှူဘူးလို့ တစ်ခါတော့ လှူဖူးတယ် ရှိအောင် အရမ်းအရမ်းကို လှူချင်မိပါတယ်။ ဒီလိုနဲ့ ထက်သန်တဲ့စေတနာနဲ့ ၁၂ ယောက် ချီတက်သွားတာ ပေါင်ချိန် မပြည်လို့ ၊ သွေးမလှူခင် ၃ရက် အတွင်း ဆေးသောက်ထားလို့ ၊ ဟေမိုဂလိုဘင် ၁၂ အောက် နည်းလို့နဲ့ ၄ယောက်ပဲ လှူခွင့်ရခဲ့တယ်။ လှူခွင့်မကြုံတဲ့ အထဲမှာ စန်းထွန်းလည်း ပါတာပေါ့။ လှူခွင့်မကြုံတဲ့သူတွေက လှူခွင့်ကြုံတဲ့သူတွေကို အားကျတဲ့အကြည့်နဲ့ ကြည့်ရင်း နောက်အကြိမ်ကျရင် လှူခွင့်ရအောင် ကြိုးစားမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။



၂၀၁၁ ဖေဖေါ်ဝါရီ ၁၆ တနင်္ဂနွေနေ့ မနက် ၉ နာရီခွဲမှာ သွေးသွားလှူမယ် သိကတည်းက အမဲသားတွေ၊ ပဲပိစပ်၊ ပဲတွေကိုပဲ စားတော့တာပဲ။ သွေးမလှုခင် ၃ရက် အလိုတည်းက ပြက္ခဒိန်မှာ မှတ်ထားပြီး ဆေးမသောက်မိအောင် သတိထားနေတယ်။ အရင်ကဆို ဗိုက်လေးတင်းတာနဲ့ အစာကြေဆေးပုလင်းကို လက်ကရောက်ပြီးသားပဲ။ သွေးလှူမယ့်နေ့ မတိုင်ခင်ညက စောစော အိပ်ယာဝင်တယ် ။ တော်ကြာ အိပ်ရေးမဝလို့ သွေးအားမပြည့်ရင် လှူခွင့်ရမှာမဟုတ် ။ မနက်တိုင်း သောက်နေတဲ့ ကော်ဖီကို မသောက်ဘဲ Mr.Bean က Soya Milk ကို သောက်ရတယ် ။ ဒါမှ သွေးအားပြည့်မှာလေ။

ဒီတခေါက်တော့ လူအင်အားနည်းတယ် မယဉ်စု၊အဲအဲ နဲ့ စန်းထွန်း ၃ယောက်တည်း။ ပေါင်ချိန်၊သွေးအားတိုင်းတော့လည်း ၁၂ .၅။ အားလုံး အိုကေ။ ဒီတခေါက်တော့ ထူးထူးခြားခြား ၃ယောက်လုံး လှူခွင့် ကြုံတယ်။ ဒီနေ့မှာပဲ မြန်မာဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေကလည်း သွေးလာလှူကြတယ်။ စန်းထွန်းရဲ့ ‌သွေး‌ကြောက သေးလို့ စလုံးမက သွေးမထုတ်ချင်ဘူး မလှူနဲ့ ပြန်ခိုင်းလိုက်တဲ့။ မြန်မာအန်တီကြီးက "သမီး သွေးကြောကြီးလာအောင် ဘောလုံးလေးကို ဖျစ်ပြီးကစားနေ သမီးသွေးကြောက သေးတော့ အပ်ထိုးလိုက်ရင် ပြားပြီး သွေးက နည်းနည်းပဲ စီးတယ် သွေးထုတ်ရတာ ကြာတယ် ခက်လို့ စလုံးမက မလုပ်ချင်ဘူး အန်တီ ကူညီမယ်" တဲ့။ သွေးထုတ်တာ ၅မိနစ်လောက်ပဲ ကြာတယ်။ ၄၅၀ ဂရမ်ရှိတယ့် ကိုယ့်ရဲ့သွေးကို ကြည့်ပြီး ငါ့သွေးနဲ့ သူများ အသက်ကယ်နိုင်ပြီလို့ ပီတိဖြစ်မိတယ် ။ ဒီသွေးတွေကို ၄၂ ရက်အတွင်း သုံးရတယ် သွေးတွေ အများကြီးလိုတယ်ဆိုတဲ့ အန်တီ့စကားကြောင့် နောက်၃လကြာရင် လာလှုဦးမယ်လို့ ။



မယဉ်စုနဲ့အဲအဲ က မုန့်စားတဲ့နေရာမှာ စောင့်နေပြီမို့လို့ သိပ်မနားတော့ဘဲ သူတို့ဆီကိုသွား။ ဓာတ်ပုံတွေ တစ်ယောက်တစ်လှည့်ရိုက် ။ အဲအဲက "အမ ရရဲ့လား သမီး မုန့်သွားပေးရမလားတဲ့" ။ ကိုယ့်ဘာသာ မှာချင်တာနဲ့ ကောင်တာမှာ နို့လို့ပြောပြီး မုန့်ရွေးမလို့ ခေါင်းငုံ့လိုက်တဲ.အချိန်မှာ မိုက်ကနဲဖြစ်ပြီး အိပ်မက်မက်သလို ဖြစ်သွားတယ်။ သတိရတဲ့အချိန်မှာ တစ်ယောက်ယောက်က ပွေ့ဖက်ထားပြီ "မြန်မာနဲ့ တူတယ်။ မြန်မာ ဟုတ်ပါတယ် ။ သွေးလှူတုန်းက စကားပြောတာ တွေ့လိုက်တယ် သတိရပြီလား" ဆိုတယ့်အသံတွေကို ကြားရပေမယ့် မျက်စိက ဖွင့်လို့ မရဘူး။ ထိုင်ခိုင်းကနေ တွန်းလှည်းပေါ် ပြောင်းတင်နေတာကိုလည်းသိပြီး တွန်းလှည်းပေါ်ရောက်မှ မျက်လုံးဖွင့်လို့ ရပြီး ချွေးတွေ ထွက်ပြီး ရေငတ်လာတယ်။ သွေးလှူတဲ့ခုံပေါ် တင်ပေးပြီး ခြေထောက်ကို ထောင်ထားတယ်။ ရေလာတိုက်တယ်။ မြန်မာဆရာဝန်လာပြီး "ဘယ်နားနာလဲတဲ့"။ ဒီတော့မှ ခေါင်းနာနေမှန်း သိတယ်။ မယဉ်စုတို့က အဝေးမှာ ဝုန်းကနဲ အသံကြားလို့ လှည်.ကြည့်တော့မှ စန်းထွန်းမှန်း သိတာ။ ဘာနဲ့ဆောင့်မိမှန်းကို မသိတာ။ CT Scan ရိုက်ရမယ် ဦးနှောက်မှာ သွေးယိုနေရင် မသိနိုင်ဘူး ဆေးရုံ သွားရမယ်တဲ့။ SGH ဝန်ထမ်းက ခေါင်းကိုလာစမ်းပြီး လာမေးပြန်ရော ။ ခေါင်းကို ဆောင့်မိတာကိုတောင် မသိတာ ဘာနဲ့ဆောင့်မိမှန်လည်း မသိဘူး ကောင်တာက လူတွေကို သွားမေး သူတို့ရှေ့မှာ လဲတာ။

အဲဒီအချိန်မှာပဲ အမြဲ ဖုန်းလာခဲတဲ့ဖုန်းက ထမြည်ပါရော။ မိစိမ့် "အမ အခုမှ အိပ်ယာနိုးတာလားတဲ့" ။ ကြည့်ပါဦး သူများကို ကာလနဂါးများ ထင်နေလား မသိ ။ ၁၂ နာရီပဲ ကျော်နေပြီ ။ "ဟဲ့ ငါ အခု သွေးလှူပြီး မူးလဲလို့ ခေါင်းဆောင့်မိတာ ဆေးရုံသွားမလို့ " ဆိုတော့ မိစိမ့်တို့များ သူနဲ့အစေးမကပ်တဲ့ အကိုကို ပစ်ပေးပြီး စန်းထွန်းရဲ့မောင်အချောလေးကို အပိုင်စီး အကိုပေးမောင်ယူထားတဲ့ယောက်မကို စိတ်ပူရှာပုံများ "အိုကေ ဘိုင့် ဘိုင့်" တဲ့။ နောက်တစ်ယောက်က စင်္ကာပူကို ရောက်နေတဲ့ သူငယ်ချင်းအရင်းကြီး အောင်ကြီးက မပြန်ခင် နှုတ်ဆက်တာ။ စင်္ကာပူကိုလာတဲ့ ၁ပတ်အတွင်း အောင်ကြီးခမျာ မနားရဘူး။ ရန်ကုန်မှာ အလုပ်လုပ်ရတာထက် ပိုပင်ပန်းတယ်။ သူ့ကုမ္ဗဏီက ဝယ်ခိုင်းတဲ့ပစ္စည်းတွေ လိုက်ဝယ်နေရတာနဲ့တွေ့တောင် မတွေ့လိုက်ရဘူး။ ဧည့်ဝတ် မကျေလိုက်လို့ ဆိုးဆောရီး ။ Tan Tock Seng မှာ ဆေးရုံတက်နေတဲ့ မလဲ့ကို သွားကြည့်ဖို့ပြင်နေတဲ့ မကြီးကို လှမ်းဖုန်းဆက်ရတယ်။

လူနာတင်ယာဉ်နဲ့ SGH ရဲ့ Immergency & Incident Ward ကို ရောက်သွားပြီ: ECG ၊ X ray ရိုက်။ မနက်ကတည်းက ပဲနို့တစ်ခွက်ပဲ သောက်ထား သွေးလှူပြီးတော့လည်း ဘာမှမစားရသေးခင် မူးလဲလို့ ဗိုက်ကဆာလာ။ သူနာပြုကို အကူအညီတောင်းပြီး ရှေ့မှာစောင့်နေတဲ့ မကြီးဆီက ဘီစကစ်လှမ်းတောင်းရတယ်။ ခေါင်းမူးလား အန်ချင်လား တချိန်လုံး လာမေးနေတယ်။ ခေါင်းမမူး မအန်ချင် အားလုံးမှတ်မိတဲ့အတွက် တိုင်ပင်ပြီး ဆုံးဖြတ်ချက်က CT scan အစား Skull scan ပဲ ရိုက်မယ်တဲ့။ ၈ နာရီ Observation Room မှာ စောင့်ကြည့်မယ်တဲ့။ ပါရာစီတမော လာတိုက်တယ်။ မယဉ်စုနဲ့ အဲအဲတို့သာ မရှိရင် တော်တော်အားငယ်မှာပဲ မကြီးရောက်လာပြီ: အပြင်မှာ စောင့်နေ Observation Room ထဲ ရောက်လာပြီး စန်းထွန်းရဲ့ အားရပါးရ စားသောက်နေတဲ့ပုံကို မြင်တော့မှပဲ စိတ်ချလက်ချ ပြန်သွားကြတော့တယ်။

စန်းထွန်းကတော့ အနာရှိန်ကြောင့် အိပ်လို့ ကောင်းတုန်း။ မကြီးခမျာ ထိုင်စရာ ခုံမရှိလို့ ခုတင်ပေါ်မှာ
ထိုင်ရင် အပေါက်ဆိုးတဲ့ နီငရိုးကုလားမကြီ:က မထိုင်ဖို့ အပြင်မှာ သွားစောင့်ဖို့ ပြောတယ်။ ရှေ့မှာလည်း အိမ်မှာချော်လဲ ခေါင်းဆောင့်မိလို့ စောင့်ကြည့်နေတဲ့  အဖွားကြီးမှာ လေးယောက်တောင် ထိုင်နေတာကို ဘာမှမပြောဘူး။ ဘာမဟုတ်တဲ့ အလုပ်သမားက လာပြောတာ တော်တော်ခံရခက်တယ်။ ဝေနဲ့ကိုဘုန်း လာတော့လည်း မထိုင်ဖို့ ပြောတယ်။ မတ်တပ်ရပ်ပြီး ဘယ်လောက်ကြာကြာ ပြောနိုင်မှာလဲ။ လူမမာဆိုတာ စကားပြောနေမှ သက်သာတာ။ သူ မဖြစ်ဘူးတော့ ကိုယ်ချင်းလည်း မစာဘူး။ Feedback တောင်းတော့ ခုံတွေမရှိတာ အဆင်မပြေဘူးလို့ ပေးခဲ့တယ်။

ညစာလာကျွှေးတော့ လက်တဖက်က သွေးလှူထားလို့ ရောင်ပြီး မြှောက်ရင်နာ နောက်တဖက်က လိုအပ်ရင် ဆေးသွင်းဖို့အပ်သွင်းထားလို့ မကြီးက ခွံ့ကျွှေးရတယ်။ ဘေးက အန်တီက စားနေတုန်း အမောဖောက်လာလို့ မကြီးက ဆရာဝန် ပြေးခေါ် ။ သူက CPP လို့ ရေးထားတယ် ။ စန်းထွန်းနဲ့ ရှေ့က အဖွားကြီးက တူတယ် Nursing တဲ့။ စက်က တီတီ ထအော်တယ် ။ သွေးပေါင်ကျသွားလို့တဲ. ဓာတ်ဆား ၁ပုလင်း လာချိတ်တယ်။ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှတဲ့  နာရီတွေကို ည ၁၀ နာရီ ကျော် မှာ Skull scan အဖြေကို လာပြောပေးတယ့် ဆရာဝန်က အဆုံးသတ်လိုက်တယ်။ ဘာမှ မထိခိုက်လို့ ဆေးရုံက ဆင်းနိုင်ပြီတဲ့။ MC ဘယ်နှစ်ရက်ယူမလဲ မေးတော့ ၁ရက်ဆို ရပြီလို့ ။ မကြီးပြန်လာတော့ ဘာလို့ MC များများမယူတာလဲ၊ ကွန်ပျူတာ၊တီဗီ အကြာကြီး မကြည့်ရဘူးလို့ မှာလိုက်တယ်။ သူလည်း စိတ်ပူတာ အရမ်းပဲ။ ဦးနောက်ထိခိုက်မိရင် မလွယ်ဘူး။ skull scan အဖြေရမှပဲ ရယ်နိုင်တော့တယ်။

အိမ်မှာနေတုန်းက အကောင်း။ ရုံးရောက်တော့ Coding တွေ မြင်တာနဲ့ ခေါင်းကိုက်လာလို့ MC ၃ရက် ထပ်ယူပြီး နားနေရတယ်။ HSA က ပေးလိုက်တဲ့ Iron ဆေးတန်ခိုးကြောင့် ခဏခဏ ဗိုက်ဆာပြီး ခဏခဏ ဝါးတီးနေတယ်။ ရေများများသောက်လို့ ၁နာရီ ၁ကြိမ်လောက် အိမ်သာနဲ့ ဘီးစီးနေတယ်။ ခေါင်းက တည့်တည့်အိပ်ရင် နာလို့ စောင်းအိပ်ရတယ် ။

စန်းထွန်းအဖြစ်ကို ကြားတော့ ရုံးက ဝင်နာတိုတယောက် ရီတာ ရပ်လို့တောင် မရဘူးဆိုဘဲ။ နာယာကလည်: "စန်းထွန်းနော် သွေးတစ်ပုလင်း လှူတယ်နော်။ နှစ်ပုလင်း ပြန်သွင်းရရင်နော် ရယ်မှာနော်။" လို့ ခေါင်းလေး တခါခါ ပြောလာတော့ ရယ်ရခက် ပြုံးရခက်။ ဘကြီးက"ခေါင်းနဲ့ စတီးဘားနဲ့ဆောင့်မိအောင် နင်က ? လား"လို့ ပြောခံရအောင် နောက်တခါ မူးလဲရင် ဘေးပတ်ဝန်းကျင်ကို အရင်ကြည့် ထိခိုက်မယ့် ဆောင့်မယ့် အရာတွေ မရှိမှ မူးလဲပါ။ ၆၀၀ ကျော် ကျတဲ့ဘီလ်ကို HSA က ပေးပါတယ်။ တော်သေးတယ် HSA အပြင်မှာ မူး မလဲလို့ ။ အဲလိုဆိုရင် ဘီလ်ကို ပေးမှာ မဟုတ်။

ဒီလိုအဖြစ်မျိုး မကြုံရအောင် ဘလော့ဖတ်သူ မိတ်သဟာများလည်း သွေးလှူပြီးရင် ခဏလဲပြီး နားနေပါ။ ရေများများ သောက်ပါ။ အစားစားပါ။ ပြီးရင် အိမ်ပြန်နားပါ ‌လျော့ပင်းမထွက်ပါနဲ့။

"သွေးလှူ၍ အသက်ကယ်ပါ" ။ ဒါပေမယ့် စန်းထွန်းလို အဖြစ်မခံပါနဲ့။

စန်းထွန်း
ဇန်နဝါရီ ၂၀၊ ၂၀၁၁။

No comments: